“#သားကောင်အဖြစ်ထိုးကျွေးမခံရစေဖို့”
🇺🇸 အမေရိကန်လွှတ်တော်အဆောက်အဦးကို ဝင်စီးခံရတဲ့ကိစ္စမှာ ပထမဦးဆုံးအသက်သေဆုံးခဲ့သူက Ashli Babbitt ဆိုတဲ့ အမျိုးသမီးပါ။
သူမဟာတကယ်တော့ တစ်ချိန်ကသတ္တိခဲလေတပ်စစ်သမီးတစ်ယောက်ပါ။
ရဲရဲတောက်စိတ်ရှိသူဖြစ်ပြီး ထရမ့်ရဲ့ “Make America Great Again” ဝါဒဖြန့်မှုကိုယုံကြည်နေသူတစ်ဦးဖြစ်ပါတယ်။
တကယ်တမ်းပြောရရင် ကျနော်ကိုယ်တိုင်အရင်ကထရမ့်ကိုသဘောကျပါတယ်။
ထရမ့်ရဲ့ပြဿနာကစကားမတည်တာပါ။
အဲ့ဒီတော့သူ့ကိုအယုံအကြည်မဲ့ကုန်ကြပါတယ်။
Capitol Building ဝင်အစီမခံရခင် သူပြောခဲ့တဲ့စကားတွေဟာ #တကယ့်ကိုအငြင်းပွားစရာဖြစ်ကုန်ပါတယ်။
Ashli Babbitt ဟာ Capitol Building လွှတ်တော်အဆောက်အဦးထဲမှာ ပြတင်းပေါင်တစ်ခုကိုအတင်းကျော်လွှားတက်ဖို့ရှေ့ကနေဦးဆောင်ကြိုးပမ်းပါတယ်။
လွှတ်တော်လုံခြုံရေးတွေကရှေ့ဆက်မတိုးဖို့သတိပေးပြီးသားပါ။
စစ်သမီးတစ်ယောက်ဖြစ်ဖူးခဲ့တဲ့ Ashli Babbitt ဟာ ရဲရဲဝံ့ဝံ့ရှေ့ကဦးဆောင်ပြီးအတင်းတိုးတက်ပါတယ်။
လွှတ်တော်လုံခြုံရေးက ပစ်ချလိုက်ပါတယ်။
လွှတ်တော်လုံခြုံရေးနေရာမှာပြန်စဉ်းစားကြည့်ပါ။
လက်နက်မဲ့ဆန္ဒပြနေသူတွေကို ကျည်ကာဝတ်စုံအပြည့်ဝတ်ပြီး စတင်းဂန်းနဲ့ဆွဲတဲ့လုံထိန်းမျိုးမဟုတ်ပါဘူး။
ပြည်သူ့လွှတ်တော်လုံခြုံရေးအတွက်တာဝန်အပေးခံထားရတဲ့ လက်မှာပစ္စတိုသေနတ်ကိုင်ပစ်တဲ့ လုံခြုံရေးဝန်ထမ်းပါ။
ရှေ့တိုးလာရင်ပစ်မယ်လို့လည်းအတန်တန်သတိပေးပြီးနေပါပြီ။
လွှတ်တော်အဆောက်အဦးထဲရောက်တဲ့အထိလည်း လူကိုမပစ်ပဲထားခဲ့ပါတယ်။
သိထားဖို့က #ဝင်စီးသူတွေမှာလည်းသေနတ်တွေလက်နှက်တွေပါလာပါတယ်။
ကျနော်တို့ဆီမှာ လွှတ်တော်အစည်းအဝေးလုပ်နေစဉ်ဝင်စီးသူတွေကို လုံခြုံရေးကသေနတ်နဲ့ပစ်ခဲ့ရင် …
လုံခြုံရေးကိုအပြစ်တင်မှာလား❓
ဝင်စီးတဲ့သူကိုအပြစ်တင်မှာလား❓
အမေရိကန်မှာဖြစ်ခဲ့တဲ့ကိစ္စမှာ ဘယ်သူမှန်တယ်ဘယ်ဝါမှန်တယ်ဆိုတာကို အမေရိကန်နိုင်ငံသားတွေပဲဆုံးဖြတ်ရမယ့်ကိစ္စပါ။
ကျနော်တို့အတွက် #ဘာသင်ခန်းစာရမလဲဆိုတဲ့ရှုထောင့်ကပဲကြည့်လိုပါတယ်။
ဒီအဖြစ်မျိုးတွေမကြုံချင်ဘူးလေဆိုရင် …
နိုင်ငံအတွက်ဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်အောင်ဘယ်လိုရှောင်ရှားကြမလဲလို့ ဆွေးနွေးလိုပါတယ်။
▪️ Ashli Babbitt ဟာသူယုံကြည်တဲ့ဘက်ကရဲရဲတောက်ရပ်တည်သူတစ်ဦးပါ။
▪️အဲ့လိုလူမျိုးကို #ထိုးကျွေးလို့အလွယ်ဆုံးပါပဲ။
▪️ Ashli Babbitt လိုလူမျိုးဟာ အတောက်လွယ်တဲ့ယမ်းပုံနဲ့တူပါတယ်။ 🔥 မီးပွားကျတာနဲ့ထတောက်တတ်ပါတယ်။
▪️ Ashli Babbitt ဟာ တခြားမြို့ကနေ Washington D.C ကို သူ့သူငယ်ချင်းတွေနဲ့အတူ ဗုဒွဟူးနေ့ကဆန္ဒပြပွဲကို ဝင်ပေါင်းဖို့တကူးတက ကိုယ့်စားရိတ်နဲ့ကိုယ်လာခဲ့တာပါ။
▪️ Ashli Babbitt ဟာ ထရမ့်ရဲ့အလံကိုဝတ်ရုံအဖြစ်ခြုံပြီး ပြတင်းမှန်ကိုခွဲကာကျော်ဝင်ဖို့ကြိုးစားရင်း လုံခြုံရေးကသေနတ်နဲ့ပစ်တာခံလိုက်ရပါတယ်။
အဲ့ဒီအချိန်မှာလွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရှိနေသေးပြီး လုံခြုံရေးမှာအပြည့်အဝတာဝန်ရှိနေချိန်ပါ။
Ashli Babbitt အနေနဲ့ရှေ့တန်းမှာ လေတပ်စစ်သမီးအဖြစ် နိုင်ငံအတွက် ရဲရဲဝံ့ဝံ့ရှေ့ဆုံးကတက်ရင်း အသက်စွန့်ရတာနဲ့ လူတစ်ဦးတစ်ယောက်ရဲ့သွေးထိုးမှုနဲ့ အသက်စွန့်လိုက်ရတာ “#တန်ဖိုးခြင်းကတခြားစီပါပဲ”။
ဒီအဖြစ်မှာသေချာကြည့်မယ်ဆိုရင် #လုံခြုံရေးအပြည့်အဝရနဲ့နေတဲ့သူက သူ့အတွက်စတေးမယ့်လူကို သွေးဆူလာအောင် မတရားဘူးထင်လာအောင် တချိန်လုံးဆက်တိုက်သွေးထိုးပေးပြီး ရှေ့တန်းကိုထိုးကျွေးလိုက်တာပါပဲ။
ဖြစ်လာရင်သူ့စကားကိုယုံကြည်တဲ့သူကအသက်ပါစတေးရမယ်။
သူကတော့လုံခြုံရေးအကာအကွယ်အပြည့်အောက်မှာအေးဆေးနဲ့ တီဗွီကနေကြည့်နေရုံပဲ။
ကျနော်တို့ဆီမှာ #တစ်ခုခုဆိုအမှန်အမှားမခွဲခြားတော့ပဲသွေးဆူလွယ်တဲ့လူတွေ နှစ်ဖက်စလုံးမှာရှိပါတယ်။
တစ်ခုခုဆိုရင် ကိုယ်ဖြစ်ချင်တာပဲသိပြီး တိုင်းပြည်နာမနာထည့်မစဉ်းစားတော့ပါဘူး။
ကိုယ်မှန်တယ်ထင်ရာကို မျက်လုံးမှိတ်စွတ်ထောက်ခံရင်းက အစွန်းနှစ်ဖက်ကိုရောက်လာကြပါတယ်။
အဲ့လိုအစွန်းဘက်ကိုရောက်လာလေ အခြေအနေကဘာလေးဖြစ်ဖြစ် 💥 ထပေါက်ကွဲနိုင်တဲ့အခြေအနေဖြစ်လာလေပါပဲ။
ကျနော်ပြောလိုတာကတော့ သွေးထိုးပေးတဲ့သူတွေမှာ သူတို့ကိုယ်ပိုင်အကျိုးစီးပွားတွေရှိနေတယ်ဆိုတာ ဘယ်တော့မှမမေ့ကြဖို့ပါ။
တစ်ခုခုဆိုအရင်ဆဲဆိုတာ၊ အကြောင်းအရာသေချာမသိသေးပဲ စိတ်ထင်ရာစွတ်ပြောပြီး ပြဿနာမီးတောက်ကိုပိုကြီးအောင်လုပ်တာတွေသိပ်များပါတယ်။
ပြောရင်းပြောရင်းမခံမရပ်နိုင်ဖြစ်ပြီး နှစ်ဖက်ပြဿနာပိုကြီးကြီးလာပါတယ်။
နောက်ဆုံးပြောလိုတာက ကျနော်တို့ဆီမှာအစွန်းသိပ်ရောက်နေကြတာကို လျော့ချအဖြေရှာဖို့တန်နေပါပြီ။
အရေးအကြီးဆုံးက တစ်ခုခုဆိုထိုးကျွေးမခံရဖို့သတိထားကြစေလိုပါတယ်။
Richard Myo Thant
8-January -2021