ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည်
(HARD CHOICE)
******************************

သူမ ပုံက ပိန်ပိန်သွယ်သွယ် နှင့် ပျော့ဖတ်ဖတ် ဖြစ်နေသည်ဟူ၍ပင် ပြောနိုင်သည်။ သို့သော် သူမ၏ အတွင်းစိတ်ဓါတ် သည် အားမာန်အပြည့်နှင့် ရှိနေသည်ကိုက မည်သူမျှ သတိမမူမိဘဲ ရှိကြလိမ့်မည် မဟုတ်ပေ။ တည်ငြိမ် အေးဆေးသည့် ဣန္ဒြေ နှင့် ကာလကြာမြင့်စွာ အကျဉ်းချခံနေရသည့် ခန္ဓာကိုယ်ထဲတွင် အားအင်အပြည့်ရှိနေသည့် စိတ်ဓါတ်ခွန်အားများ အရစ်လိုက် အရစ်လိုက် ဝိုင်းပတ်နေသည်ကိုလည်း တွေ့နေရပြန်သည်။ ကျမသည် သူမလို အကျဉ်းချခံခဲ့ကြရသည့် နယ်ဆင် မင်ဒဲလား နှင့် ဗားကလပ် ဟေဗယ်တို့တွင် လျပ်တပြက် မြင်တွေ့ခွင့် ရခဲ့သည့် အရည်အသွေးမျိုး သူမထံတွင် တွေ့နေရသည်။ သူတို့လိုပင် သူမ သည် နိုင်ငံတခု၏ မျှော်လင့်ချက်များကို ပုခုံးထက်တွင် ထမ်းထားရပြီ ဖြစ်သည်။

ကျမသည် အောင်ဆန်းစုကြည်အား ပထမဆုံး တွေ့ခွင့်ရခဲ့သည့် အချိန်ကား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ ဖြစ်သည်။ ထိုနေ့ကား ကျွန်မတို့ နှစ်ဦးစလုံး အဖြူရောင် ကို ဝတ်ဆင်ထားကြသည်။ ဤသည်ကပင် မတော်တဆ တိုက်ဆိုင်သွားခဲ့သည့် မင်္ဂလာ တပါးပင် ဖြစ်သည်။ ယခုလို ထင်ရှားကျော်ကြားလှသည့် အစိုးရ ဆန့်ကျင်ရေး သမားတဦး အကြောင်းကို နှစ်ပေါင်းများစွာ စာအုပ်စာတန်းများ ဖတ်ရှုခဲ့ရကာ အကြိမ်ပေါင်း များစွာ အတွေးနယ်ချဲ့ခဲ့ရပြီးနောက် ယခုတော့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရခဲ့ပြီလည်း ဖြစ်သည်။ သူမသည် အကျယ်ချုပ် ဘဝမှ လွတ်မြောက်လာခဲ့ပြီး ဖြစ်သည်။ ထို့အတွက် ကျမ အဖို့ သူမ ၏ အာဏာရှင်နိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အလားအလာများကို ဆွေးနွေးရန် မိုင်ပေါင်း ထောင်ချီဝေးကွာလှသော ခရီးကို နှင်လာခဲ့ရခြင်းဖြစ်သည်။ ထိုနေ့မှာ ရန်ကုန်ရှိ အမေရိကန် သံရုံးအကြီးအကဲ၏ အိမ်ဝင်းအတွင်းတွင် နှစ်ဦးတည်း ညစာ အတူ စားဖြစ်ခဲ့ကြသည်။ ကျမတို့ အဖို့က ယခုမှသာ ဆုံဖြစ်ခဲ့ကြသော်လည်း ဘဝတလျှောက်လုံး သိကျွမ်းပြီးခဲ့သူများလို စိတ်တွင် ထင်မြင်နေမိကြသည်။

ကျမတွင် မေးစရာ မေးခွန်းပေါင်း များစွာ ရှိနေသည်။ သူမတွင်လည်း ကျမလို ရှိနေပေလိမ့်မည်သာ၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီ လှုပ်ရှားမှု အတွက် အားလုံးက တလေးတစား အမွှန်းတင်ခံနေရသူ သူမသည် ယခုအခါ ဒီမိုကရေစီ နှင့် နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မည် ဖြစ်သည်။ ထိုအရေးကို အတိုက်အခံ လုပ် တောင်းဆိုနေရသည့် ဘဝမှ တကယ်ကျင့်သုံးရမည် အဖြစ်ကို မည်သို့ ရွေ့လျားသွားမည်နည်း။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လမ်းကြောင်းသစ် အပေါ် မိမိကိုယ် မိမိ လုံးလုံးလျားလျား နေရာချထားခြင်းမျိုး နှင့် ဆင်တူနေမည်လား၊ အစပိုင်းတွင် အေးအေးသက်သာ ပြောခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျမတို့ ရီရီမောမော နှင့် လွတ်လပ်ပွင့်လင်းစွာ မိတ်ဆွေဟောင်းများလို စကားပြောဖြစ် ခဲ့ကြသည်။

ယခုအချိန်သည် လွန်စွာ သိမ်မွေ့စွာဖြင့် လှုပ်ရှားမှ ဖြစ်မည်ကို ကျမတို့ နှစ်ဦးစလုံး သိနေခဲ့ကြသည်။ သူမ၏ နိုင်ငံရှိ ဗိုလ်ချုပ်ကြီးများက လွန်စွာ အရေးပါသည့် အပြောင်းအလဲများ စတင်ပြုလုပ်တော့မည် အချိန်လည်း ဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် နိုင်ငံသည် ယခင်လို သွေးအလူးလူး နှင့် ဖိနှိပ်ချုပ်ချယ်ခံ ဘဝသို့ ချက်ခြင်းလို ပြန်ရောက်သွားနိုင်သည်။ ကျမတို့ အဖို့ မှန်ကန်သည့် လမ်းကြောင်း သို့သွားနိုင်ရန် ဖေါ်ဆောင်နိုင် မှသာ တိုးတက်လာမည့် အလားအလာများက မျိုးဆက်တခု အတွင်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။

မြန်မာပြည်အား အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းပြီး ကမ္ဘာမိသားစု အတွင်း ပြန်လည် ဝင်ရောက်နိုင်ရေး အတွက် အမေရိကန် ပြည်ထောင်စု အဖို့ အကူအညီပေးနိုင်ဖို့ မချင့်မရဲ ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မြန်မာ ကိုယ်နှိုက်ကပင် ထိုသို့သော အခွင့်အရေးမျိုး ရရန်ထိုက်တန်လှပေသည်။ သန်းပေါင်းများစွာ သော နိုင်ငံသားများသည် လွတ်လပ်ခွင့် နှင့် ကြွယ်ဝချမ်းသာခွင့်များ ခံစားနိုင်ရန် အခွင့်အရေးများ ထိုက်ထိုက်တန်တန်ကို ရသင့်နေကြသူများ ဖြစ်သည်။ မဟာဗျူဟာအရ ပို၍ ကြီးမားစွာ ပါဝင် ပတ်သက်လာနိုင်စရာလည်း ရှိနေသည်။ မြန်မာသည် အမေရိကန်နှင့် တရုတ်တို့ ဩဇာလွှမ်းမိုးခွင့်ရရန် ယှဉ်ပြိုင်နေသည့် အရှေ့တောင်အာရှ၏ အလယ်ဗဟို တည့်တည့်တွင် ရှိနေပြန်သည်။

မြန်မာနိုင်ငံတွင် အဓိပ္ပါယ် အပြည့်အဝရှိမည့် ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နိုင်ခဲ့မည် ဆိုလျှင် ကျမတို့ အကောင်အထည်ဖေါ်ရန် ကြိုးစားနေသည့် အာရှတခွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ တိုးမြှင့် ဖြစ်ပေါ် လာရေး အား ဒေါက်တိုင်ကြီးသဖွယ် အားဖြည့်ပေးမည့် မဟာဗျူဟာ အတွက် မှတ်တိုင်ကြီး တခု အဖြစ် စိုက်ထူနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် အာရှတွင်သာ မက အခြားနေရာများရှိ အာဏာရှင်များလည်း ၎င်းတို့ ပြည်သူများ၏ ပြစ်တင် မာန်မဲခြင်း ခံလာကြရမည် ဖြစ်သည်။

ကျမတို့ မအောင်မြင်ခဲ့လျှင်တော့ ထိုအရာများနှင့် ဆန့်ကျင့်ဖက် ရလဒ်များ ထွက်ပေါ်လာပေတော့မည်။ ကျမတို့အဖို့ မြန်မာ ဗိုလ်ချုပ်ကြီးများ၏ လှည့်ဖျားခံရမည့် အန္တရာယ်ကလည်း ရှိနေပြန်သည်။ လက်တွေ့တွင် မည်မည်ရရ အပြောင်းအလဲများ လုပ်စရာ မလိုဘဲ နိုင်ငံတကာမှ ဝိုင်းပယ်ခံထားရမှုများ အက်ကြောင်း ထလာရုံလောက်သာ၊ အနည်းငယ် မဆိုသလောက် လိုက်လျောပေးလိုက်ရုံဖြင့် လုံလောက်မည်ဟု ယူဆကောင်း ယူဆလာနိုင်သည်။ ထိုသို့ အခြေအနေများ ကွဲကွဲပြားပြား ဖြစ်မလာသေးဘဲ မြန်မာသို့ လက်ကမ်းပေးခြင်းသည် မှားသည်ဟု အမေရိကန် ပြည်တွင်း ၌ ယုံကြည်သူများလည်း ရှိနေသည်။ ကျမအနေဖြင့် စောစောက ပြောသည့် အန္တရာယ်များကို မျက်စိ အစွမ်းကုန် ဖွင့်၍ ကြည့်ရတော့မည်သာ ဖြစ်သည်။ သို့သော် ဖြစ်လာနိုင်စရာ ရှိသည်များကို သေချာ ချိန်ဆ၍ စဉ်းစားပြီးနောက်တွင် ရရှိလာသော အခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ဟု ရှုမြင်လာမိသည်။

ကျမ နှင့် အောင်ဆန်းစုကြည်တို့ နှစ်နာရီ နည်းပါးမျှ စကားပြောဖြစ်ခဲ့ကြသည်။ သူမသည် မြန်မာ စစ်အုပ်ချုပ် ရေးသမားများ ပြုလုပ်ရန် စဉ်းစားနေသည့် ပြုပြင်ပြောင်းလဲရေးများကို အမေရိကန်မှ ဘယ်ပုံဘယ်နည်း တုန့်ပြန်မည်ကို သိချင်နေသည်။ ကျမက မိမိတို့မှ ပြုလုပ်လာမည့် လှုပ်ရှားမှု တခုစီ ကို ကြည့်ပြီး အဆင့်လိုက် တုန့်ပြန်သွားမည်ဟု ပြန်ပြောခဲ့သည်။ ကျမတို့ဖက်မှ ကမ်းလှမ်းနိုင်သည့် အချက်များစွာ ရှိနေပြီး ထိုအထဲတွင် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ရေး မှသည် ပိတ်ဆို့ ဒဏ်ခတ်ထားမှုများ လျော့ချပြီး ရင်းနှီးမြှုပ်နှံမှုများ ဝင်လာအောင် လုပ်ပေးနိုင်သည်အထိ ပါဝင်နေသည်။

