ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည်- အပိုင်း(၂)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည်
(HARD CHOICE)
******************************

(၂)

မြန်မာသည် အိန္ဒိယ တိုက်ငယ်နှင့် အရှေ့တောင်အာရှ မဲခေါင်မြစ်ဝှမ်းအကြားရှိ လူဦးရေ သန်း ၆၀ နည်းပါးခန့်ရှိသော နိုင်ငံတခု ဖြစ်ပေသည်။ တခါက “အာရှ၏ စပါးကျီ” ကြီးဟု ထင်ရှားခဲ့ဖူးသည်။ ရှေးဟောင်း ဘုရားပုထိုးများနှင့် စိမ်းလန်းသော ရှုခင်းများက ခရီးသွားများသာမက ရုယတ် ကစ်ပလင်းနှင့် ဂျော့ခ်ျ အောဝဲလ်ကဲ့သို့ သော စာရေးဆရာကြီးများ၏ စိတ်ကူးအာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များနှင့် မဟာမိတ်တပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်မြေပြင်
လည်း ဖြစ်ပေသည်။ စကားကို ခပ်ပြတ်ပြတ် ပြောတတ်သဖြင့် “ရှလကာရည် ဂျိုး” ဟု အမည်တွင်ခဲ့သည့် ဗိုလ်ချုပ်ကြီး စစ်ဝဲလ်သည် တရုတ်နိုင်ငံအတွင်းသို့ ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော လွန်စွာ အရေးပါလှသည့်
“Burma Road” ကို ပွင့်သွားအောင် တိုက်ယူနိုင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင်တော့ အောင်ဆန်းစုကြည်၏ ဖခင်သည် မြန်မာလွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် စနစ်နှင့် စီးပွားရေးတွင် စီမံခန့်ခွဲမှုအလွဲများကြောင့် နိုင်ငံသည် ချွတ်ခြုံကျလာကာ လူတောမတိုးသည့် ဘဝ သို့ရောက်သွားခဲ့ရသည်။ လက်ရှိတွင် မြန်မာသည် လူအခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်လျှက် ရှိနေသည်။ ထို့အတွက်လည်း အရှေ့တောင် အာရှ အလယ်ဗဟိုတွင် မတည်ငြိမ်မှု နှင့် ရန်လိုမှုများ ဖြစ်လာဖို့ အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ကြီးထွားလာနေခြင်းနှင့် မြောက်ကိုရီယားနှင့် စစ်ရေးဆက်ဆံမှုများ တိုးမြှင့် လုပ်ဆောင်လာနေခြင်းတို့ကြောင့် ကမ္ဘာလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။

ကျမအတွက် ရန်ကုန်ခရီးစဉ် အစပျိုးနိုင်ရန်၂၀၀၉ ဇန်နဝါရီတွင် ကက်ပီတိုဟေးလ်၌ တွေ့ဆုံ ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ရသည်။ ကျမ သည် ဆီးနိတ်တွင် ရှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သဖြင့် မစ်ခ်ျ
မက်ကွန်းနယ် နှင့် လိုအပ်သည့် အတိုင်းအတာ အထိ ကောင်းစွာ သိကျွမ်းခဲ့ရပြီးလည်း ဖြစ်သည်။ သို့‌‌သော် ကျမ နှင့် သူသည် အကြောင်းအရာ အတော်များများအပေါ်သဘောထားချင်း တိုက်ဆိုင်ခဲလှသည်။ သူသည် ကင်တပ်ကီ ပြည်နယ်မှ ရှေးရိုးစွဲ အယူရှိသော ဆီးနိတ် ရီပတ်ဘလီကင် လူနည်းစု ‌ခေါင်းဆောင်လည်း ဖြစ်သည်။ ထို့အတွက် အိုဘာမား စီစဉ်ထားသမျှ ကို တခုမကျန် ကန့်ကွက်ရန်ကိုလည်း ပြောင်ကျကျပြောဆိုထားခဲ့ပြီး ဖြစ်သည်။ သူ၏ အဓိက ရည်ရွယ်ချက်သည် အိုဘာမား အား သက်တမ်းတခုထက် ပို၍ ရှိမနေ‌စေရန်ပင် ဖြစ်ပေသည်။ နိုင်ငံခြားရေး မူဝါဒ အပိုင်းတွင် သူ နှင့် တွဲလုပ်၍ ဖြစ်နိုင်မည့် အကြောင်းတခုက ရှိနေသည်။ ဆီနိတ်တာ မက်ကွန်းနယ်သည် ၁၉၈၈ သွေးထွက်သံယို နှိမ်နှင်းခြင်းခံခဲ့ရသည့် မြန်မာပြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ထိုအချိန်ကစ၍ စိတ်ရောကိုယ်ပါ ထောက်ခံနေသူ ဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ရှိ စစ်အစိုးရအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ရန် ဦးဆောင် လှုပ်ရှားလာခဲ့သူလည်း ဖြစ်သည်။ အောင်ဆန်းစုကြည် အပါအဝင် စစ်အစိုးရ ဆန့်ကျင်သူများနှင့် ဆက်ဆံမှုများ ရှိထားသူ ဖြစ်နေသည်။

