👶 #သုံးထပ်အမြင့်ရှိအမှိုက်ပစ်တဲ့အပေါက်ကနေပစ်ချခံရတဲ့မွေးကင်းစကလေး။
ဒီနှစ် ဇန်နဝါရီလ ၇ ရက်နေ့ မနက်အစောကြီးမှာ စင်ကာပူနိုင်ငံ Bedok North မှာနေတဲ့ အသက် ၂၇ နှစ်ရှိ အမျိုးသမီးဟာ ဗိုက်နာလာတယ်။
အိမ်သာသွားရင်းနဲ့ ကလေးမွေးချလိုက်ပါလေရော။ မွေးလာတာက ယောကျ်ားလေး။ ကလေးမွေးချလာတော့ လန့်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။
သူမက ဓမ္မတာမပေါ်တာလအတော်ကြာပြီ။ ဒါပေမယ့် ကလေးရှိတာမဖြစ်နိုင်ပါဘူးလို့ပဲ စိတ်ထဲမှာထင်နေသတဲ့။
အဲ့ဒီအမျိုးသမီးက အလုပ်နှစ်ခုလုပ်တယ်။ စားပွဲထိုးနဲ့ သန့်ရှင်းရေးနှစ်ခုကို part time လုပ်တယ်။
အမျိုးသမီးနာမည်ကို တရားရုံးကထုတ်ပြောခွင့်ပိတ်ထားတယ်။ ကလေးကို ထိခိုက်မှာစိုးလို့တဲ့။
စင်ကာပူနိုင်ငံသူ ပညာမပြည့်စုံခဲ့ရှာသူဖြစ်ပုံရပါတယ်။ အဲ့ဒီနေ့က အိမ်မှာ သူနဲ့ သူ့မောင်/အကို ပဲအိမ်မှာရှိတယ်။ မိဘတွေမရှိကြဘူး။
အဲ့ဒါနဲ့ ကလေးကို အိမ်သာထဲကနေ မီးဖိုချောင်ထဲသယ်လာတယ်။
ပြီးတော့ပလတ်စတစ်အိတ်ထဲထည့်ပြီး ချည်လိုက်တယ်။ ကြည့်ရတာ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး အသေချည်လိုက်ပုံရပါတယ်။
ကလေးက အိတ်ထဲမှာလှုပ်နေတာတွေ့ပေမယ့် သူမက အမြန်ဆုံးရှင်းထုတ်ပစ်ချင်တာပဲသိတယ်။
အဲ့ဒါနဲ့ စင်ကာပူက HDB အိမ်ရာတွေမှာရှိတဲ့ အမှိုက်ထုပ်ပစ်ချတဲ့အပေါက်ကနေ အမှိုက်ထုပ်ပစ်သလို ပစ်ချလိုက်တယ်။
ရှင်းရှင်းပြောရရင် အမှိုက်သိမ်းတဲ့သူကသိမ်းပြီး ဘယ်သူမှမသိလိုက်ရင် ဒီကိစ္စကပြီးပြီ။
ပြီးတော့အိမ်ပြန်လာပြီး သွေးပေနေတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်တယ်။ ရေချိုးချလိုက်ပြီး ပြန်အိပ်လိုက်တယ်။
ဒီကိစ္စကို ဘယ်သူ့ကိုမှပြောမပြပေမယ့် သူငယ်ချင်းတစ်ယောက်ကိုတော့ သူကိုယ်ဝန်ပျက်ကျကြောင်း ပြောပြလိုက်တယ်။
မနက် ၈ နာရီခွဲမှာ Aljinied-Hougang Town Council က သန့်ရှင်းရေးသမားတွေက နေ့စဉ်အမှိုက်သိမ်းနေကျအတိုင်း လာသိမ်းတယ်။
Patwari Shamin ဆိုတဲ့ သန့်ရှင်းရေးသမားက အမှိုက်ပုံးကို ဆွဲထုတ်လိုက်ချိန်မှာ ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်မိတယ်။
သူက သူ့အဖော် Mostafa ကို အသံကြားလားမေးလိုက်တယ်။ ပြီးတော့ အမှိုက်လှည်းပေါ်တင်ထားတဲ့ အမှိုက်ပုံးကြီးနားကို သွားရှာကြည့်တယ်။
အဲ့ဒီအချိန်မှာပဲ ကလေးငိုသံကို ထပ်ကြားတယ်။
ဒီအချိန်မှာ အသံကပိုကျယ်လာတယ်။
အမှိုက်ပုံးအပေါ်က သတင်းစာစက္ကူကို ဖယ်လိုက်တဲ့အချိန်မှာ ပလတ်စတစ်အိတ်အဖြူထဲမှာ သွေးတွေလူးနေတဲ့ မွေးကင်းစ ကလေးငယ်လေးကို သွားတွေ့တယ်။
ပလတ်စတစ်အိတ်အဖြူဆိုတော့ NTUC က ကြွပ်ကြွပ်အိတ်ဖြစ်ပုံရတယ်။
အိတ်ကအသေချည်ထားလို့ ဖွင့်လို့မရဘူး။
သန့်ရှင်းရေးသမားနှစ်ယောက်စလုံး မထိရဲတော့ပဲ Town Council က အရာရှိတွေကို ဖုန်းခေါ်လိုက်တယ်။
Town ကောင်စီက အရာရှိတွေရောက်လာတာနဲ့ တစ်ယောက်က ချက်ချင်း အိတ်အဖြူကို ဆွဲဖြဲပစ်လိုက်တယ်။
အထဲမှာ သွေးတွေလူးနေတဲ့ ပုဝါတောင်မပါတဲ့ ကိုယ်တုံးလုံးယောက်ကျားလေးတစ်ယောက်။
2.5 kg ဆိုတော့ ၅ ပေါင်ခွဲပဲ အလေးချိန်ရှိတယ်။
သန့်ရှင်းရေးသမားနှစ်ယောက်က အင်္ကျီ၊ အဝတ်တွေပတ်ပေးပြီး ရဲရောက်လာကာ လူနာတင်ယာဉ်နဲ့ ဆေးရုံပို့လိုက်တယ်။
၃ ထပ်အမြင့်က ပစ်ချတာဖြစ်ပေမယ့် အောက်ကအမှိုက်ပုံးကြီးထဲမှာ အမှိုက်တွေရှိနေတာရယ်၊ မနက်အစောကြီးမို့ အပေါ်က အမှိုက်ထပ်ပစ်သူ နည်းတာရယ်၊ အပေါ်အောက်က အမှိုက်တွေက အချွန်အတက်၊ အမာခံတွေမဖြစ်ဘူးထင်ပါရဲ့။
ကလေးက ညှပ်ရိုးပဲကျိုးသွားတယ်။ ကလေးက အခု မွေးစားမိဘတွေလက်ထဲမှာ။
ရဲက အဲ့ဒီတိုက်က အိမ်တွေကို လိုက်မေးတယ်။ ကလေးအမေက သူမသိဘူးပဲပြောလိုက်တယ်။
နောက်တော့ သူ့သူငယ်ချင်းကို သွားပြီးပြောပြတယ်။ သူ့သူငယ်ချင်းက ရဲစခန်းသွားဖို့ပြောလို့ ဖေဖဝါရီ ၁၃ ရက်နေ့ကျမှ ရဲစခန်းသွားဝန်ခံတယ်။
အဲ့ဒါတောင် ရဲက ဖေဖဝါရီ ၁၄ ရက်နေ့မှာ DNA နမူနာယူဖို့ ရက်ချိန်းရှိနေလို့ ပေါ်တော့မှာသိလို့။
ထုံးစံအတိုင်း စိတ်ရောဂါဆေးရုံကိုပို့ပြီး စစ်ဆေးတော့ စိတ်ကျရောဂါခံစားနေရတာတွေ့ရတယ်။
အရင်တုန်းကလည်း methamphetamine မူးယစ်ဆေးပြား သုံးစွဲလို့ ဆေးဖြတ်ရဖူးတယ်။
အဲ့ဒီအမှိုက်ပစ်တဲ့အပေါက်ကနေ အမှိုက်ကျသွားရင် တစ်ချို့နေရာတွေမှာ ညစ်စက်နဲ့ အမှိုက်သေးသေးလေးဖြစ်အောင် ဖိညှစ်တတ်တယ်။
ကံသီလို့ အသက်ရှင်တာဖြစ်တယ်။
ဒီနေ့ ဩဂတ်စ်လ ၁၈ ရက်နေ့မှာပဲ ကလေးအမေကို ထောင်ဒဏ် တစ်နှစ်နဲ့ ၆ လချလိုက်တယ်။
အစိုးရရှေ့နေကတော့ ထောင်ဒဏ်တိုးဖို့ လျှောက်လဲတယ်။
တခါတည်းလက်စတုံးတာဖြစ်လို့ ထောင်ဒဏ် ခုနှစ်နှစ်အထိကျနိုင်တယ်။
တရားရုံးတင်ပြချက်တွေဖယ်ထားပြီး အတိုချုံးပြောရရင် ကလေးကို တခြားမိဘတွေကို မွေးစားဖို့ခွင့်ပြုထားတယ်။
ကလေးအမေကိုတော့ ထောင်ဒဏ် တစ်နှစ်ခွဲပဲ။
အခုထိတော့ကလေးကို အမေကမတွေ့ရသေးဘူး။ ဖေဖဝါရီလ ၁၃ ရက်နေ့ကတည်းက အချုပ်ကျနေလို့။
ကလေးအဖေအကြောင်း တရားရုံးမှတ်တမ်းတွေမှာ မဖော်ပြထားဘူး။
နောက်ရက်အချိန်ရမှ မြန်မာလူမျိုးဆေးသမားကို ယုံစားပြီး ပြန်လွှတ်ပေးလိုက်တဲ့ စင်ကာပူရဲငပျင်း ထောင်ကျသွားတဲ့အကြောင်းရေးအုံးမယ်။
Richard Myo Thant
18-Aug-2020