လာမယ့်ဘဏ္ဍာရေးနှစ်မှာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ဘတ်ဂျက် ၅ ဘီလီယံ သုံးမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ဘတ်ဂျက် ၅ ဘီလီယံ လျာထား

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းလျာထားချက်သည် ၂၁ရွာနှင့် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ၄ခု လျာထားကြောင်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၁ခုအတွက် ဘတ်ဂျက်အနေဖြင့် ၅ ဘီလီယံ လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

” ဒီနှစ်ထဲမှာ ဧရာဝတီမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်း ၄ခုဆောင်ရွက်နေပြီး တိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အခု ၂၀ဆောင်ရွက်နေပါတယ်။ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဘဲ ဖြစ်ဖြစ် ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းဘဲ ဖြစ်ဖြစ် မြစ်ရေစပြီး ကျတဲ့အချိန်နဲ့ မြစ်ရေပြန်မတက်ခင်အချိန်ထိ ရေအနည်းဆုံးအချိန်မှာ ဆောင်ရွက်ရတာ အထိရောက်ဆုံးပါဘဲ။ အထူးသဖြင့်တော့ မြစ်ကြမ်းပြင်တွေကို အခြေတည်ပြီးပြုပြင်တဲ့ စနစ်ဆိုတော့ ရေအနည်းဆုံးအချိန်က ပြုပြင်ဖို့ အဆင်ပြေဆုံးပါ။ ” ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှ ၂၀၁၉-၂၀၂၀ ယခုဘဏ္ဍာနှစ်ထိ ၄ နှစ်တာ ကာလအတွင်း ဧရာဝတီမြစ်၊ ဒုဌဝတီမြစ်နှင့်အခြား မြစ်ချောင်းများတွင် ကမ်းပြိုကာကွယ်ရေးအတွက် လုပ်ငန်းပေါင်း ၈၂ခု ဆောင်ရွက်ခဲ့ကြောင်းနှင့် နည်းပညာအနေဖြင့် ခေတ်နှင့် လျော်ညီစေရန် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာသော နည်းပညာများကို ပြောင်းလဲအသုံးပြုလျက်ရှိရာ မျှော၊ဝါးနှင့် ထရံ စနစ်များမှ Steel Basket၊ Boredpileများ၊ ယခုတွင် နောက်ဆုံး နည်းပညာအနေဖြင့် Concretre Geogo – formerများ အသုံးပြုလာကြောင်း သိရသည်။

” ငယ်ငယ်ကတည်းက ဖြစ်သင့်တဲ့ ကမ်းထိန်းနံရံကြီးပါ။ အခုကမ်းပါးဆောက်နေတဲ့ နေရာက အရင်ကဆို ရွာလယ်လမ်းမကြီးပါ။ ရွာလယ်လမ်းမကြီးရဲ့တောင်ဘက်မှာဆို ပေ၂၀၀ကျော်လောက် မြစ်ရေတိုက်စားကြောင့် အကုန်ပဲ့သွားတယ်။ အခုလို ကမ်းထိန်းနံရံကြီးတည်ဆောက်ပေးတဲ့အတွက် ကျွန်တော်တို့ကျေးရွာကဆိုရင် ကမ္ဘာတည်သရွေ့ ကမ္ဘဲ့တည်သွားပြီပေါ့။ ” ဟု အမရပူရမြို့နယ် ကမ္ဘဲ့ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးအနေဖြင့် ဧရာဝတီမြစ်အတွင်း သပိတ်ကျင်းမြို့နယ်မှ ညောင်ဦးမြို့နယ်အထိ လည်းကောင်း၊ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအနေဖြင့် ဧရာဝတီရေလမ်းကောင်းမွန်ရေးလုပ်ငန်းတွင် ရွှေကူမြို့နှင့် ကသာမြို့ကြားမှ ညောင်ဦးမြို့အောက်ဘက် ချောက်မြို့အနီးရှိ စဉ့်ကူးချောင်းအထိ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •