လုံခြုံရေး ကောင်စီ အရေးပေါ် အစည်း အဝေး ဗုဒ္ဓဟူးနေ့ ပြုလုပ်ရန်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လုံခြုံရေး ကောင်စီ အရေးပေါ် အစည်း
အဝေး ဗုဒ္ဓဟူးနေ့ ပြုလုပ်ရန်ရှိ
••••••••••••••••••••••••••••••

လက်ရှိ နိုင်ငံအတွင်း အာဏာသိမ်းအဖွဲ့က
နေ့စဉ် နှင့် အမျှ လူအမြောက်အမြားကို
သတ်ဖြတ်ကာ အာဏာကို မရမက ဖက်
တွယ်ထားနေရာမှ ယမန်နေ့ညက လက်နက်ကြီးများ ကို အသုံးပြုကာ တောင်ဒဂုံ မြို့နယ် အတွင်း လူထုအား ပြစ်ခတ် ချေမှုန်းသည်အထိ အခြေအနေများက ဆိုးဝါး လာနေပြီ ဖြစ်သဖြင့် ဗြိတိန်မှ ကမကထ ပြုပြီး လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အဆိုပါ တံခါးပိတ် အစည်းအဝေးအား မြန်မာ အချိန် ဗုဒ္ဓဟူးနေ့ ညပိုင်း တွင် နယူးယောက် ၌ ပြုလုပ်ရန် ရှိနေသည်ဟု သတင်းများက ဆိုသည်။

ယခု အကြိမ် အစည်းအဝေးသည် ယခင်ကထက် ပြင်းထန်သော ကြေညာချက် သို့မဟုတ် ဆုံးဖြတ်ချက် များ ချမှတ်ရန် ရှိနိုင်သည်ဟု မျှော်လင့်ရပေသည်။

ဗြိတိန်မှ ၎င်း၏ နိုင်ငံသားများကို အချိန်
မဆိုင်းပဲ အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်း
ကြောင်း ကြေညာချက်ကို ထုတ်ပြန်လိုက်
သည်။

လက်ရှိ အချိန်အထိ နိုင်ငံတကာ မှ အကြီးအကျယ် ဝေဖန် ရှုတ်ချနေမှူများသည် အာဏာကို ဆုပ်ကိုင်ထားနိုင်ရေး သာ အဓိက ထားနေသော အာဏာသိမ်း အဖွဲ့ကိုမည်သို့မျှ ယိမ်းယိုင်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

ပြည်သူလူထု အပေါ် ကာကွယ်ရန် တာဝန်
ယူထားသော နိုင်ငံ၏ စစ်တပ်သည် လူထု
ကို မရပ်မနား သတ်ဖြတ်လာနေမှုများ
ကြောင့် ရုရှား နှင့် တရုတ်၏ ရပ်တည်ချက်သည်လည်း ပြောင်းလဲလာပြီ ဖြစ်သည်။

တရုတ်သည် မြန်မာ၊ အီရန်၊ ရုရှားတို့ကဲ့သို့
သော နိုင်ငံများ နှင့် ဆက်ဆံရေး ခိုင်မာ
အောင် လုပ်လာမည်ဆိုက ဥရောပ ရှိ ၎င်း
တို့အတွက် လွန်စွာ အရေးပါသော နိုင်ငံ
ကြီးများ သာမက အာရပ်နိုင်ငံများ နှင့်ပါကုန်သွယ်မှု ထိခိုက်လာတော့မည့် အရေး ကြုံလာရနိုင်သည်ကို ရိပ်စားမိနေသည်။

နောက်တချက်သည်ကား ပြည်တွင်းစစ်ကြီး ဖြစ်လာမည်ဆိုက တရုတ်၏ အကျိုး
စီးပွား ပိုင်ဆိုင်မှုများ ကုန်းကောက်စရာပင်
ကျန်တော့မည် မဟုတ် ဆိုသည်မှာလည်း
ကြိမ်းသေလှပေသည်။

ရုရှားသည်လည်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး ၁၂ ယောက်ထဲတွင် သတ္တမမြောက် အဆင့်ရှိသူ ကို မြန်မာသို့ စေလွှတ်ခဲ့မှုကြောင့် နိုင်ငံတကာ၏ အပြင်းအထန် ဝေဖန်မှုများကို ကာကွယ်သည့် အနေဖြင့် မိမိတို့သည် မြန်မာ နှင့် ကာလကြာမြင့်စွာ အပြုသဘော ဆောင်သည့် ဆက်ဆံရေး ရှိ
ခဲ့သော်လည်း လက်ရှိ ဖြစ်နေသည့် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများ ကို သဘောတူနေသည်ဟု မယူဆစေလိုကြောင်း၊ မိမိတို့ စိုးရိမ်မကင်း ဖြစ်နေရကြောင်း ကရင်မလင် ၏ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ က ပြောကြားသွားခဲ့သည်။

မင်းအောင်လှိုင်သည် ရုရှား ဒုကာကွယ်ရေး
ဝန်ကြီး ဆိုသူအား လေးဂွများ၊ ဂျင်ကလိ
များ ထုတ်ပြကာ ၎င်း၏ လူပေါင်း ၄၀၀
ကျော် သတ်ဖြတ်ခဲ့မှု အား ကာကွယ်ပြော
နေပုံသည် ဆိုရှယ်မီဒီယာများ ပေါ်တွင်
ဟာသ တခု သဖွယ် ဖြစ်သွားခဲ့ရသည်။

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်ကလည်း
“ခြောက်ခြားစရာ ကောင်းလောက်အောင်
အတော် ကို တရားလွန် လုပ်နေခြင်း” ဟု သတင်းထောက်များကို ဒီလာဝဲယား မြို့တွင်ထုတ်ဖေါ်ပြောဆိုသွားခဲ့ပြီးနောက် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ မြန်မာနှင့် ၂၀၁၃ ခုနှစ်က အတည်ပြုခဲ့သော ကုန်သွယ်ရေး သဘောတူညီချက်အား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သည်။

အမေရိကန် နှင့် မဟာမိတ်များကလည်း
၎င်းတို့ ဖက်က အလွန်အကျွံ မဖြစ်စေရန်
သံတမန်ရေး နည်းလမ်းဖြင့် အတတ်နိုင်ဆုံး အရင် လုပ်ကြည့်ရင်း သူ့အလိုလို ချုပ်ငြိမ်းသွားလိမ့်မည် ယူဆပြီး စောင့်ကြည့် နေခြင်း ဖြစ်ပုံ ရှိသည်။

ကုလ အထူးကိုယ်စားလှယ် ဖြစ်သူ တွမ်
အင်ဒရူးက အာဏာသိမ်း အဖွဲ့သည် လူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်
နေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ရန်ကုန် ရှိ ကုလ ရုံးအသီးသီးက သေဆုံးသွား
သူများ အတွက် ဝမ်းနည်းခြင်း အထိမ်း
အမှတ်အဖြစ် အလံ တိုင်ဝက် လွှင့်ထူခဲ့ကြ
သည်။

အီးယူ၏ ထိတ်တန်း နိုင်ငံခြားရေး တာဝန်ခံ ဂျိုးစက် ဘောရဲလ်က မင်းအောင်လှိုင် အား အဆင်ခြင်မဲ့စွာ သွားနေသော လမ်းမှ နောက်ပြန်ဆုတ်ရန်ပင် ပြောဆိုလာခဲ့ရသည့်အထိ ဖြစ်လာခဲ့သည်။

နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ အထူး အကြံပေးကောင်စီမှ စစ်တပ်အား “အကြမ်းဖက် အုပ်စု” အဖြစ် ခေါ်ဝေါ် သုံးစွဲလိုက်ပြီး “ဖြတ်သုံးဖြတ်” ဖြင့် အရေးယူသွားရန် အကြံပေးလာသည်။ ပထမ နိုင်ငံတကာ တရားရုံးများ တွင် တရားစွဲရန်၊ ဒုတိယ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်မှု ဖြင့် လက်နက်ဝယ်ယူမှု အား ပိတ်ဆို့ရန် နှင့် တတိယ အဖြစ် ငွေကြေး စီးဝင်ခြင်း မရှိအောင် ပိတ်ဆို့ရန် တို့ ဖြစ်သည်ဟုဆိုသည်။

နိုင်ငံအတွင်း လူထု ဆန့်ကျင် အုံကြွမှုကြီးက ဆက်လက် ဖြစ်ပေါ်နေပြီး စစ်အာဏာသိမ်း တပ်များက ရန်ကုန်တွင် အလစ် ဝင်ရောက်ပြစ်ခတ်ခြင်း၊ အဝေးပြေး လူစီးကား ကို ပြစ်ခတ်ခြင်း အစရှိသည့် လူမဆန်သော လုပ်ရပ်များကို တိုး၍
ကျူးလွန်နေဆဲပင် ဖြစ်သည်။

စစ် အာဏာသိမ်း အဖွဲ့သည် လူထုကို သတ်
ဖြတ်နေခြင်းဖြင့် မိမိတို့ ကျဆုံးခန်း ရုပ်ထုကြီးကို မရပ်မနား ထုဆစ်ကာ ပုံဖေါ်လျက်
ရှိရာ မကြာမီ မှာပင် ဆုံးခန်းတိုင်တော့မည်
ဖြစ်သည်။

ဤသည်ကို ရိပ်စားမိလာသောအာဏာသိမ်း အဖွဲ့၏ ထိတ်တန်း ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် မင်းအောင်လှိုင် နှင့် စိုးဝင်းသည် ဇနီးများကို ခေါ်ကာ အထက် မြန်မာပြည်ရှိ ဘုရားများသို့
သွားကာ ယတြာချေ နေကြသည်ဆိုသော
သတင်းဓါတ်ပုံများလည်း ဆိုရှယ်မီဒီယာ
များတွင် ပျံ့နှံ့သွားခဲ့သည်။

ယင်းသည် မတ်လ ၂၉ ရက်နေ့မှစ၍ ၎င်းတို့ ကျဆုံးချိန် စတော့မည်ဟု ထွက်ပေါ်
လာသော ဗေဒင် ကိန်းခန်းများကို ယုံကြည်
၍ ဖြစ်ပုံရကြောင်း လေ့လာသူများက
သုံးသပ်လျက် ရှိနေသည်။

ထို့သို့စိုးရိမ်ပူပန်လာသဖြင့်လည်း တောင်ဒဂုံတွင် ပခုံးထမ်း လောင်ချာ ဗုံးများ သုံးလာသည့်အထိ လူကြားမကောင်းအောင် ရက်စက်စွာ ဖြိုခွင်းလာခြင်း ပင် ဖြစ်ပေမည်။

ရန်ကုန်နေ ပြည်သူများ အဖို့က လည်း သံပုံးတီးပေးခြင်း၊ ဘေးကင်းရန် ဆုတောင်း မေတ္တာ ပို့ပေခြင်းမျိုး သာ တတ်နိုင် ပေတော့သည်။
(ပုံတွင် တောင်ဒဂုံ မြင်ကွင်း တစိတ်တဒေသကို တွေ့နိုင်သည်)

၎င်းတို့ ရက်စက်လေ နိဂုံးချုပ်ဖို့ နီးလာလေပင် ဖြစ်သည်။

မင်းအောင်လှိုင်သည် ယခုအခါ ချောက်ကမ်းပါးတွင် ရပ်နေရင်း လက်တဖက်က သေနတ်ကိုင်၍ တဖက်က အော်လံကို ကိုင်ကာ တပ်မတော်၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ လူ့ဘောင်သစ်
ကြီးဆီသို့ ချီတက်နေပါသည်ဟု သူရူး
တယောက်လား အော်ဟစ်နေသကဲ့သို့ ဖြစ်
လာနေပေပြီ။

လူထု၏ စိတ်ဓါတ်ကား မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးနိုင်ရေး တည်းဟူသော ခံယူချက်
ဖြင့် စစ်အာဏာရှင်စနစ်အား လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓါတ်ဖြင့် အဆုံးသတ် တိုက်ပွဲ ကို ဆင်နွဲသွားမည်သာ ဖြစ်သည်ကို မြေပြင် အခြေအနေများက ခိုင်မာစွာ ညွန်းဆို လျက် ရှိနေ‌ ပေသည်။

အရေးတော်ပုံ အောင်ရမည်✓✓✓


Spread the love
  •  
  •  
  •  
  •  
  •  
  •