လွန်ခဲ့တဲ့ နှစ် ၁၀၀ က မြန်မာ့ Social Punishment

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လွန်ခဲ့တဲ့ နှစ် ၁၀၀ က မြန်မာ့ Social Punishment

 

Cele တွေထဲက Social Punishment ရဲ့အရသာကို ပထမဆုံး ခံစားဖူးသူကတော့ ဂရိတ်ဦးဖိုးစိန်ပါပဲ။

မင်းသားဦးဖိုးစိန်အကြောင်းကို အလယ်တန်းသင်ရိုးမှာ သင်ဖူးကြမှာပါ။ ဦးဖိုးစိန်ဆိုတာ ပေါ့သေးသေးတစ်ယောက် မဟုတ်ပါဘူး။ သူ့ခေတ်မှာတော့ ဒိတ်ဒိတ်ကြဲ Cele ကြီးပါ။

ရန်ကုန်တာမွေက သူနေသွားတဲ့လမ်းကို ဖိုးစိန်လမ်းဆိုပြီး နာမည်တွင်ကျန်တဲ့သူ။ ဇာတ်ပွဲကို ရွက်ထည်ရုံကြီးနဲ့ စတင်ကပြသူ။ ကိုယ်ပိုင်သင်္ဘောဝယ် ဇာတ်တဖွဲ့လုံးကို သင်္ဘောပေါ်တင် အင်္ဂလိပ်ကိုမာလိန်မှူးခန့် ဧရာဝတီကို စုန်ဆန်မောင်းပြီး ဇာတ်ပွဲကတဲ့ ပုဂ္ဂိုလ်။ ယိမ်းအဖွဲ့ကို မျက်နှာဖြူမတွေနဲ့ချည်းဖွဲ့ပြီး ယိမ်းကစေတဲ့ မင်းသား။ အင်္ဂလိပ်အစိုးရကပေးတဲ့ တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ TPS ဘွဲ့ရှင်။ အဲ့ဒီခေတ်က ယောက်ျားခြင်း မနာလိုလောက်အောင် အမျိုးသမီးထုကြီးရဲ့ အားပေးမှုကို တခဲနက် ရထားသူ။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ စိန်မဟာသဘင် ဇာတ်ဆရာကြီး ဘုရားဒကာကြီး ဦးဖိုးစိန်ခမျာ အပွဲပွဲနွဲလာသမျှ တစ်ပွဲမှာတော့ နောက်ကောက်ကျသွားရှာပါတယ်။

အဲ့ဒီဖြစ်ရပ်က ၁၉၂၀ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကဖြစ်ခဲ့တာပါ။ မြန့်မာသမိုင်းမှာ ပထမကျောင်းသားသပိတ်ဆိုပြီး မော်ကွန်းတင်ကျန်ရစ်တဲ့ တက္ကသိုလ်ကျောင်းသားသပိတ်။ သပိတ်မှောက်ခဲ့တဲ့ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဆိုပြီး ဂုဏ်ပြုကြရတဲ့ သပိတ်မှာ ကျောင်းသားတွေနဲ့ ဦးဖိုးစိန်ကြီး ထိပ်တိုက်တွေ့သွားတာပါ။

ကျောင်းသားတွေသပိတ်မှောက်ကြတော့ သပိတ်ကော်မတီမှာ ရန်ကုန်မြို့ မြို့မျက်နှာဖုံးတွေ ပါဝင်အားဖြည့်ပေးကြပါတယ်။ ရံပုံငွေအတွက်လည်း လူကြီးတွေက ဦးဆောင်ကောက်ခံပေးကြရှာပါတယ်။ သပိတ်ကော်မတီက ဦးဖိုးစိန်ဆီမှာ အလှူခံတဲ့အခါ ဦးဖိုးစိန်က သပိတ်ကိုမထောက်ခံကြောင်းပြောဆိုပြီး အလှူငွေမဖြစ်စလောက်လေးသာ ထည့်ပါသတဲ့။ ဒါနဲ့ ကျောင်းသားတွေက မြို့တိုင်း မြို့တိုင်းမှာ ဖိုးစိန်ပွဲကလို့မရအောင် ကျောင်းသားတွေက ဦးဆောင်တားဆီးရမယ်လို့ အမိန့်ထုတ်လိုက်ကြပါတယ်။

မြို့လူထုကလည်း ကျောင်းသားသပိတ်ဖက်က မရပ်တည်တဲ့ ဦးဖိုးစိန်ကို သပိတ်မှောက်ပြီး ဘယ်သူမှပွဲလာမကြည့်ကြတော့ပါဘူး။ ဦးဖိုးစိန်က ပထမ‌တော့ တင်းပါသေးတယ်။ ရန်ကုန်မှာ မကရလည်း မန္တလေးတက်ကြတာပေါ့ဆိုပြီး မန္တလေးသွားကလည်း ကြည့်မယ့်သူမရှိ။ ဒါနဲ့ မော်လမြိုင်သွားလည်း အခြေအနေပိုဆိုးလာလို့ social punishment အရသာကို ကောင်းကောင်းခံစားလိုက်ရတော့တယ်။ ဦးဖိုးစိန်ဟာ သူရိယ မြန်မာ့အလင်း သတင်းစာတွေကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကို တရားဝင် ဝန်ချတောင်းပန်ရပါတော့တယ်။ မြို့ကြီးတွေမှာ ကန်တော့ပွဲကို ကားခေါင်းခန်းတင်ပြီး မြို့ကိုလှည့်ပြီး တောင်းပန်ရပါတယ်။ သခင်ကိုယ်တော်မှိုင်းလို image ကြီးတွေကို ချဥ်းကပ်ပြီး တောင်းပန်လို့ ဆရာကြီးက မောင်ဖိုးစိန်တောင်းပန်ကြောင်းနှင့် ကျေအေးပေးကြဖို့ ဆောင်းပါးရေးပြီး ကြားဝင်စေ့စပ်မေတ္တာရပ်ခံတော့မှ ပြည်သူရဲ့မေတ္တာပြန်ရပြီး ပွဲပြန်ကလို့ ရသွားပါတယ်။

Social Punishment ဘယ်လောက် အင်အားကြီးသလဲဆိုတာ အဲ့ဒီ ဦးဖိုးစိန်နဲ့ကျောင်းသားထုရဲ့ ဖြစ်ရပ်က သက်သေပါပဲ။

ဒီနေ့ Cele ဆိုသူတွေရော အကြမ်းဖက်အုပ်စုကို ဖက်တွယ်နေကြသူတွေရော ဒီဖြစ်ရပ်ကို သင်ခန်းစာယူနိုင်ကြပါစေ။

ဒီခေတ် Generations Z ‌တွေက လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကထက် အဆ ၁၀၀ သာတယ်ဆိုတာလည်း မမေ့ကြပါနဲ့။

(လူထုဒေါ်အမာရေး အောင်ဗလ၊ဖိုးစိန်၊ စိန်ကတုံးစာအုပ်မှ)


Spread the love
  •  
  •  
  •  
  •  
  •  
  •