သွေးစွန်းသော တနင်္ဂနွေနေ့ကြောင့် ကြားဖြတ် အစိုးရ ဖွဲ့ရန်နှင့် R2P ကို ကျယ်လောင်စွာ ပြောဆိုလာနေပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သွေးစွန်းသော တနင်္ဂနွေနေ့ကြောင့် ကြားဖြတ် အစိုးရ ဖွဲ့ရန်နှင့် R2P ကို ကျယ်လောင်စွာ ပြောဆိုလာနေပြီ
**************************************

တကမ္ဘာလုံး အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသော တနင်္ဂနွေနေ့တွင် တော့ မြန်မာ နိုင်ငံသားများ အဖို့က ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာ သော လူများ ကဲ့သို့ အနားမယူနိုင်၊ တိုင်းပြည်အနာဂတ်အရေး လွတ်လပ်ခွင့် ရရှိရေး အတွက် အသက်ကို ပဓာန မထားဘဲ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ်ပေးပါ မည်ဟု သစ္စာဆိုထားသူများ ပစ်ခတ်လာသော ကျည်ဆံများ၊ ဗုံးများ၊ နံပတ်တုတ်များ အကြားတွင် တိုက်ပွဲ ဝင်ခဲ့ကြ၍ သွေးစွန်းသော တနင်္ဂနွေနေ့အဖြစ် သမိုင်းဝင်သွားခဲ့ရပြီ ဖြစ်သည်။

ထိုနေ့က တလ ကြာလာပြီ ဖြစ်သော လူထုအုံကြွမှုကြီးကို ရက်စက်စွာ အင်အားသုံး ဖြိုခွင်းလာသဖြင့် နိုင်ငံတဝှမ်း သေဆုံးသူ ၁၈ ဦး ရှိပြီး အများ အပြား ဒဏ်ရာရရှိသွားသည်ဟု ကုလသမဂ္ဂ မှ အတည်ပြု ပြောကြားလိုက်ပြီး ပြင်းထန်စွာ ရှုတ်ချလာခဲ့သည်။

သို့သော် မြန်မာပြည်သူများက နိုင်ငံတွင်း အခြေအနေများကို စောင့်ကြည့်နေပါသည်ဆိုသော အနောက်နိုင်ငံများ နှင့် ကုလ သမဂ္ဂ အဖွဲ့အစည်း ၏ ရှုတ်ချခြင်း ဆိုသည့် default ခလုတ် ကို အလိုလို လက်ရောက်သွားသည်ထက် ပိုမို ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန် အပူတပြင်း တောင်းဆိုလာနေပြီ ဖြစ်သည်။

ပြည်သူများက စစ်အာဏာရှင် လက်အောက်တွင် နေသွားရမည့် အရေးကို စိုးရွံ့ထိတ်လန့်လာနေမှုများကြောင့် မိမိတို့ အနာဂတ် အရေး အတွက် အလူးအလဲ တိုက်ပွဲ ဝင်သွားရန် သံဓိဌာန် ချထားပြီး ဖြစ်သဖြင့် အခြေ အနေများ ပိုမို ပြင်းထန်လာဖွယ် ရှိနေသည်။

ယင်းနှင့်အတူ မိမိနိုင်ငံသားများကို အကြမ်းဖက် သတ်ဖြတ်နေသော အာဏာရှင် အစိုးရများ ရန်မှ ကာကွယ် ပေးရန် ဆိုသည့် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ကုလ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီး ညီလာခံမှ ပြဌာန်းခဲ့သော Responsibility to Protect (R2P) ကို အသုံးပြုပြီး အကူအညီ ပေးရန် တောင်းဆိုလာနေကြ သည်။

R2P တွင် အဆင့်ကြီး သုံးဆင့် ရှိနေသည်။

ပထမအဆင့် က နိုင်ငံ အစိုးရတိုင်းသည် မိမိနိုင်ငံ အတွင်း ဂျီနိုဆိုက်၊ လူမျိုးရေး သန့်စင်မှုများ၊ စစ်ရာဇဝတ်မှုများ နှင့် နိုင်ငံသားများ အပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုပ်မှုများမှ ကာကွယ်ပေးရမည်။

ဒုတိယ အဆင့် မှာ ထိုတာဝန်ကို ပျက်ကွက်နေလျှင် သက်ဆိုင်ရာ အစိုးရကို နိုင်ငံတကာ အသိုက်အဝန်းမှ ဖိအားပေးပြီး လိုက်နာရန် ဆောင်ရွက်ရမည်။

တတိယ အဆင့်က ထိုသို့ လိုက်နာရန် ပျက်ကွက်ပါက ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့် အညီ နိုင်ငံတကာ အသိုက်အဝန်းမှ စုပေါင်း၍ အချိန်မီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမည် ဖြစ်သည်။

ယခုအခါ မြန်မာ နိုင်ငံ၏ အခြေအနေသည် အာဏာသိမ်း အဖွဲ့က ၎င်း၏ သစ္စာခံ တပ်များနှင့် နိုင်ငံသားများ အပေါ် ရက်စက်စွာ သတ်ဖြတ်လာနေပြီ ဖြစ်၍ ပထမ နှင့် ဒုတိယ အဆင့်များကို ကျော်လွန်နေပြီ ဖြစ်သည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပြီ ဖြစ်သည်။

R2P ကို အကောင်အထည် ဖေါ်ရန် ကုလ အတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီသို့ အစီရင်ခံ တင်ပြပြီး လက်နက်ကိုင် ဝင်ရောက်စွက်ဖက်မှုကို လုံခြုံရေး ကောင်စီမှ အတည်ပြုပေးရမည် ဖြစ်သည်။

ယခု အချိန်အထိ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ဆုံးဖြတ်ချက်ပေါင်း ၈၀၊ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၁၃ ခု၊ လူ့အခွင့်အရေး ကောင်စီမှ ဆုံးဖြတ်ချက် ပေါင်း ၅၀ ဖြင့် R2P လိုအပ်သည်ဟု အတည်ပြုခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် အာဖရိက နိုင်ငံများနှင့် ပတ်သက်၍ ဖြစ်သည်။

လက်ရှိ အနေအထားအရ လက်နက်ကိုင် ဝင်ရောက်စွက်ဖက်ရန် ငွေအင်အား၊ လူအင်အား အရင် စုစည်း ရမည် ဖြစ်သော်လည်း ကုလသမဂ္ဂ မှ ထိုသို့ စကားစလာပြီ ဆိုကတည်းက အာဏာသိမ်း အဖွဲ့ကို ရှေ့သို့ ဆက်ပြီး မတိုးရန် ပြင်းထန်စွာ သတိပေးလိုက်သည့် သဘောပင် ဖြစ်၍ လွန်စွာ ထိရောက်မှု ရှိပြီး မြန်မာပြည်သူများ၏ ရှေ့လျှောက် ဆုံးရှုံးနိုင်စရာ ရှိနေသော အသက်ပေါင်း များစွာကိုလည်း ကယ်တင်နိုင်မည် ဖြစ်သည်။

ထိုအရေး အတွက် သက်ဆိုင်ရာ အစိုးရမှ တောင်းဆိုစရာပင် မလို ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြေပြင် အခြေအနေ များကို ထောက်ရှု၍ ထောက်ခံ တင်ပြရန်သာ လိုပေသည်။ ကုလ အတွင်းရေးမှူးချုပ်မှ အာဏာ သိမ်းအဖွဲ့၏ လုပ်ရပ်မအောင်မြင်ရန် ကြိုးပမ်းသွားမည်ဟု ကြုံးဝါးခဲ့သော်လည်း လက်ရှိတွင် ရှုတ်ချ အပြစ် တင်ခြင်းမျိုးသာ ပြုလုပ်နေ၍ စစ်မြေပြင်လို ဖြစ်လာ‌နေသော မြန်မာပြည်တွင် နောက်ထပ် ဘယ်နှစ်ယောက် သေပေးရမည်နည်းဟု မြန်မာ ပြည်သူများက သူအား မေးခွန်းထုတ်လာနေပြီ ဖြစ်သည်။

ယခုအခါ မြန်မာ နိုင်ငံ အခြေအနေသည် ပြင်းထန်သော လူမှု ဒုက္ခများ ရင်ဆိုင်ရမည့် အနေအထားသို့ ဦးတည် နေပြီး ဒီထက်ဆိုးလာပါက ပြည်တွင်းစစ်သို့ ဦးတည် နိုင်နေသည်၊ ထိုသို့ ဖြစ်လာမည်ကို အာဏာသိမ်း အဖွဲ့က လွန်စွာ တုန်လှုပ်နေသဖြင့် ယခင် ၇၂ နာရီ ဂျင်းကဲ့သို့ ယခုအခါလည်း ပြည်တွင်းစစ် ဖြစ်သွားပြီဆိုလျှင် နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်၍ မရ ဆိုသော ဂျင်း ကို ထုတ်လွှတ်လာနေပြီ ဖြစ်သည်။ အဆိုပါအရေးသည် ဂျင်း မဟုတ်ကြောင်း ရှည်ရှည်ဝေးဝေး သက်သေပြစရာ ပင် မလို၊ ဆီရီယား ပြည်တွင်းစစ်ကြီးတွင် သမ္မတ အာဆတ် ဖက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသော ရုရှားတပ်များကို မြင်နိုင်ပေသည်။

မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် ဒီထက်ပို၍ အကြမ်းဖက်လေ နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်လာရန် ဖိတ်ခေါ်သလို ဖြစ်မည့် အကျပ်အတည်း နှင့် ရင်ဆိုင်နေရပြီး ပြည်သူများကလည်း စစ်တပ်နှင့် ရဲများကို ဖက်ဆစ်ဂျပန်များအလားလွန်စွာ ရွံရှာ မုန်းတီးလာနေကြပြီ ဖြစ်သည်။

နိုင်ငံတွင်း တွင်လည်း ပြည်သူ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH မှ အိမ်စောင့်အစိုးရ ဖွဲ့စည်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။ CRPH သည် ထိုသို့ ဖွဲ့စည်း ရန် တရားဝင် အခွင့်အရေး ရထားပြီး ဖြစ်၍ အချို့ ပြောနေသလို စင်ပြိုင် အစိုးရဟု ဆို၍ မရပေ။ စင်ပြိုင်အစိုးရ ဟု အမည်တပ်လိုက်ပြီဆိုက အာဏာသိမ်း အဖွဲ့ကို အစိုးရ အဖြစ် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ယခုအခါ CRPH သည် နိုင်ငံတဝှမ်း မှ ပြည်သူများက ၎င်းတို့၏ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုကာ တခဲနက် ထောက်ခံမှုကို ရရှိနေပြီလည်း ဖြစ်သည်။ ယင်းနှင့် အတူ CRPH ကို လူထု ၏ ထောက်ခံမှု ကျဆင်း စေရန် နည်းမျိုးစုံဖြင့် ဂျင်းသတင်းများ၊ သူ့လူ ကိုယ့်ဖက်သား လုပ်ပြီး ဝေဖန်မှုများ နှင့် တိုက်ခိုက်လာနေကြ သည်။

CRPH နှင့် ပူးပေါင်းကာ နိုင်ငံတကာမှ အသိအမှတ်ပြုရေး သံတမန် ထိုးစစ်တွင် ပါဝင်မည် စိုး၍ နိုင်ငံ အများ အပြား မှ သံမှူးများ နှင့် ဝန်ထမ်းများကို ပြန်လည် ခေါ်ယူနေပြီ ဖြစ်သည့်အပြင် CRPH နှင့် မည်သည့် ပုံစံမျိုးနှင့်မှ အဆက်အသွယ် မလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်လာနေကြသည်။ ထို့အပြင် ယခင် ရွေးကော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးခဲ့မှု ပျက်ပျယ်သွားပြီ ဖြစ်၍ CRPH တွင် ပါဝင်ရန် ဆန္ဒ မရှိသူများ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား၍ စစ်ကောင်စီသို့ သတင်းပို့ရမည်၊ ပျက်ကွက်က ပြင်းထန်စွာ အရေးယူမည် ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

သို့သော် လက်နက်အားကိုး သက်သက်ဖြင့် အာဏာရယူထားသော ၎င်းတို့၏ အမိန့်များကို မည်သူမှလည်း အရေးတယူ လုပ်ကြမည် မဟုတ်ပေ။

ဤသည်ကပင် CRPH သည် ၎င်းတို့ကို အကြီးအကျယ် ခြိမ်းခြောက်လာနေသည့်အဖြစ်ကို အသိအမှတ် ပြုလာရခြင်းဖြစ်သည်။ CRPH ၏ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်များသည် ယခုအခါ အမေရိကန် အစိုးရ အရာရှိကြီးများ၊ အောက် နှင့် အထက်လွှတ်တော် အမတ်များနှင့် ဆက်သွယ်နေပြီ ဖြစ်ရာ ၎င်းတို့ထံမှ “military option will not be ruled out” ဟူ သော စကား ထွက်လာအောင် တိုက်တွန်း နှိုးဆော်သင့်သည်။

လက်ရှိ ပြည်သူများကို အကြမ်းဖက် နှိပ်ကွပ်နေကြသော စစ်တပ် နှင့် ရဲအဖွဲ့ဝင်များ သိထားရမည်က အာဏာသိမ်း အဖွဲ့ ပြိုကွဲသွားမှု နှင့် အတူ ၎င်းတို့၏ ပြစ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ တရားရုံးမှ ကမ္ဘောဒီယားရှိ ခမာနီ ပိုပေါ့ အစိုးရလက်ထက် (၁၉၇၅-၇၉) က ကျူးလွန်ခဲ့သော ပြစ်မှုများကို နိုင်ငံတွင်း Special International Criminal Tribunal အထူးခုံရုံး ဖွဲ့၍ လာရောက် တရားစီရင်ခဲ့ရာ အသက် ၉၀ နည်းပါး ရောက်နေပြီ ဖြစ်သော အရာရှိ အရာခံ အကြပ်တပ်သားများ ပင် ထောင်ဒဏ် အသီးသီး ကျခံသွားရသည်။ အချို့လည်း စခန်းသွင်း ချုပ်နှောင် အပြစ်ပေး ခံခဲ့ရသဖြင့် သားတကွဲ မယားတကွဲ နေထိုင်သွားခဲ့ရကြသည့် အဖြစ်များစွာရှိသည်။ ထို့အတွက် မိမိတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများသည် နှစ်ပေါင်းများစွာ ကြာလည်း အရိပ်လို ကပ်လိုက်နေသည်ကို သတိပြုကြရမည် ဖြစ်သည်။

နှစ်ဆယ့်တရာစုအတွင်း ဖြစ်ပေါ်လာနေသည့် စစ်အေးတိုက်ပွဲကြီးမှာ နှစ်ဆယ်ရာစုကဲ့သို့ ဥရောပတွင် မဟုတ် တော့ဘဲ အာရှ စစ်မျက်နှာ သို့ ရွှေ့ပြောင်းလာပြီဖြစ်သဖြင့် အချက်အချာ ဖြစ်လာသော မြန်မာပြည်အား အမေရိကန်နှင့် မဟာမိတ်များက တရုတ်ဩဇာခံ အဖြစ် မည်သို့မျှ အရောက်ခံမည် မဟုတ်သည့် ဘူမိ နိုင်ငံရေး အနေအထားကိုလည်း တွက်ဆတတ်ရမည် ဖြစ်သည်။

ကုလအတွင်းရေးမှုးချုပ်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၊ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ နှင့် အာဆီယံ ကိုယ်စားပြု ရှေ့တန်းမှ ပါဝင်လာသော အင်ဒိုနီရှား အပါအဝင် နိုင်ငံအများအပြားမှ တနင်္ဂနွေ့ တွင် အာဏာသိမ်း အဖွဲ့ ကျူးလွန်ခဲ့သော လူသတ်ပွဲကြီးများကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

လက်နက်မဲ့ နိုင်ငံသားများကို သတ်ဖြတ်နေသော လူများနှင့် ဖွဲ့ထားသော အစိုးရကို မည်သူကများ တရားဝင် အဖြစ် ရှေ့လျှောက် အသိအမှတ်ပြု ဆက်ဆံသွားမည်နည်း။

အရေးတော်ပုံ အောင်ရမည်!!!

(ပုံတွင် မန္တလေး မြို့ ထိုင်သပိတ်ကို တနင်္ဂနွေ နေ့က တွေ့ရစဉ်)


Spread the love
  •  
  •  
  •  
  •  
  •  
  •