လုံခြုံရေး အားနည်းသဖြင့် မဲမပေးနိုင်သည့် မြို့နယ် ၃၉ ခု တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လုံခြုံရေး အားနည်းသဖြင့် မဲမပေးနိုင်သည့် မြို့နယ် ၃၉ ခု တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့

၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တပ်မတော်ထံမှ သဘောထား ‌တောင်းခံ ခဲ့ရာတွင် လုံခြုံရေး အားနည်းမှုကြောင့် မဲမပေးနိုင်သည့် မြို့နယ် ၃၉ ခု တင်ပြခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ချေ မရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်သည့် မြို့နယ်များ စာရင်းကို အောက်တိုဘာ ၁၆ ရက်က ကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ ၆ မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ ၉ မြို့နယ် ပါဝင်ခဲ့သည်။

သို့သော် တကယ်တမ်း တပ်မတော်က တင်ပြခဲ့သည့် စာရင်းတွင် လုံခြုံရေး အားနည်းသဖြင့် မဲမပေးနိုင်ဟု တင်ပြခဲ့သည့် မြို့နယ် စုစုပေါင်း ၃၉ မြို့နယ် အထိ ရှိခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ (အောက်တိုဘာ ၂၄) တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ ကတော့ လုံခြုံစွာ မဲပေးနိုင်ရေး သုံးသပ်ရာမှာ အဆင့် ၃ ဆင့်နဲ့ သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။ လုံခြုံရေး အမြင်အရပဲ ပြောတာ ဖြစ်ပါတယ်။ အဆင့် ၃ ဆင့်မှာတော့ နံပါတ် ၁ လုံခြုံစွာ မဲပေးနိုင်တဲ့ နယ်မြေ၊ နံပါတ် ၂ လုံခြုံရေး စီမံချက်နဲ့ တည်ငြိမ်စွာ မဲပေးနိုင်တဲ့ နယ်မြေနဲ့ နံပါတ် ၃ လုံခြုံရေး အားနည်းသဖြင့် မဲမပေးနိုင်တဲ့ နယ်မြေတွေပဲ ဖြစ်ပါတယ်”

“ကျွန်တော်တို့က လုံခြုံ‌ရေးဆိုင်ရာနဲ့ အာမခံပြီးမှ အဲဒီနယ်မြေမှာ တစ်ခုခု ဖြစ်လာခဲ့ရင် တပ်မတော်သည် ပိုပြီးတော့ လက်ညှိုးထိုး ခံရမှာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြခဲ့တာဖြစ်ကြောင်း ပြောလိုပါတယ်”

“တပ်မတော်အနေနဲ့က ရှင်းရှင်းလေးပါပဲ။ လုံခြုံရေး ရှိတဲ့နေရာ ရှိတယ်ပြောမယ်။ မရှိတဲ့နေရာ မရှိဘူး ပြောမယ်။ စာရင်းဇယား အနေနဲ့ကြည့်ရင် မြန်မာနိုင်ငံမှာ ၃၃၀ မြို့နယ် ရှိတယ်။ မဲဆန္ဒနယ် ၃၃၀ ရှိတယ်။ တပ်မတော် အနေနဲ့ လုံခြုံစွာ မဲပေးနိုင်တယ်လို့ အာမခံတာ ၂၇၁ နယ် ဖြစ်ပါတယ်။ လုံခြုံရေး စီမံချက် လုပ်ပြီးမှ မဲပေးနိုင်တဲ့ နယ်မြေ ၂၀ ရှိတယ်လို့ တင်ပြခဲ့ပါတယ်။ လုံခြုံရေး အားနည်းတယ်လို့ တင်ပြခဲ့တဲ့ နယ်မြေ ၃၉ နယ်မြေ ရှိပါတယ်”

ဆက်လက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက လတ်တလော တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိသော်လည်း အခြား အချက်များကြောင့် ပြည်သူလူထု လုံခြုံစွာ၊ လွတ်လပ်စွာ မဲပေးနိုင်ချေ မရှိသည့် နေရာများ အကြောင်းလည်း ပြောပြခဲ့သည်။

“တပ်မတော်ရဲ့ တာဝန်ကတော့ လုံခြုံရေးနဲ့ ကာကွယ်ရေး ရှုထောင့်အရ တင်ပြရတာပဲ ဖြစ်တယ်။ အဓိက ကတော့ ပြည်သူလူထု လုံခြုံစွာ၊ လွတ်လပ်စွာ မဲပေးနိုင်ရေး ဖြစ်ပါတယ်။ တစ်ခု ပြောချင်တာက ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိဘူး ဆိုတာနဲ့ လုံခြုံစွာ လွတ်လပ်စွာ မဲပေးနိုင်ရေး ဆိုတာလည်း မဖြစ်နိုင်သေး ပါဘူး။ အဲဒီထဲမှာ ကျွန်တော်တို့ မသိတဲ့ ဟာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်တို့ တိုက်ပွဲ မဖြစ်ပွား ပေမယ့် လက်နက်ကိုင်တွေ ဝင်‌ရောက်နေတဲ့ နေရာတွေ ရှိတယ်။ ခြိမ်းခြောက်မှု ရှိတဲ့ နေရာတွေ ရှိတယ်။ သတ်မှတ်နယ်မြေတွေကို ကျော်လွန် ဝင်ရောက်နေတာတွေ ရှိတယ်။ အောက်ခြေမှာ တကယ်ဖြစ်ပျက် နေတဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်”

ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ အဖြစ်အပျက် များကို ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် RCSS/SSA ၏ လုပ်‌ဆောင်မှု များနှင့် ဥပမာပေး၍ ပြောပြခဲ့သည် ကိုလည်း တွေ့ရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •