လွန်ခဲ့သော32နှစ်က အခိုးခံရတဲ့ကလေး မိဘတွေပြန်လည်ဆုံတွေ့ခြင်း။
Happily Ever After!
1988 ခုနှစ် တရုတ်ပြည် ရှေးဟောင်းမြို့ Xianရှိ Jinling Hotel နားမှာ မစ္စတာမော်ဟာ သူ့ရဲ့ 2 နှစ်ခွဲ အရွယ် သားငယ်လေး Mao Yin နဲ့အတူရှိနေပါတယ်။
အိမ်နာမည် Jiajia လေးကို ကလေးထိန်းကျောင်းကနေ အိမ်ကိုပြန်ခေါ်လာတဲ့အချိန် Jinling ဟော်တယ်နားအရောက်မှာ…
“ပါပါး….. ရေသောက်ချင်တယ်။”
“ပါပါး ယူပေးမယ်။ ဘယ်မှမသွားနဲ့နော်။”
မိနစ်ပိုင်းလေး ကလေးကိုထားပြီး ရေပြေးယူလိုက်တဲ့ မစ္စတာမော်ပြန်ရောက်ချိန်မှာတော့ သူ့သားလေးကို ရှာမတွေ့တော့ပါဘူး။
သူ့အမေအပြောအရတော့ ရေပူနေလို့ ကလေးသောက်လို့ရအောင် ခွက်နှစ်ခွက်နဲ့ ရေကိုအေးအောင် ဖလှယ်လိုက်တဲ့အချိန် ခွက်ကိုအာရုံစိုက်လိုက်မိတဲ့အချိန်မှာ ကလေးပျောက်သွားတယ်လို့ဆိုပါတယ်။
မစ္စတာမော်ဟာ စိုးရိမ်သောကကြီးစွာနဲ့ အနီးတစ်ဝိုက်မှာ ကလေးကိုလိုက်ရှာပါတယ်။ ဘယ်မှာမှ ရှာမတွေ့ပါ။
ဒီမိနစ်ပိုင်းကလေးအတွင်းမှာ ကလေးသူခိုးက ကလေးကိုခိုးယူထွက်ပြေးသွားခဲ့ပြီဖြစ်ပါတယ်။
သားအဖနှစ်ယောက်ရဲ့ပျော်ရွှင်နေတဲ့ အချိန်ကလေးဟာ ဒါနောက်ဆုံးဖြစ်ခဲ့ရပါတော့တယ်။
ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေမှာ ကလေးသူခိုးဟာမထင်မှတ်ပဲ ရှိနေခဲ့ပြီလေ။
(အဲ့လိုပဲ….. အဖေတွေက စိတ်မချရဘူး။ သူတို့နဲ့ ဘယ်တော့မှ စိတ်ချလက်ချထားခဲ့လို့ မရဘူး။ ဘလာ… ဘလာ… အမေတွေက အနားကအဖေတွေကို မျက်စောင်းထိုးတော့မှာ စာရေးရင်း မြင်ယောင်နေမိပါတယ်။ 😛
ကိုဘယ်သူရေ… လာကြည့်… တွေ့လား။ ရှင်တို့ယောက်ကျားတွေက ခဏလေးမှ စိတ်ချလက်ချ ကလေးနဲ့ ထားခဲ့လို့မရဘူး။ တွေ့ပြီမလား။)
ထားပါတော့… ဇာတ်လမ်းဆက်ရရင်…
အမေဖြစ်သူ Li Jingzhi ကတော့ ဘာပြောကောင်းမလဲ မပဋ္ဋာမြေလူးပေါ့။
မစ္စတာမော် Mao Zhenjing ဟာ သူ့ကိုယ်သူ တသက်လုံးခွင့်မလွှတ်နိုင်တော့သလို သူ့မိန်းမ Li Jingzhi ဟာလည်း တနေ့တနေ့ ကလေးပျောက်လို့ ငိုလို့မပြီးတော့ပါဘူး။
Li Jingzhi ခေါ် အန်တီလီဟာ သူ့သားလေး Jiajia ကို 1988 ခုနှစ်ကစပြီး နှစ်ပေါင်း 32 နှစ်လုံးလုံး တစ်နေ့မပြတ် သတိရနေပါတယ်။
သားကလေး Jiajia အိပ်ခဲ့တဲ့အိပ်ယာလေးရယ်၊ သားကလေးဆော့ခဲ့တဲ့ သုံးဘီးစက်ဘီးသေးသေးလေးကို မြင်တိုင်း ငေးမှိုင်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။
ငါ့သားလေး ဘယ်သူ့လက်ထဲမှာ ဘာများဖြစ်နေမလဲဟဲ့။ လူဆိုးတွေလက်ထဲမှာ သူတောင်းစားအဖြစ်အခိုင်းများခံနေရသလား။
တနေ့တနေ့ အနှိပ်စက်ခံရ အရိုက်နှက်ခံရလို့ ငိုနေမလားပေါ့။ ကလေးအဖေ မစ္စတာမော်မှာလည်း သူ့ကိုယ်သူလည်း ခွင့်မလွှတ်နိုင်သလို ကလေးကို အတတ်နိုင်ဆုံးကြိုးစားပြီး လိုက်ရှာပါတယ်။
အန်တီလီတို့လင်မယားဟာ နှစ်ပေါင်း 32 နှစ်အတွင်းမှာ သူတို့ကလေးပျောက်ကြောင်း ပိုစတာနဲ့ လက်ကမ်းကြော်ညာ တစ်သိန်းကျော်ကို တရုတ်ပြည်အနှံ့ လိုက်ဝေခဲ့ပါတယ်။
1999 ခုနှစ်ကစပြီး အန်တီလီဟာ တရုတ်ပြည် TV သတင်းတွေမှာ မကြာခနပါလာပြီး မိဘတွေကို ကလေးပျောက်တတ်ကြောင်း သူ့ဘဝနဲ့ ယှဉ်ပြီး ပညာပေးဟောပြောမှုတွေကို လုပ်ပါတယ်။
အန်တီလီ ခမျာမှာ သူ့သားလေးများ တနေ့နေ့မှာ အဲ့ဒီ TV အစီအစဉ်ကို ကြည့်နေမိမလားဆိုတဲ့ မျှော်လင့်ချက်လေးကို နေ့တိုင်းထားလျှက်ပါပဲ။
2007 ခုနှစ်မှာ အန်တီလီတို့လင်မယားဟာ “Baby Come Home” ဆိုတဲ့ volunteer အစီအစဉ်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး မိသားစုပေါင်း 20 ကျော်ကို သူတို့ရဲ့ပျောက်နေတဲ့ ကလေးတွေနဲ့ ပြန်လည်ဆုံစည်းနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ပျောက်သောသူရှာရင်တွေ့ သေသောသူကြာရင်မေ့ဆိုပေမယ့် အန်တီလီတို့လင်မယားဟာ ရှာလို့လည်းမတွေ့နိုင်သလို မေ့လို့လည်းမရနိုင်ခဲ့ပါဘူး။
အန်တီလီဟာ ဘုရားသခင်ဆီမှာလည်း သားလေးကိုပြန်တွေ့ဖို့ ဆုတောင်းခဲ့ပါတယ်။
2020 ခုနှစ် အမေများနေ့မှာ အန်တီလီထံကို ရဲစခန်းက ဖုန်းဝင်လာပါတယ်။
“ဝေ.. “
“Li Jingzhi ဟုတ်ပါသလား”
“ဟုတ်ပါတယ်။”
“ရဲစခန်းကဖုန်းဆက်တာပါ။ အဒေါ်ရဲ့ကလေးပြန်တွေ့ပြီ။”
“အဒေါ်ရဲ့ကလေးဟာ Gu Ningning ဆိုတဲ့နာမည်နဲ့ အသက် 34 နှစ်ရှိနေပြီး Home Decoration business လုပ်ကိုင်နေပါတယ်။”
အသံတွေတုန်ပြီး စိတ်တွေလှုပ်ရှားကာ အန်တီလီတယောက် ကတုန်ကရင်နဲ့ ပြန်မေးလိုက်ပါတယ်။
“ဟုတ်ပါ့မလားကွယ်။”
“ဟုတ်ပါတယ်။ ကျနော်တို့ Xian ရဲစခန်းက မေလဆန်း Covid-19 တိုက်စစ်ဆင်နေချိန်မှာ မျက်နှာမှတ်မိတဲ့ ဆော့ဝဲလ်သုံးပြီး လူတွေကို ခြေရာခံစစ်ဆေးခဲ့ပါတယ်။”
“ကျနော်တိုသတင်းလိုက်ရင်း အမည်မဖော်လိုတဲ့ တစ်ယောက်က ကလေးတစ်ယောက်ကို ယွမ် 6000 နဲ့ လွန်ခဲ့တဲ့ နှစ် 30 လောက်က ရောင်းစားခဲ့ကြောင်း သတင်းပေးလာပါတယ်။”
“အဲ့လို facial scan လုပ်ပြီး ရလာတဲ့ လူတွေရဲ့မျက်နှာတွေကို ကျနော်တို့ Xian ရဲစခန်းက လူပျောက်ကြေညာတွေနဲ့ပါတိုက်စစ်ကြည့်ခဲ့ပါတယ်။”
“အဲ့ဒါ အဒေါ်လွန်ခဲ့တဲ့ 32 နှစ်က ပျောက်နေတဲ့ 2 နှစ် ခွဲ အရွယ် အဒေါ်ရဲ့သား Mao Yin ရဲ့မျက်နှာနဲ့
အခုအသက် 34 နှစ်ရှိ မစ္စတာ Gu Ningning ရဲ့ မျက်နှာနဲ့ တူညီနေတယ်လို့ ဆော့ဝဲလ်က အကြိမ်ကြိမ်ပြောနေပါတယ်။”
“ကျနော်တို့ခြေရာခံလိုက်လိုက်တော့ မစ္စတာ Gu Ningning ဟာ တကယ်တော့ ကလေးသူခိုးက မိသားစုတစ်ခုဆီရောင်းစားတာခံခဲ့ရပြီး သူတို့က သားအရင်းလိုမွေးစားထားတာဖြစ်ပါတယ်။”
“မစ္စတာ Gu Ningning ရဲ့ DNA နဲ့ အဒေါ်ရဲ့ DNA ကိုတိုက်စစ်လိုက်တဲ့အခါမှာလည်း ကိုက်ညီမှုရှိနေပါတယ်။”
အန်တီလီတယောက်… ချုံးပွဲချငိုချလိုက်ပြီး စကားတစ်ခွန်းပဲပြန်နိုင်ပါတယ်။
“🎁 အမေများနေ့ Mother Day မှာ ရဖူးတဲ့လက်ဆောင်တွေထဲမှာ ဒီလက်ဆောင်က တန်ဖိုးအရှိဆုံးပါပဲကွယ်။” 😭
မနေ့က တနင်္လာနေ့ CCTV live အစီအစဉ်မှာ သူတို့သားအမိသားအဖ သုံးယောက်ပြန်လည်ဆုံတွေ့တာကို live လွှင့်ခဲ့ပါတယ်။
အန်တီလီတို့လင်မယားဟာ သားကိုဖက်ရင်းမျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ကြပါတယ်။
အမေကသားရဲ့လက်ကိုဆုပ်ကိုင်ရင်း “သားလေးနဲ့ဘယ်တော့မှ ထပ်မခွဲနိုင်တော့လူးလို့” ပြောတဲ့အခါမှာ “သားလုပ်သူက အမေအဖေတို့ဆီကို ပြောင်းလာပြီးနေမယ်”လို့ ပြန်ပြောလိုက်ပါတယ်။
စောင့်ကြည့်နေသူတွေ အားလုံးက ဝမ်းသာအယ်လဲဖြစ်နေရင်း မျက်ရည်ဝဲမိကြမှာပါ။
ဒီနေရာမှာထပ်ဖြည့်ပြောချင်တာက အန်တီလီရဲ့ ကြိုးစားမှုရော တရုတ်ရဲတွေရဲ့ ကြိုးစားမှုကိုပါ။
အန်တီလီဟာ သူ့သားကို အနှစ် 30 ကျော်လိုက်ရှာနေစဉ်အတွင်းမှာ သဲလွန်စပေါင်း 300 လောက်ရရှိခဲ့ပါတယ်။
သူမဟာ အဲ့ဒီသဲလွန်စအားလုံးကို လုံးဝစိတ်မပျက်ပဲ အကုန်အစရအောင်လိုက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့သားမဟုတ်ခဲ့ပါဘူး။
ကလေးပျောက်ပြီးနောက် ပိုစတာတွေပြည်နယ်အနှံ့လိုက်ဝေခဲ့ချိန်မှာ တနေ့တော့ Jiajia လို့ခေါ်တဲ့ကလေးတစ်ယောက်ကို တွေ့မိတယ်လို့ ကြေးနန်းတစ်စောင်ရပါတယ်။
အန်တီလီတစ်ယောက်ချက်ချင်းထလိုက်သွားပါတယ်။
ညဘက်ကြီး အဲ့အချိန် 8 နာရီကျော်ကြီးမှာ တရွာလုံးမှောင်မည်းနေပါတယ်။ သူ့သားလေးဓာတ်ပုံပြပြီးမေးလိုက်တဲ့အခါ မကြာခင်ကပဲ တခြားတနယ်ကို ရောက်သွားပြီလို့ သိလိုက်ရပါတယ်။
ကလေးကိုအားပါးတရပွေ့ဖက်ဖို့ အားခဲလာခဲ့တဲ့ အမေတယောက်ရဲ့ ခံစားချက်ကို တွေးကြည့်ပေါ့ခင်ဗျာ။
ထပ်လိုက်တော့ အနားက Sichuan ပြည်နယ်ကို ရောက်သွားတာတဲ့။ Sichuan ကို လိုက်သွားတော့ သူ့သားမဟုတ်ဘူးဖြစ်နေတယ်။
အဲ့ဒီလိုပိုမိုခက်ခဲလာလေ အန်တီလီတယောက် “အော်… ငါတောင် ဒီလောက်ခက်ခဲနေရင် ကလေးပျောက်တဲ့ သူများမိဘတွေလည်း အခက်အခဲရှိရှာကြမှာပဲဆိုပြီး ကလေးပြန်တွေ့ရေး လှုပ်ရှားသူဖြစ်လာကာ ကျန်မိဘတွေကိုကူညီပေးခဲ့ပါတယ်။
သူကူညီခဲ့လို့ မိသားစု 20 ကျော်ကလေးတွေ ပြန်တွေ့ရချိန်မှာ သူဟာဝမ်းသာသလို ဝမ်းနည်းပြီး ကြိတ်ငိုမိမှာ ဖြစ်ပါတယ်။
နောက်ဆုံးတော့ စေတနာအကျိုးပေးလို့ သူ့သားလေးကို ပြန်တွေ့ရတယ်ပေါ့ခင်ဗျာ။
ရဲတွေက စုံစမ်းစစ်ဆေးခဲ့တဲ့အခါမှာ သူ့သားကို ယွမ် 6000 (မြန်မာငွေ 12 သိန်းလောက်နဲ့ ရောင်းစားခဲ့တာပေါ်ပေါက်ခဲ့ပါတယ်။)
အဲ့ဒီ နှစ် 30 အချိန်တုန်းက ယွမ် 6000 ဟာ အတော်များတဲ့ငွေပါ။ ရဲကမွေးစားမိဘတွေကို အရေးမယူပေမယ့် ကလေးသူခိုးကို စုံစမ်းစစ်ဆေးနေပါတယ်။
အန်တီလီရဲ့ ကလေးဟာ အနီးအနားက Sichuan ပြည်နယ်ကို ရောက်သွားခဲ့တာဖြစ်ပြီး တက္ကသိုလ်က ဘွဲ့ရပြီးနောက် Interior Design business ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ကြိုးစားမှုအနေနဲ့ကတော့…
2009 ခုနှစ်မှာ တရုတ်ပြည်ရဲ့ Ministry of Public Security က လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် DNA database တစ်ခုထူထောင်ခဲ့ပါတယ်။
အဲ့လို database ထူထောင်ခဲ့တဲ့အချိန်ကစပြီး ပျောက်ဆုံးနေတဲ့ ကလေးပေါင်း 6300 ကိုပြန်ရှာတွေ့ခဲ့ပါတယ်။
2016 ခုနှစ်မှာတော့ အဲ့ဒီ ဝန်ကြီးဌာနက “Reunion” ဆိုတဲ့ “ပြန်လည်ပေါင်းစည်းရေး” စီမံကိန်းကိုချပြီး online ခြေရာခံတဲ့စနစ်ကို လုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကစလို့ ကလေးပျောက်နေတဲ့အမှုပေါင်း 4467 မှုကနေ 4385 မှုကို အခုထိ ဖော်ထုတ်နိုင်ထားပါတယ်တဲ့ ခင်ဗျား။
https://www.facebook.com/richard.myothant
Richard Myo Thant
19-May-2020