ကျမ အဖို့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူဖို့ ဖြစ်လာရချိန်က စပြီး မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်သင့်ပြီဟု ယူဆထားခဲ့ပြီး ဖြစ်သည်။ ထိုကိစ္စကို ဆီနိတ်တာ မက်ကွန်းနယ် မှ သဘောတူနိုင်ပါ့
မလားဟုလည်း အတွေးဝင်မိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ပြဠာန်းလာပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်း
ပမည့် အနေအထားကို မည်သည့် လေ့လာစောင့်ကြည့်သူ တဦးတလေကမျှ အလေးအနက် သဘော မထားခဲ့ကြပြန်ပေ။ အောင်ဆန်းစုကြည်ကိုလည်း တားမြစ်ထားကြ‌ဆဲပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများက လွှတ်တော်တွင် စစ်ဖက်မှ အနည်းဆုံး နေရာ လေးပုံတပုံကို ရရှိထားရန် အာမခံနိုင်မည့် ဖွဲ့စည်းပုံ စည်းမျဉ်းများကို ရေးဆွဲထားကြပြီး ဖြစ်သည်။ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နေသူများထံမှ ထိုသို့ အသင့်အတင့် လိုက်လျောမှုများ
ထွက်ပေါ်လာခြင်းကပင် စိတ်ဝင်စားဖို့ ကောင်းနေရပေသည်။ ယခင်ကလည်း မျှော်လင့်သလို ဖြစ်မလာခဲ့သည်များကလည်း ရှိနေခဲ့သည်။ ၁၉၉၅ တွင် စစ်အုပ်ချုပ်ရေး အဖွဲ့က အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခဲ့သဖြင့် ထိုအချိန်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မက်ဒဲလင်း အဲဘရိုက်သည် စစ်အစိုးရမှ ဖြေလျှော့မှုများ ပြုလုပ်ရန် အဆင်သင့် ရှိကောင်းရှိနေမည် ဆိုသည့် အတွေးဖြင့် ရန်ကုန်သို့ ပေါက်ချလာခဲ့သည်။ သူမနှင့်အတူ ဘီဂျင်းတွင် ကျင်းပခဲ့သော ကမ္ဘာအမျိုးသမီးများ ညီလာခံမှ ကျမ အပါအဝင် တက်ရောက်သူများ လက်မှတ်ရေးထိုးထားသော ပိုစတာ ကိုပါယူသွားခဲ့သည်။ ၁၉၉၆ တွင် ကျမသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့စဉ်က ချင်းမိုင် တက္ကသိုလ်တွင် မိန့်ခွန်းပြောဖြစ်ခဲ့ရာ “အောင်ဆန်းစုကြည် နှင့် စစ်အုပ်ချုပ်ရေး အဖွဲ့အကြား အမှန်တကယ် အကျိုး ဖြစ်ထွန်းနိုင်မည့် ဆွေးနွေးပွဲများ စတင်ရန်” တောင်းဆိုခဲ့သည်။ ထိုသို့ ဖြစ်မလာဘဲ ဗိုလ်ချုပ်ကြီးများက သူမ၏ သွားလာမှု နှင့် နိုင်ငံရေး လှုပ်ရှားမှုများကို တင်းကျပ်စွာ ကန့်သတ် ခဲ့ကြပြန်သည်။ ဤသို့ဖြင့် ၂၀၀၀ ခုနှစ်တွင် သူမအား အကျယ်ချုပ် ပြန်လည် ထားရှိခဲ့ကြပြန်သည်။ ဘီလ်က သူမ၏ ရဲရင့်သော စိတ်ဓါတ်ကို ဂုဏ်ပြုသည့် အနေဖြင့် အမေရိကန် သမ္မတ၏ အရပ်သားများကို ပေးသည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော Medal of Freedom ဆုကို ချီးမြှင့်ခဲ့သည်။ မျှော်လင့်ထားသလိုပင် သူမ ကိုယ်တိုင် လာရောက်လက်ခံရယူ နိုင်ခဲ့ခြင်း မရှိပေ။ ထိုကာလများက ထိတွေ့ ဆက်ဆံ ခဲ့မှုများက မအောင်မမြင် ဖြစ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်တော့ ကျမတို့ဖက်မှ ဖယ်ကျဉ်ထားမှု နှင့် စီးပွားရေး ဒဏ်ခတ်ခဲ့မှုများကြောင့် အခြေအနေများကောင်းလာရသည်ဟု ပြောရန် အလွန်ခက်ခဲသည့် အနေအထား ဖြစ်လာခဲ့ရသည်။ ကျမတို့ အခြားဘာများ လုပ်နိုင်စရာ ရှိသေးလဲဟုမေးခွန်းထုတ် လာခဲ့ရပြီ ဖြစ်သည်။

ကျမက မြန်မာပြည်အပေါ် ထားသည့် မူဝါဒကို အစမှ အဆုံး အသစ်တဖန် ပြန်လည်သုံးသပ်ကြည့်ချင်သည်ဟု ဆီနိတ်တာ မက်ကွန်းနယ်ကို ပြောပြခဲ့သည်။ သူကိုယ်တိုင်လည်း ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ခဲ့၍ ဖြစ်သည်။ အစပိုင်းတော့ သံသယ ရှိပုံ ရသော်လည်း နောက်ဆုံးတွင် ထောက်ခံလာခဲ့သည်။ ဤသို့ဖြင့် မြန်မာပြည်အပေါ် မူဝါဒပိုင်း ပြန်လည်သုံးသပ်မှုကို ပါတီနှစ်ခု စလုံးက ထောက်ခံလာခဲ့ပြီ ဖြစ်သည်။ ဆီနိတ်တာ မက်ကွန်းနယ်က သူ၏ ရုံးခန်းနံရံတွင် မှန်ဘောင်သွင်းကာ ချိတ်ဆွဲထားသော ‌အောင်ဆန်းစုကြည်၏ စာကို ကျမအား ဂုဏ်ယူဝင့်ကြွားစွာ ပြခဲ့ပြန်သည်။ ကျမ အဖို့လည်း သူသည် မြန်မာအရေးအား သူ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စတခု သဖွယ် အလေးထားနေသည်ကို သဘောပေါက်သွားခဲ့ရသည်။ ကျမကလည်း ရှေ့လျှောက် လုပ်သွားစရာ ရှိသည်များကို သူ့အား အမြဲလို အသိပေး တိုင်ပင်သွားပါမည်ဟု ကတိပေးခဲ့သည်။
(ပုံတွင် ဒေါ်အောင်ဆန်းစုကြည်အား မက်ကွန်းနယ်နှင့် အတူ တွေ့ရစဉ်)

သူ့အပြင် နောက်ထပ် ဆီနိတ်တာ တယောက်ကို ကျမတွေ့ဖို့ လိုနေပြန်သေးသည်။ ထိုသူသည် သမ္မတ ရီဂင် လက်ထက်တွင် ရေတပ်ဝန်ကြီး အဖြစ် အမှုထမ်းခဲ့သော ဂျင်ဝက်ဘ်ဆိုသူပင် ဖြစ်သည်။ ဆုတံဆိပ်များ ရရှိထားသော ဗီယက်နမ်စစ်ပြန် တဦးလည်း ဖြစ်သည်။ ယခုအခါ သူသည် ‌ဗာဂျီနီယား ပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော် အမတ်တဦး ဖြစ်လာပြီး ဆီးနိတ်၏ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဌ လည်းဖြစ်နေသည်။ သူသည် တက်ကြွပြီး သမားရိုးကျ အတွေးအခေါ်များ စွဲကိုင်ထားသူ မဟုတ်သည့်အပြင် အရှေ့တောင်အာရှ နှင့် ပတ်သက်၍ စူးရှသော အမြင်ရှိသူ တဦး ဖြစ်သည်။ သူက မြန်မာပြည်အား အနောက်တိုင်းမှ ဒဏ်ခတ်ပိတ်ဆို့ထားမှုမှာ အောင်မြင်ခဲ့သော်လည်း စစ်အုပ်ချုပ်ရေး အဖွဲ့သည် အတင်းကုပ်ကပ်ဖက်တွယ်လာနေပြီး မည်သူ့ကိုမျှလည်း အယုံအကြည်မရှိ ဖြစ်လာနေပြီဟု ကျမကို ပြောပြခဲ့သည်။ ထိုအနေအထားကြောင့် တရုတ်အား စီးပွားရေး နှင့် နိုင်ငံရေး ဖက်တွင် ဩဇာလွှမ်းမိုးနိုင်‌အောင် မရည်ရွယ်ဘဲ အခွင့်အရေး ပေးသလို ဖြစ်နေမည်ကို စိုးရိမ်နေကြောင်း ထုတ်ပြောလာခဲ့သည်။ တရုတ် ကုမ္ပဏီ အများအပြားသည် ယခုအခါ ဆည်များ၊ သတ္တုတွင်းများ၊ ပိုက်လိုင်းကြီး တည်ဆောက်နေမှု အပါအဝင်စွမ်းအင်စီမံကိန်းများတွင် နိုင်ငံနှင့် အဝှမ်း ရင်းနှီးမြှပ်နှံမှု များ ပြုလုပ်လျှက် ရှိနေကြသည်။ ဂျင်က မြန်မာပြည် အပေါ် မူဝါဒ ပြန်လည်သုံးသပ်မည့် အကြံသည် ကောင်းသော်လည်း ဖြေးဖြေးဆေးဆေး လုပ်သွားမည်ကိုတော့ မလိုလားဟု ပြောလာသည်။ ကျမကို ထိထိရောက်ရောက် ဖြစ်အောင် တခုခုဖန်တီးရန် နှင့် သူတာဝန်ယူထားရသော ဆပ်ကော်မတီကလည်း အလားတူ လုပ်သွားမည်ဟု ကတိပေးခဲ့သည်။

ကျမ၏ မိတ်‌ ဆွေ ဖြစ်သူ နယူးယောက်မှ အောက်လွှတ်တော် အမတ် ဂျိုး ကရိုလီထံမှလည်း သတင်းကြားခဲ့ရပြန်သည်။ သူသည် မြန်မာပြည်အား ဒဏ်ခတ်ပိတ်ဆို့ရန် အဓိက နေရာမှ ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဂျိုးသည် နယူးယောက် ကွင်းအရပ်မှ ဖြစ်ပြီး စကားကို တဲ့တိုး ပြောတတ်သည့် လူဟောင်းကြီးတဦးလည်း ဖြစ်သည်။ ကျမ ဆီးနိတ်တွင် လုပ်ခဲ့စဉ်က နယူးယောက်ရှိ အခမ်းအနားများတွင် သူနှင့် မကြာခဏ ဆုံဖြစ်ခဲ့သည်။ အိုင်းရစ် သီချင်းသံစဉ်များနှင့်လည်း တွဲကဖြစ်ခဲ့သည်။ သူသည် ကွယ်လွန်သွားပြီ ဖြစ်သည့် အောက်လွှတ်တော် နိုင်ငံခြားရေးရာမှ ဆရာသမား ဖြစ်ခဲ့သူ တွန် လန်တို့စ်အား အားကျ အတုယူနေခဲ့သူ ဖြစ်သည်။ တွန်လန်တို့စ်သည် မြန်မာပြည် လူ့အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူလည်း ဖြစ်
သည်။ ဂျင် ၏ ထောက်ခံမှု နှင့် အကြံပေးမှုများသည် ကျမတို့ ရှေ့လျှောက်လုပ်သွားနိုင်ရန်လွန်စွာ အရေးပါသော အခန်းမှ ပါဝင်ခဲ့ပေသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •