သောင်းပြောင်းထွေလာ အဖြာဖြာ နှင့် မြန်မာ့နိုင်ငံရေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သောင်းပြောင်းထွေလာ အဖြာဖြာ နှင့်
မြန်မာ့နိုင်ငံရေး…..

မိမိသည် ကျောင်းသားလေးများနှင့် ပတ်သက်သော အခြေအနေ ဖြစ်စဉ်များကို တစ်ခါမျှ ရေးသား သုံးသပ်မူမျိုးမရှိခဲ့ပါ။

ကလေးတွေက သူတို့ရဲ့ အတွေးအခေါ် ယူဆမူတွေကို
ပြောနေကြတာပါ၊
သူတို့ဘာသာ လွတ်လွတ် လပ်လပ်ပြောပါစေ၊

အချိန်တန်ရင် မှန်သည် မှားသည် ဆိုတာကို
လည်း သူတို့ ဘာသာ သူတို့ သုံးသပ်ကြပါစေ၊
ဟုသဘောထားခဲ့တာဖြစ်ပါတယ်။

သို့ပေမယ်လို အခုဟာကတော့ ဒီကလေးတွေ လွဲနေကာ တစ်နေ့ထက် တစ်နေ့ အရဲကိုးပြီး ပြောလာတာဟာ တိုင်းပြည်နဲ့ တိုင်းသူပြည်သား များရဲ့ ယုံကြည် မျှော်ကိုးမူနဲ့ အခွင့်အာဏာ ပိုင်မူတွေကို ဖျက်လို ဖျက်ဆီး လုပ်လာ တဲ့သဘော သက်ရောက်လာနေပြီ၊

ဒါကြောင့် သာ စာရေးသူမှ ပြည်သူအများနှင့် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများအား တတ်နိုင်သ၍ ရေးသား တင်ပြရခြင်းဖြစ်ပါတယ် ဆိုတာကို ဦးစွာ အသိပေး မေတ္တာရပ်ခံအပ်ပါတယ်။

ရွေးကောက်ပွဲကို ဗကသ အဖွဲ့ချုပ်သပိတ် မှောက်မည်ဟုဆို (7 DAY NEWS)…
ဟူ၍ယနေ့တွင် သတင်းခေါင်းစဉ်နဲ့အတူ
ဗကသ မှကျောင်းသားငယ်များနှင့်မေးမြန်း
ဖြေကြားပြောဆိုမူအချို့ပါလာတာကို ဖတ်လိုက်ရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ကာ မဲမပေးရေး
(NO VOTE) လူပ်ရှားမူ များပြုလုပ်မည်ဟု
ယင်းအဖွဲ့ချုပ်ဥက္ကဌ
ကိုသက်မောင်မောင်ကပြောသည်။

(၄၇) အခြေခံဥပဒေ အကျပ်အတည်းဖြစ်တော့ (၆၂) အာဏာသိမ်းမူဖြစ်တယ်၊
(၇၄) အခြေခံဥပဒေ အကျပ်အတည်းဖြစ်တော့ (၈၈) ဖြစ်တယ်၊
အခြေခံဥပဒေ အကျပ်အတည်းဖြစ်ရင်
မဖြစ်မနေ လူထု အရေးတော်ပုံ ပေါ်တယ်၊
ကျွန်တော်တို့က အဲဒီအထိမျှော်မှန်းထားတယ်။
ဟု ကိုထူးခန့်သော်က ပြောသည်။
ဟူ၍ 7 DAY NEWS သတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

တစ်ခါ (၈.၈.၂၀၂၀) ရှစ်လေးလုံးအရေးတော်ပုံ (၃၂) နှစ်မြောက် တွင် ဦးမင်းကိုနိုင်မှ
ရှစ်လေးလုံးအရေးတော်ပုံ ရည်မှန်းချက်များ ပြည့်မီအောင် ခရီးဆက်ရမည်ဟု ပြောကြားသည့် အပြင် ရှစ်လေးလုံးအရေးတော်ပုံနှင့် မြန်မာ့ဒီမိုကရေစီ
သမိုင်းကြောင်းကို မဟုတ်မမှန်ဖန်တီးခြင်းမျိုးနှင့် အဆိပ်ခတ်ခြင်းမျိုးကို
မပြုလုပ်ရန်ပြောကြားသည်။

ဦးမြအေးက ရှစ်လေးလုံးရည်မှန်းချက်လည်း မပြည့်သေးဘူး၊ ငယ်ငယ် ရွယ်ရွယ်ဘဝက
နေပြီးတော့ အဘိုးအရွယ်ရောက်လာပြီ ၊
နောက်မျိုးဆက်ကို ကောင်းမွေတွေပေးခဲ့ချင်တယ်၊
ဒါပေမယ့် ကျွန်တော်တို့ရည်မှန်းချက်လည်းမပြည့်သေးဘူး၊
အခုထိလည်း အကောင်အထည်မပေါ်သေးဘူး၊
ဒီနေ့အထိတိုင်းပြည်အနာဂတ် ကမဲ့နေဆဲပဲ၊
ပြည်သူလူထု အနာဂတ်က ပျောက်နေဆဲပဲ ဖြစ်တယ်၊
အဲဒီတော့ အခန်းအနားပြီး အခန်းအနား၊
တစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲသွားပေမယ့် ရေရှည်မှာ မရဘူးထင်တယ်၊
ကျန်တဲ့အချိန်တွေမှာ ကျွန်တော်တို့အပါအဝင် အားလုံးမှာ တာဝန်ရှိတယ်။

ဟူသော ပြောဆိုမူများကို သတင်းစာတွင်ထည့် သွင်းဖော်ပြထားတာကိုတွေ့ရပါတယ်။

အကြမ်းအားဖြင့် ဦးမင်းကိုနိုင်၏ ပြောဆိုမူနှင့် ဦးမြအေး၏ ပြောဆို ဖြေကြားမူများသည်
ကောင်းပါတယ်ဟု ထင်မှတ်စရာဖြစ်ပါတယ်။

သို့ပေမယ်လို့ (၈.၈.၂၀၂၀) နေ့ညမှာ
သိန်းနဲ့ချီ အကုန်အကျ ခံပြီး
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်
ဝင်ရောက် ယှဉ်ပြိုင် အရွေးအချယ်ခံကြမည်ဟု ဆိုသော နိုင်ငံရေးပါတီများနှင့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများ
အပါအဝင် ၊
မျိုးဆက်များက အုပ်စုလိုက်
စားသောက်ဆိုင်ကြီးမှာ ပျော်ပွဲစားသကဲ့သို့
ပြုမူ နေကြမူကလည်း အမြင်မကောင်း
မတင့်တယ်လှပေ။
ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားကြတဲ့ ရဟန်း ရှင်လူ ၊ကျောင်းသား ပြည်သူတွေကို အားနာဘို့ ကောင်းပါတယ်။

အခြားသူများ၊ အစိုးရအပါအဝင် အခြားအဖွဲ့ အစည်းများက အုပ်စုလိုက် အခန်းအနားများ၊
ပွဲများလုပ်နေကြရင် အထက်ပါ ပုဂ္ဂိုလ်များကပဲ ယခုလို ကိုဗစ် ကာလမှာ ပြဌာန်း ထုတ်ပြန်ထားတဲ့ ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များကို လေးစားလိုက်နာကြဖို့လိုပါတယ်၊
ဆိုပြီး ပွက်လောရိုက်အောင် ရေးသား ပြောဆိုနေကြတာကိုလည်း တွေ့ကြရမှာပါ။

ကလေးတွေကိစ္စကို ပြန်ကောက်ကြရအောင်၊

(၁၉၂၀) ပထမကျောင်းသားသပိတ်မှာ အချက်ပေါင်း(၁၅)ချက်ကို ထုတ်ပြန်ပြီး
အဆိုပါအချက်များကြောင့် သပိတ်မှောက်ပါတယ်ဆိုတာကို ကျောင်းသားကြီး (၁၁) ဦးက
ဦးဆောင်ပြီး ဗြိတိသျှ အစိုးရကို တောင်းဆိုသပိတ်မှောက်ခဲ့ကြပါတယ်။
ကိုဘရှင်(ဘီအက်စီအထက်တန်း)၊
ကိုဖိုးကွန်း (ဘီအက်စီအထက်တန်း)၊
ကိုညီပိတ်(ဘီအက်စီအထက်တန်း)၊
ကိုအေး(ဘီအေအထက်တန်း)၊
ကိုလှတင်(ဘီအေအထက်တန်း)၊
ကိုဖေသိန်း(အိုင်အေအထက်တန်း)၊
ကိုထွန်းဝင်း(အိုင်အေအထက်တန်း)၊
ကိုဘရှင်(ထားဝယ်သား၊အိုင်အေအထက်တန်း)၊
ကိုဘခင်(အိုင်အေအထက်တန်း)၊
ကိုအောင်ဒင်(အိုင်အေအထက်တန်း)၊
ကိုဘဦး(ဘီအေအထက်တန်း)၊

တို့က ဗမာပြည်သားများအထက်တန်းပညာသင်ကြားရေးအပါအဝင် နစ်နာချုပ်ချယ်မူရှိသည်ဆိုသော အချက်များကိုပြုပြင်ပေးရန်
အင်္ဂလိပ်ဗျူရိုကရက်အစိုးရသို့ အချက်သုံးချက် တောင်းဆိုကာ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကြွေးကြော်သံကတော့ – –
ဘွိုင်းကောက်လုပ်ပြီ၊
အမျိုးကိုချစ်ပါ၊
နိုးကြားကြပါ၊
ဆိုတဲ့ ကြွေးကြော်သံကို အော်ဟစ်ချီတက်ခဲ့ ကြတာဖြစ်ပါတယ်။

တစ်ခါ သပိတ်မှောက်ကော်မတီကိုလည်း
(၂၆)ဦးကို ဘွိုင်းကောက်တားကောင်စီ
အဖြစ် အမည်ပြောင်းလိုက်ကြပါတယ်။
ထိုကျောင်းသားသပိတ်ကို ပြည်သူလူထုက စိတ်ပါလက်ပါ ထောက်ခံအားပေးခဲ့ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဗြိတိသျှ တို့၏ အုပ်ချုပ်မူအောက်မှာ ဖုံးလွမ်းနေကြတဲ့
အကြောက်တရားများအားမကြောက်တရားများကို ရရှိ နိုးကြားလာကြကာ
မိမိတို့၏ သားသမီးများကို
ပညာတတ်ကြီးများဖြစ်စေပြီး ၊
တိုင်းပြည်ကို အလုပ်အကျွေး
ပြုစေလိုမူအတွက်ကြောင့် ဖြစ်ကြပါတယ်။

ထိုမှ အဆက်ဆက်တွင် ကျောင်းသူ ကျောင်းသားများ၏အခွင့်အရေးတို့ကိုသာဆောင်ရွက်ကြရပြီး မန္တလေးအသင်း၊ မော်လမြိုင်အသင်း၊ ရခိုင်ကျောင်းသူ ကျောင်းသားများအသင်းစသဖြင့်ရှိလာကြကာ (၁၉၂၇) ခုနှစ်မှာ ကျောင်းသားကောင်စီနဲ့ စကားရည်လုပွဲအသင်းကို (Students Union) အဖြစ်
မစ္စတာစလော့ ကိုယ်တိုင်အမည်ပြောင်းပေးခဲ့ပါတယ်၊

ကိုစိုးညွန့်နဲ့ မွန်ဖိုးချိုတို့က ပထမဦးဆုံး
ယှဉ်ပြိုင်မူဖြစ်လာပြီး ပထမဆုံး ကျောင်းသားသမဂ္ဂဥက္ကဌသည် မွန်ဖိုးချို ဖြစ်လာခဲ့ပါတယ်။
ထိုအချိန်ကာလမှာ သမဂ္ဂအဆောက်အဦ
သီးခြားမရှိသေးပါ၊

ဒါကြောင့် ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာ ကရန်ကုန်အရှေ့ပိုင်းသူဌေးကြီး ဦးညိုထံ
(1926) ခုနှစ်လို့ဆိုပါတယ် ၊
အလှူခံခဲ့ရာ –
ငွေသား(၁၇၀၀၀၀) ကျပ်ကိုလှူဒါန်း
ခဲ့တာဖြစ် ပြီး အုပ်မြစ်ကို (၁၉၂၉) တွင်ချခဲ့တယ်လို့ဆိုပါတယ်၊

(၁၉၃၀)ခု နှစ်လည်ပိုင်းလောက်မှာ သမဂ္ဂအဆောက်အဦ ပြီးတယ်လို့ဆိုပါတယ်။

တက္ကသိုလ်ကျောင်းသားများစုဝေးရာ
နေရာကြီးတစ်ခုဖြစ်ခဲ့ရပါတယ်။

ကြုံကြိုက်လို့ ပြောပါရစေ၊
(၂၀၁၅) တွင် NLD ပါတီကအနိုင်ရကာ
အစိုးရဖွဲ့ နိုင်ခဲ့၍ ယခင် သမဂ္ဂနေရာတွင် သမဂ္ဂ အဆောက်အဦ ဆောက်လုပ်ပေးပါ
မည်ဟု နိုင်ငံကိုအသိပေးခဲ့ကာ
ကျောင်းသားဟောင်းများ၊ ယခင်အဆက်ဆက်က သမဂ္ဂအဖွဲ့ဝင်ဟောင်းများအပါအဝင် လက်ရှိကျောင်းတက်
နေကြတဲ့ ကျောင်းသူ ကျောင်းသားများနှင့် သမဂ္ဂအဖွဲ့များအား ညှိနှိုင်းစေခဲ့သော်လည်း အမျိုးမျိုးသော
ပြောဆို စွက်စွဲချက်များနှင့်
အမယ်စုံလင်များပြားလှပါသော
တစ်ယောက်၊တစ်ဖွဲ့ တစ်မျိုးဖြင့်
သမဂ္ဂအဆောက်အဦ ဆောက်မည့်
အစီအစဉ်ပျက်ခဲ့ တာကို တွေ့ရပါတယ်။

ထားလိုက်ပါတော့၊
ရှေ့က ဆွေးနွေးရေးသားမူကို ဆက်ပြီးရေးပါမယ်၊
ထိုသည်မှ (၁၉၃၁ -၃၂) ကျောင်းသားများ၏ မဲပေးရွေးချယ်မူဖြင့် ပထမဆုံး
တကသ ဥက္ကဌသည်
ကိုထွန်းစိန်ဖြစ်ခဲ့ပါတယ်။
ဆက်တိုက်ဖြစ်လာကြတဲ့ တကသ ဥက္ကဌ
များကို မဖော်ပြတော့ပါ၊
စာရှည်သွားပြီး လိုရင်းမရောက်မှာစိုးလို့ပါ၊

(၁၉၃၆) ခုနှစ် ဂျူဗလီဟော မှာ
ဗမာတစ်နိုင်ငံလုံး ကျောင်းသားညီလာခံ
မှ တဆင့် ဗကသ ဟူသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီးပေါ်ပေါက်လာခဲ့ရပါတယ်၊
ဒုတိယကျောင်းသားသပိတ်၏ အကျိုးဆက်
ကြောင့် ဗကသ အဖွဲ့ ချုပ် ဖြစ်ပေါ်လာတယ်ဆိုလျှင် မှားမည်မထင်ပါ။

ဗကသ ထူထောင်သူများတွင်
ကိုအာင်ဆန်း သည်လည်းအပါအဝင်ဖြစ်ပါတယ်။
(၁၉၃၆) ဗကသ ပထမ ညီလာခံမှာ
ကိုရာရှစ်က ဥက္ကဌ ဖြစ်ပြီး ကိုအောင်ဆန်းက ဒုတိယဥက္ကဌ ဖြစ်ခဲ့ပါတယ်။
အဲဒီနှစ်မှာ တကသ ဥက္ကဌ နှင့် ဒုဥက္က တို့သည်
လည်း ကိုရာရှစ်နဲ့ ကိုအောင်ဆန်း ပင်ဖြစ်ပါတယ်။
(၁၉၃၇) မှာ ဗကသ ဥက္ကဌက ကိုအောင်ဆန်း ဖြစ်လာခဲ့ပါတယ်။

ခွပ်ဒေါင်းအစ ရဲတပ်ကလို့ ဆိုရိုးရှိခဲ့ပါတယ်၊
ရဲဆိုတာက (Bravest) အရဲရင့်ဆုံး လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်၊
ရဲတပ်ဆိုတာ ကိုလှဘော် ဦးဆောင်ပြီး ကျောင်းသား (၂၅)ဦးနဲ့စတင်ဖွဲ့စည်းခဲ့တဲ့ကျောင်းသားတပ်ဖွဲ့ ဖြစ်ပါတယ်။
သူတို့ဟာ ရွှေတိဂုံကနေ ဗိုလ်တစ်ထောင်ကွင်းအထိချီတက်ရာ လမ်းမှာ လွှင့်ထူတဲ့အလံဟာ ခွပ်ဒေါင်းအလံဖြစ်ပါတယ်၊
ထိုစဉ်တုန်းက ခွပ်ဒေါင်းလို့မခေါ်ပါပဲ
သူရဲကြီးအောင်လံ(သို့) ရဲသူအောင်လံ(The Victory Flag of Bravest) လို့ခေါ်ခဲ့ ကြပါတယ်၊
သူရဲကြီးအောင်လံဟာ နောက်ခံအစိမ်းရောင် ဖြစ်ပြီး အလယ်မှာ ခွပ်ဒေါင်း ပဲရှိပါတယ်။
၎င်းအလံကို ကျောင်းထဲတွင် (၁၉၃၆) ခုနှစ်မှာ တစ်ကြိမ်သာ တစ်လသာလွှင့်တင်ခဲ့ရပါတယ်၊
တက္ကသိုလ်အာဏာပိုင်တွေက ကန့်ကွက်ခဲ့လို့ ဆိုပါတယ်။
(၁၉၃၇ – ၃၈)မှ အနီခံ အဝါရောင်ခွပ်ဒေါင်းကအလယ်တွင်ရှိပြီး တကသ အဆောက်အဦတွင်လွှင့်တင်နိုင်ခဲ့ပါတယ်၊ဟုဆိုကြပါတယ်။
အဲဒီအချိန်မှာ ကိုဘဂျမ်းက တကသ ဥက္ကဌ ဖြစ်ပြီး –
ကိုအောင်ဆန်းက ဗကသ ဥက္ကဌ
ဖြစ်ပါတယ်။

ထိုစဉ်တုန်းကလည်း အလံမှာ ခွပ်ဒေါင်း
ပါရှိခြင်းနဲ့ ပတ်သက်ပြီး အတော် အတန်
အငြင်းပွားမူတွေရှိခဲ့ ကြတယ်လို့ ဆိုပါတယ်၊

ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မိူင်းက
အလံဒေသနာတော်ဆိုပြီး လေးချိုး ရှည်ကြီး
ကို အလံဆိုင်ရာအချက်တွေကို ရေးဖွဲ့ခဲ့ပါတယ်။

(၁၉၃၆) ခုနှစ်က ဗကသ ကို ဖွဲ့ ခဲကြတာ က
ဤခေတ်ကာလ သမိုင်း၏တောင်းဆိုမူနဲ့ သမိုင်းလိုအပ်ချက်အရ ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ် ဟုဆိုရမှာပါ။

ဗကသ ရဲ့ ဒုတိယ ညီလာခံကို မန္တလေးမှာ ကျင်းပခဲ့ ပြီး ဖိတ်စာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ လို့ သုံးခဲ့ပါတယ်။
(၁၉၄၁) မှာ တစ်ကြိမ် မြန်မာကို ထပ်သုံး ပြန်ပါတယ်။
ထို့နောက်ပိုင်းမှာ တလျှောက်လုံး ဗကသ လို့သာသုံးခဲ့ပါတယ်။

ယခုစာရေးသူမှ ရေးသားတင်ပြမူတို့သည် အကျဉ်ံးရုံး တင်ပြမူသာ ဖြစ်ပါတယ်။
ဗမာပြည် လွတ်လပ်ရေးအစ ဗကသ မှလို့တောင်ပြောလို့ရတဲ့ ဗကသ ၏
အရေးပါမူနှင့် ပြည်သူ လူထုနဲ့ တစ်သားတည်းသာ ဖြစ်ခဲ့ ရပါတယ်။

လွတ်လပ်ရေးရလိုမူနှင့် ပြည်သူ လူထု၏ လိုအပ်မူ သမိုင်းအဆက်ဆက် တွင် ပြည်သူ ပြည်သားများ၏ ဆန္ဒသည် ဗကသ ၏ ဆန္ဒသာ ဖြစ်ခဲ့ ကြပါတယ်။

တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခေတ်ပြောင်း တော်လှန်ရေး ဖြစ်သည့် ရှစ်လေးလုံး
အရေးတော်ပုံကြီးမှာလည်း ကျောင်းသားများဟာ –
ပြည်သူ ပြည်သားများရဲ့ ဆန္ဒများနဲ့
ထပ်တူဖြစ်ခဲ့ ကြပါတယ်။
ကျောင်းသားအဖွဲ့ အစည်းတွေဟာ
မည်ကဲ့သို့သော အခြေအနေမှာဘဲ ဖြစ် ဖြစ် မိမိတို့ရဲ့ မိဘ ပြည်သူများနဲ့ တစ်သားတည်း အတူတူ ရပ်တည် ရင်ဆိုင်လာကြတာ က လွတ်လပ်ရေးကြိုးပမ်းမူမှသည် ယနေ့ထက်ထိတိုင် ပါဆိုရင် မှားမည်မဟုတ်ပါ။

ကိုကြီးနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော် တို့ခေတ်မှသည် ယနေ့ထက်ထိတိုင် မိဘ ပြည်သူများရဲ့ နှလုံး သည်းပွတ် တွေဖြစ် ကြ၍ –
ကျောင်းသားများရဲ့ နှစ်လုံးသည်းခြာကလည်းမိဘ ပြည်သူများသာ ဖြစ်ပါတယ်။

လာမည့် အထွေထွေ ရွေးကောက်ပွဲက
မိမိတို့နိုင်ငံ နှင့် မိမိတို့ တိုင်းရင်းသားပြည်သူ ပြည်သား အားလုံး၏ ဒီမိုကရေစီ ခေတ် စနစ်သစ် အတွက် ဒုတိယ လိူင်းဖြစ်သလို
ပြည်သူ ပြည်သားများစွာ၏ ယုံကြည်မူ
ပန်းတိုင်အဆင့် အတန်း တစ်ခု ဖြစ်ပါတယ်။

တိုင်းသူ ပြည်သားများအား သောက ဗျာပါဒ
မများအောင် နေထိုင် ကျင့် ကြံ ပြုမူ ဆောင်ရွက်မူတိုင်းသည် ခေတ်အဆက်ဆက် ကျောင်းသားများ၏ ကောင်းမွန်သော ရပ်တည်မူများသာလျှင် ဖြစ်ပါတယ်။

ဗကသ ကျောင်းသားလေး ပြောသလို
၄၇ အခြေခံဥပဒေ အကျပ်အတည်းဖြစ်တော့ ၆၂ အာဏာသိမ်းမူဖြစ်တယ်၊
၇၄ အခြေခံဥပဒေ အကျပ်အတည်းဖြစ်တော့
၈၈ ဖြစ်တယ်၊
အခြေခံဥပဒေ အကျပ်အတည်း ဖြစ်ရင် မဖြစ်မနေလူထု အရေးတော်ပုံ ပေါ်တယ်၊
ကျွန်တော်တို့က အဲဒီအထိမျှော်မှန်းထားတယ်။
လို့ ပြောတာကို ဖတ်လိုက်ရပါတယ်။

သားရေ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ က
အဲလောက် မရိုးရှင်းဘူး ဆိုတာကို
သားတို့ က သိထားကြဖို့ လိုလိမ့်မယ်။

အကြမ်းဖျဉ်းတော့ ရေးသားအသိပေးပါရစေ၊၂၀၀၈ ရဲ့ နိုင်ငံတော် အခြေခံမူ
ပုဒ်မ(၄၀)(ခ) နဲ့ (ဂ) အပြင် –
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များကိုဖတ်ကြည့်လိုက်ပါကလေးရေ။
ကျန်တဲ့ အခန်း၊ ပုဒ်မတွေတော့
မရေးတော့ပါဘူး။

သားတို့က စေတနာ ဖြစ်ချင် ဇောနဲ့ လူထု အရေးတော်ပုံ
ကြီးကို ဖြစ်စေလိုက်ပါပြီ တဲ့
ဒို့ နိုင်ငံကြီးက ဘယ်လို အဆင့် အတန်း
အခြေအနေ ဖြစ်သွားပြီလဲ ?

ရထားပေါ်မှာ ဆေး ကြော်ငြာ သလိုမျိုး
ပြောလိုက်ပါရစေတော့ သိချင် ရင် ဆေးကို ဝယ်စားပါတဲ့။

ဒီတော့ ကာ ၂၀၀၈ ကို ဒို့တစ်တွေက ဘာလုပ်ရမလဲ ?
အထွေထွေ ရွေးကောက်ပွဲတွေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေ အားကောင်းလာစေဖို့ GO VOTE
လုပ်ကြရမှာပေါ့။

၂၀၀၈ ကို ပြင်လို့ မရသေးခင်မှာ ဥပဒေပြု လွတ်တော်အသီးသီးမှာ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးရေ များအောင်
မဲပေးခွင့်ရှိသူ ပြည်သူ အားလုံးက ကျည်ဆံ ထက်ပိုမိုအားကောင်းတဲ့ –
ဆန္ဒမဲ စစ်သည်တော်တွေ အဖြစ် မဲရုံတွေကို သွားကြရမှာပေါ့၊

ဒါပေမယ်လို့ တစ်ခုတော့ ညီလေးနဲ့ကိုယ်
ညှိကြရအောင် –
ရွေးချယ်ခံ ပြည်သူ့အစိုးရကို
လွတ်လွတ် ကျွတ်ကျွတ် ဖွဲ့နိုင်တဲ့ အင်အား အပြည့်ရှိတဲ့ နိုင်ငံရေးပါတီကို ဆန္ဒမဲပြားများပေးကြ ပြီး ၎င်းပါတီကိုလည်း –
အနိုင်ရ ကိုယ်စားပြု တိုင်းရင်းသားများပါဝင်
ဖွဲ့ စည်းစေဖို့ နဲ့ ညီညွတ်သော အစိုးရ နဲ့
ခိုင်မာတောင့်တင်းပြီးအင်အားရှိသော
အစိုးရ –
ဖြစ်စေရန်အတွက် တောင်းဆိုကြရမှာ
မဟုတ်ပေဘူးလား ညီလေးတို့။

တိုင်းပြည်အတွက် အလုပ်လုပ်နိုင်မယ့် သူတွေကိုလည်း ချန်မထားခဲ့ ကြေးနာ်။

အီတလီနိုင်ငံမှာ (၁၈၆၁)ခုနှစ်မှ (၅)နှစ်
တစ်ကြိမ် ရွေးကောက်ပွဲကျင်းပခဲ့တာ
(၁၉၄၆) ခုနှစ် မှ အမျိုးသမီးတွေ မဲပေးခွင့်ရခဲ့ကြရတယ်၊

(၁၉၁၃) မတိုင်မီအထိ
အမေရိကန်ပြည်ထောင်စုရဲ့ Senate အမတ်များကို လူထုကတိုက်ရိုက်
ရွေးချယ်ခြင်းမဟုတ်ပေ၊
ပြည်နယ် ဥပဒေပြု ကိုယ်စားလှယ်များကရွေးချယ်ပေးရပါတယ်၊
ဤမှာပင် ပြည်နယ် ဥပဒေပြုကိုယ်စားလှယ်က လာဘ်စားပြီး ငွေပေးနိုင်သူ
ကိုသာ Senator အဖြစ်ရွေးချယ်မူများရှိ
ခဲ့ပြီး ပြည်သူလူထုက လွှမ်းမိုးသက်ရောက်မူမရှိပါသောကြောင့်
ဖွဲ့စည်းပုံကို ပြင်ပြီးမှ လူထုမှ တိုက်ရိုက်မဲပေး ရွေးချယ်မူကို အခွင့်အာဏာ ရရှိခဲ့ပါတယ်။
အမျိုးသမီးများ မဲပေးခွင့်ရစေမူကိုလည်း
ခရစ်နှစ် (၁၉၀၀) ကျော်ခန့်မှသာ ရရှိခဲ့တာကိုတွေ့ ရပါတယ်။

နိုင်ငံများအသီးသီးက အခက်အခဲ များစွာကိုရင်ဆိုင် ဖြေရှင်း ကျော်ဖြတ်ပြီးမှသာ ယခု မိမိတို့ မြင်တွေ့ အားကျ နေရသည့် အခြေအနေများဆီကို ရောက်လာကြရတာဖြစ်ပါတယ်။

မိမိတို့တစ်တွေလည်း ရုန်းကန် ရင်ဆိုင် ဖြေရှင်းရင်းဖြင့် အရာရာကို တစ်နေ့ထက် တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် ပို၍ ပို၍ ကောင်းလာစေရန်အတွက် –
ကိုယ်တစ်ဦးခြင်း၏ အခွင့်အာဏာဖြင့်
ဆုံးဖြတ်ချက်ချကာ မဲရုံများဆီသို့
တစ်ယောက် တစ်လက်အားများဖြင့်
ယူသော် ရ၏။
ဆိုသည့် အတိုင်း မိမိတို့ တိုင်းပြည်ကို မိမိတို့၏ လက်များဖြင့် ပြောင်းလဲ ပြု ပြင်
ထူထောင်တည်ဆောက်ကြပါစို့၊

ဟု တိုက်တွန်း နိူးဆော်လိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….( 9.8.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •