“လိုအပ်၍ ဆောင်ရွက်ရတာပါ” (ဒေါက်တာဇော်မြ​င့်မောင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“လိုအပ်၍ ဆောင်ရွက်ရတာပါ”

မန္တလေးမှာ ဒီဇင်ဘာ ၂ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ၆၃၁၆ ဦးရှိပါတယ်။
စစ်ဆေးသူ ဦးရေပေါင်းက ၁၀၆,၇၇၈ ဦးဖြစ်ပါတယ်။
ဒါကြောင့် ပိုးတွေ့လူနာပေါင်း ရာခိုင်နှုန်း ၅ဒသမ၉၂ ရာခိုင် နှုန်းရှိပါတယ်။
လောလောဆယ် ဆေးရုံတက်ကုသဆဲ ၂၃၃၆ ဦးရှိပြီး ဆေးရုံဆင်းသွားသူပေါင်း ၃၉၁၆ ဦး ဖြစ်ပါတယ်။

ပျောက်ကင်းသူ ရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်းရှိပါတယ်။သေဆုံးသူ ၆၄ ဦးရှိတဲ့အတွက် သေဆုံးမှု ရာခိုင်နှုန်း ၁ ဒသမ ၀၁ ရာခိုင်နှုန်းရှိပါတယ်။

ဒီလိုအခြေအနေအနေမှာတင်းတင်းကြပ်ကြပ် စိစစ်ဆောင်ရွက်ဖို့ လိုမယ်လို့ တိုင်းဒေသကြီး အစိုးရကဆုံးဖြတ်တဲ့အတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ဒီဇင်ဘာ ၅ရက်နေ့က ၁၈ရက်နေ့အထိ Stay at home ကို မန္တလေးခရိုင်အတွင်းမှာ ပီပီပြင်ပြင် ဆောင်ရွက်ရန် ညွှန်ကြားရခြင်းဖြစ်ပါတယ်။

ဆောင်ရွက်သင့်တဲ့အချိန် ဖြစ်လို့ တင်းကြပ်စွာအကောင်အထည်ဖော်တာတွေကို နားလည်ပေးဖို့ လိုအပ် သလိုကူညီဖို့လည်း မေတ္တာရပ်ခံပါတယ်။

ဘာလို့ မန္တလေးခရိုင်အတွင်းပဲ လုပ်ရတာလဲဆိုတော့ ပိုးတွေ့သူတွေက မန္တလေးခရိုင်ရှိ မြို့နယ်များက အများဆုံးဖြစ်နေပါတယ်။
လူဦးရေကလည်း ထူထပ်၊ကျုးတွေကလည်းရှိ၊ပြောင်းရွှေ့အလုပ်သ မားတွေလည်းရှိတော့ ရန်ကုန်လိုဖြစ်လာမှာလည်း စိုးရိမ်မိတယ်။

ကျန် ၂၁ မြို့နယ်က ပိုးတွေ့ လူနာက မများသလို၊ လူဦးရေထူထပ်မှုသိပ်မရှိတော့ မန္တလေးခရိုင်ကိုပစ်မှတ်ထားပြီး Stay at home ကို တင်းကြပ်စွာ ဆောင်ရွက်လိုက်ခြင်းဖြစ်ပါတယ်။

“ကြိုတင်ဆွေးနွေးမှုများလုပ်ပါတယ်”

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးတွေအားလုံးကိုခေါ်ပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှု တွေလုပ်ပါတယ်၊ သူတို့ကလည်း Stay at home ၃မြို့နယ် စလုပ်စဉ်က တင်းတင်းကြပ်ကြပ် လုပ်ခဲ့တဲ့ အတွေ့အကြုံရှိတော့ ဘယ်လိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာ ဆွေးနွေးခိုင်းပါတယ်။
Stay at home ရဲ့အနှစ်သာရက အကြောင်းမရှိဘဲ အပြင်မထွက်ကြဖို့ပါ၊ လူစုလူဝေးမလုပ်ကြဖို့ပါ၊ မလွဲမရှောင်သာပဲ ထွက်ရရင် mask ၊ face shield အစရှိသဖြင့် ပါရပါမယ်၊ တစ်ဦးနဲ့တစ်ဦး ၆ပေခွာနေရပါတယ်၊တတ်နိုင်သမျှမျက်နှာ ချင်းဆိုင်စကားမပြောကြဖို့ကအစ ပါပါတယ်။
ဈေးတွေ စည်းကမ်းရှိဖို့၊ ဈေးသည်ရော ဈေးဝယ် ပါ mask ၊ face shield ပါရပါမယ်။အချိန်နဲ့ဖွင့် အချိန်နဲ့ပိတ်ရပါမယ်၊ စည်းကမ်းမလိုက်နာရင်အရေးယူဖို့ပါ သတ်မှတ်ခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးတွေဘက်က ဆွေးနွေးတာက အပြင်ထွက်ခွင့်ကတ်တွေ ထုတ်ပေးမယ်၊ (ဒီကတ်တွေက ရွေးကောက်ပွဲတုန်းကလည်း အတွေ့အကြုံရှိပြီးသားပါ)၊ ကတ်မပါရင် အရေးယူမယ်၊ စည်းကမ်းမလိုက်နာရင် အရေးယူမယ်ပေါ့၊ ဒါကြောင့် ကတ်ထုတ်ပေးရင်ပိုက်ဆံမတောင်းရဘူးဆိုပြီး ညွှန်ကြားလိုက်သေးတယ်။

ဒါတောင် အချို့ကငွေတောင်းလို့ အခု စစ်ဆေးနေပါတယ်၊ အရေးယူမှာပါ၊ ပြည်သူလူထုဘက်ကလည်း အရေးမကြီးဘဲ အပြင်မထွက်ခြင်းဖြင့် ကူညီကြဖို့ပါ။

“မန္တလေးကိုကယ်တင်ဖို့ရာ မန္တလေးသားတွေပဲလုပ်နိုင်တာပါ”

ဘယ်သူမှ မလုပ်နိုင်ပါဘူး၊ ဒီရောဂါရဲ့ ကြောက်စရာကောင်းပုံ က ကိုယ်တစ်ယောက်တည်းကိုပဲ ဖြစ်တာမဟုတ်ပါ၊ ကိုယ်နဲ့ ထိစပ်သူအားလုံး ဘယ်လိုအချိန်ဘယ်လို လုပ်ကူးသွားမှန်းတောင် မသိလိုက်ရဘဲ ကူးသွားတာပါ။

“ကိုယ့်ကြောင့် သူများဒုက္ခရောက်နိုင်တာကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းက သူများကိုပါ ကာကွယ်တာဖြစ်တာမို့ မန္တလေးသူ မန္တလေးသားတွေ ကိုယ့်ဖာသာကိုယ် ကာကွယ်ကြရအောင်ပါ”

၅ ဒသမ ၉၂ ရာခိုင်နှုန်း ပိုးတွေ့တာမို့ မပေါ့ဆဘဲ ကြပ်ကြပ်မတ်မတ် လုပ်ချိန်ရောက်နေပါပြီ၊ အခု လည်း စစ်ဆေးတာက ၂၀၀၀ လောက်ရှိတာမို့ ပိုးတွေ့တာက များနေဦးမှာပါ၊ ဒါပေမယ့် ဒါက ကြောက် စရာမလိုပါဘူး၊ ပိုပြီး ဂရုတစ်စိုက်ကာကွယ်နိုင်မှာပါ၊ အထူးသဖြင့် ရောဂါလက္ခဏာပေါ်လာမှ မန္တလေး ဆေးရုံကြီးမှာ လာပြတာပိုများလာပါတယ်၊ ဒါကတော့ အရေးလည်းကြီးပါတယ်၊ ဘာကိုပြနေသလဲဆိုရင် လူထုအတွင်းမှာ ကူးစက်မှုတွေရှိနေတယ်ဆိုတဲ့လက္ခဏာပါ၊ဒါကို ကျွန်တော်တို့အလေးထားဆောင်ရွက်နေပါတယ်၊ ဆေးရုံကြီးလာပြတဲ့လူတွေကိုစစ်လိုက်ရင် ၁၀ယောက်မှာ ၅ယောက် ၆ယောက်က ပိုးတွေ့ နေပါတယ်။

ဒါကြောင့် လက္ခဏာ(အနံမရတာ၊ အသက်ရှူမဝတာ) ပေါ်ရင် ဆေးရုံကြီးပြရပါမယ်၊ ပြပြီး test kit စစ်လို့ ပိုးတွေ့ရင် ဆေးရုံတင် ဆက်လုပ်ရမှာပါ၊ ထောင့်ပေါင်းစုံကနေ သက်ဆိုင်ရာဆရာဝန်ကြီးများ အကူ အညီနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

“လက်ရှိအခြေအနေ”

ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေ ထားတဲ့နေရာကိုလည်း လုံလောက်အောင်ပြင်ထားပါတယ်၊ လိုအပ် ရင်လည်း တိုးချဲ့မှာပါ၊ လောလောဆယ် မန္တလေးခရိုင်အတွက် နေရာ ၁၅ ခု ပြင်ထားပါတယ်၊ စုစုပေါင်း လူဦးရေ ၄၀၀၀ လောက် ထားရှိနိုင်ပါတယ်၊ မနက်စာ၊ နေ့လည်စာ၊ ညစာ သုံးနပ်ကျွေးပါတယ်၊ တစ်ဦးကို ၃၀၀၀ ကျပ်နှုန်းနဲ့ အစိုးရက စောင့်ရှောက်ပေးပါတယ်၊ အလှူရှင်များက လည်းလှူပါတယ်။

ဆေးရုံကလည်း ၁၇ခု ပြင်ဆင်ထားပြီး ကုတင်အရေအတွက် ၃၀၀၀ ပြင်ထားပေးနိုင်ပါတယ်၊ လောလောဆယ် လူနာ ၂၀၀၀ လောက် ဆေးရုံတင်ကုသပေးနေပါတယ်၊ ဆေးရုံမှာ ကျွေးမွေးတာက တော့ ပြည်ထောင်စုအစိုးရနဲ့ အလှူရှင်များက တာဝန်ယူ ကျွေးမွေးနေကြတာပါ၊ လိုအပ်တဲ့ စောင်၊ ခေါင်း အုံး၊ ခြင်ထောင်၊ မွေ့ရာ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း အလှူရှင်နဲ့ အစိုးရက ထောက်ပံ့ကြတာပါ၊ တစ်ယောက်တစ်လက် ဝိုင်းဝန်းပံ့ပိုးနေကြတာဟာ အားရကျေးဇူးတင်လျက်ရှိရပါတယ်၊ ဒီလောက် ပြင်ဆင်ပေးနေကြတဲ့ အထဲမှာတောင် လိုအပ်လျက်ရှိနေမှာကို ပူပန်နေရတုန်းပါ။
နေပြည်တော်က ကျွမ်းကျင်သူများရဲ့ အကြံဉာဏ်ကတော့ အနံ့မရသူများကို သီးသန့်ထားဖို့ နေရာများပြင်ဆင်ပါ၊ ဆေးရုံများအတွက် ကြိုတင်စဉ်းစားထားပါ၊

Stay at homeကိုပီပြင်အောင်အကောင်အထည်ဖော်ဖို့ အကြံ ဉာဏ်ပေးပါတယ်။ကျွန်တော်တို့ ဒါတွေအားလုံး လုပ်ထားပြီး၊ လုပ်ထား ဆဲပါ၊

စိတ်ပူတာက…
“အိတ်ပေါက်နဲ့ ဖားကောက်မိမှာကိုပါ”
ကျွန်တော်တို့ဘယ်လောက်ပြင်ပြင်ကာယကံရှင် ပြည်သူလူထုကလည်း ဝိုင်းဝန်းလက်တွဲကြဖို့လိုပါတယ်။

ပြီးခဲ့တာတွေအတွက်ကုက္ကုစ္စ မပွားတော့ပါဘူး၊ နောင်မှာအကောင်းဆုံးလိုက်နာဖို့ပဲ လိုပါတယ်။
မိမိ နဲ့ မိမိမိသားစု ၊ မိမိ နဲ့ မိမိမိတ်ဆွေပတ်ဝန်းကျင်၊ မိမိ နဲ့ အလုပ်ပတ်ဝန်းကျင်ကသူတွေ အတွက် နှစ်ပတ်လောက် အိမ်တွင်းအောင်းစေချင်ပါတယ်။

မန္တလေး….ကျွန်တော်တို့ ရွှေမန္တလေး အတွက် Stay at home နေပေးခြင်းအားဖြင့် Covid ကို 2020 မှာ မောင်းထုတ်လိုက်ကြပါစို့ ခင်ဗျာ….။

ကျေးဇူးတင်တာလေးကိုလည်း ဒီ Post ကနေရေးလိုက်ချင်ပါတယ်၊ အလှူရှင်အားလုံး၊ Volunteer အားလုံး၊ တာဝန်ရှိသူအားလုံး၊ ကျေးဇူးတင်ထိုက်သူအားလုံး ကျွန်တော်တို့အစိုးရက ကျေးဇူးတင် ကြောင်း ပြောပါရစေ၊ နောက်ဆုံးဆိုပေမယ့် အနည်းဆုံးမဟုတ်တဲ့ ကျေးဇူးတင်ရမည့်သူများကတော့ အဖြူရောင်စစ်သည်တော် ကျန်းမာရေးဝန်ထမ်းများဆိုတာပါပဲ။

ဒေါက်တာဇော်မြင့်မောင်
၅.၁၂.၂၀၂၀

Photo by Hgy Kyawwinn


Spread the love
  •  
  •  
  •  
  •  
  •  
  •