ထိုသို့ ဖြစ်မလာမီ ကျမတို့မှ နိုင်ငံရေးအကျဉ်းသားများ ဒီထက်မက လွှတ်ပေးတာမျိုး၊ ယုံကြည်ရလောက်သည့် ရွေးကောက်ပွဲများ ကျင်းပပေးခြင်းမျိုး၊ တိုင်းရင်းသား လူနည်းစုများ ၏ အခွင့်အရေးများကို အကာ အကွယ်ပေးချင်းမျိုး၊ မြောက်ကိုရီယားနှင့် စစ်ရေးအရ ဆက်ဆံတာမျိုး၊ အဆုံးသတ်သွားတာမျိုး နှင့် ကာလကြာမြင့်စွာ ဖြစ်ပွားနေသည့် တိုင်းရင်းသား လူနည်းစုများ နှင့် ပဋိပက္ခများကို အဆုံးသတ်စေမည့် လမ်းကြောင်း ပေါ်ပေါက်လာတာ မျိုး အစရှိတာတွေကို မြင်လိုသေးကြောင်း ပြောပြခဲ့သည်။ ကျမတို့ ဖက်က လုပ်လာတာ မှန်သမျှသည် ရှေ့လျှောက် တိုးတက်မှုများ ဖြစ်ပေါ်လာအောင် ပျိုးထောင်ပေးချင်းမျိုးသာ ဖြစ်လိမ့်မည်ဟုလည်း သူမကို ကျမ အာမခံ ခဲ့သည်။

အောင်ဆန်းစုကြည်သည် ရှေ့တွင် သူမရင်ဆိုင်ရမည့် အခက်အခဲများနှင့် တိုင်းပြည်ကို ထိန်းချုပ်ထားသည့် လူများ အကြောင်း ကောင်းစွာ သိရှိနားလည်ထားပြီး ဖြစ်နေသည်။ သူမ၏ ဖခင်ဖြစ်သူ အောင်ဆန်း ကိုယ်တိုင်လည်း တိုင်းပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှ နှင့် ဂျပန်တို့ထံမှ အောင်မြင်စွာ တိုက်ယူ ပေးနိုင်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေး ပြိုင်ဖက်တဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

အောင်ဆန်းစုကြည်သည် မအောင်မြင်ခဲ့သော ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားပြီး နောက် နိုင်ငံရေး လောကထဲ ဝင်ရောက်လာပြီး တနှစ်မပြည့်ခင် ၁၉၈၉ ဇူလိုင်လတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်ကတည်း က အဖမ်းခံလိုက်၊ ပြန်လွှတ်ပေးလိုက်နှင့် သံသရာ လည်နေခဲ့ရသည်။

၁၉၉၀ တွင် စစ်တပ်မှ ရွေးကောက်ပွဲများ ကျင်းပပေးသည့် အခါတွင်တော့ သူမ၏ ပါတီသည် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ချက်ခြင်းဆိုသလို ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြေညာခဲ့ကြသည်။ နောက်တနှစ်တွင် သူမသည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထိုဆုကို ခင်ပွန်းဖြစ်သူ တိဘက် ဗုဒ္ဓဘာသာရေးရာ ကျွမ်းကျင်သူ ပညာရှင် ဗြိတိသျှ လူမျိုး အောက်စဖို့ ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ်နှင့် သားဖြစ်သူက လက်ခံရယူခဲ့သည်။

အောင်ဆန်းစုကြည်သည် သူမ အကျယ်ချုပ် ကျခံနေရစဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်ရခဲ့သော အကြိမ်ပေါင်းမှာ လက်ချိုး ရေတွက်၍ပင် ရနိုင်ပေသည်။ ဒေါက်တာ အဲရစ်သည် သူ့တွင် ဆီးကြိတ်ကင်ဆာ ဖြစ်နေပြီဟု သိရှိလာပြီးနောက်တွင်မူ မြန်မာ ဗိုလ်ချုပ်ကြီးများက သူ့အား နောက်ဆုံးရက်များကို ဇနီးဖြစ်သူနှင့် အတူ ရှိနေရန် အတွက် လျောက်ထားလာသည့် ပြည်ဝင်ခွင့် ဗီဇာကို ထုတ်ပေးရန် ငြင်းဆိုလိုက်ကြပြီး ထိုအစား အောင်ဆန်းစုကြည်အား တိုင်းပြည်မှ ထွက်သွားရန် ပြောလာခဲ့ကြသည်။ သူတို့ ပြောသလို ထွက်သွားပါက မည်သည့် အခါမျှ ပြန်လာခွင့် ရတော့မည် မဟုတ်သည်ကို သူမသည် ကောင်းစွာ ရိပ်စားမိပြီးလည်း ဖြစ်သည်။ ထို့အတွက် ဗိုလ်ချုပ်ကြီးများ ပြောသည့်အကြံကို လက်မခံဘဲ ငြင်းပယ်လိုက်ပြီး ခင်ပွန်းဖြစ်သူအား နောက်ဆုံး နှုတ်ဆက်ရမည့် အခွင့်အရေးကို အဆုံးရှုံးခံလိုက်ပေတော့သည်။ ဒေါက်တာ အဲရစ်သည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

အောင်ဆန်းစုကြည်သည် ရည်ရွယ်ချက် ကောင်းများကို သံသယ ဖြင့် ရှုမြင်တတ် အောင် သင်ကြားတတ် မြောက်လာခဲ့ပြီ ဖြစ်သည်။ ထိုအပြင် သူမ၏ အပေါ်ယံ စိတ်ကူးယဉ်ဆန်သည့် အတွေးအခေါ်များ အောက်တွင် တည်ရှိနေသည့် အဖြစ်အပျက်များကို လက်တွေ့ကျကျ အသေးစိတ် သုံးသတ်တတ်သည့် အလေ့အကျင့်လည်း ရလာခဲ့ပြီ ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး များ လမ်းပွင့်လာခြင်းသည် အစစ်အမှန် ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ သို့သော် အကျအန စမ်းသပ်စစ်ဆေးရန်တော့ လိုသေးသည်ဟု သဘောထားခဲ့သည်။ ကျမတို့ နှစ်ဦးလည်း နောက်တနေ့တွင် သူမအိမ်တွင် ထပ်တွေ့ပြီး အသေးစိတ် ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ကျမ မှာ သူနှင့် လမ်းခွဲခဲ့ပြီးနောက် ယခုလို တွေ့ခွင့်ရခဲ့ခြင်းသည် အိမ်မက်ဟုတ်မဟုတ် မိမိကိုယ် မိမိ ဆိတ်ဆွဲကြည့်ခဲ့ရသည့်အထိပင်၊ ကျမ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသည့် ၂၀၀၉ ခုနှစ်က ယခုလို တွေ့ဆုံဖို့ ဖြစ်လာနိုင်သည်ဟု မည်သူမျှ စိတ်ပင် ကူးမိကြမည်မဟုတ်ပေ။ ထိုအချိန်က မြန်မာစစ်သားများက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရွှေဝါရောင် သင်္ကန်းများ ဝတ်ဆင်ထားသည့် သံဃာတော်များအား စက်သေနတ်များဖြင့် ပစ်ခတ်နှိမ်နှင်းနေသည့် မြင်ကွင်းကို ကမ္ဘာတဝှမ်းက ထိတ်လန့်တကြား တွေ့မြင်ခဲ့ရသည်မှာလည်း နှစ် နှစ်ခန့်ပင် ရှိသေးသည် မဟုတ်ပါလား။

ယခုအခါတွင်တော့ နိုင်ငံသည် ခေတ်သစ် တခုသို့ ဝင်ရောက်ရန် အစပျိုးနေပြီ ဖြစ်သည်။ ဤသည်ကို ကြည့်၍ ကမ္ဘာကြီးသည် မည်မျှ လျှင်မြန်စွာ ပြောင်းလဲနိုင်စွမ်း ရှိနေသည်နှင့် ထိုသို့ လျှင်မြန်စွာ ဖြစ်ပေါ်လာနေသော အပြောင်းအလဲများ ကို အမေရိကန် ပြည်ထောင်စု အနေဖြင့် ထွေးပွေ့နိုင်ဖို့ အဆင်သင့် ဖြစ်နေရန်လည်း မည်မျှအထိ အရေးကြီးကြောင်းကို ကျမတို့အား သတိပေးသလို ဖြစ်ခဲ့ရပြန်သည်။

(ဆက်ပါဦးမည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •