အကြမ်းမဖက် အာဏာဖီဆန်ရေး ၏ အောင်ပွဲကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အကြမ်းမဖက် အာဏာဖီဆန်ရေး ၏ အောင်ပွဲကြီး
*******************************

အကြမ်းဖက် စစ်အုပ်စုမှ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ကို ၎င်းတို့ အာဏာသိမ်း လုပ်ရပ် အောင်ပွဲ အဖြစ် ပြုလုပ်ရန် ပြင်ဆင် နေချိန်တွင် ယမန်နေ့ က ပြည်သူ တရပ်လုံး ညီညွတ်မှုအားဖြင့် ဆင်နွှဲခဲ့သော အသံတိတ် သပိတ်ကြီးကား အာဏာသိမ်း ခေါင်းဆောင်များကို လုံးဝ အရှိုက်ထိုး လိုက်နိုင်သည့် အောင်ပွဲကြီးပင် ဖြစ်သည်။ ၎င်းတို့အား မြန်မာ ပြည်သူတရပ်လုံးက လိုလားခြင်း မရှိကြောင်း ကမ္ဘာကသိအောင် အသံတိတ်စွာဖြင့် ကျယ်လောင်စွာ ဟစ်ကြွေးနိုင်လိုက်ပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့၏ လက်နက်ကိုင် လူဆိုးသူခိုး သာသာများမှ မိမိတို့ကို အဓမ္မ အုပ်ချုပ်နေခြင်း ဖြစ်သည်၊ မနိုင်၍ သည်းခံနေကြရသည်၊ ဆိုသည်ကို ပြည်သူတရပ်လုံး၏ အံ့မခန်း စည်းလုံးမှုအင်အား ဖြင့် ကမ္ဘာသိအောင် ထုတ်ဖေါ်နိုင်ခဲ့ကြသည်။

ဒီထက် ရှင်းသည့် အရာပင် ဒီမျှလောက် မရှင်းဟု ဆိုရပေမည်။

ထိုသို့သော သပိတ်မျိုးကို အောင်မြင်လိမ့်မည် မဟုတ်ဟု အာဏာသိမ်း အဖွဲ့က လျော့တွက်ထားခဲ့သည်မှာ ထင်ရှားသည်။ သို့မဟုတ်လျှင် ငါးထောင်စားများ၊ ဒလန်များ နှင့် စည်ကားအောင် ကြံကြဦးမည် ဖြစ်သည်။ ယခုအခါ ရှက်ရမ်း ရမ်းလာပြီး ပိတ်ထားသော ဆူပါမားကက်များနှင့် စတိုးဆိုင်ကြီးများ မှ မန်နေဂျာ အဆင့် ရှိသူများကို “အစည်းအဝေး” ဟု ဆိုကာ မြို့တော်ခမ်းမတွင် ခေါ်ယူပြီး ဖမ်းဆီးထားကြပြန်သည်။

အသံတိတ် သပိတ်ကြီး မစတင်မီ တရက်တွင် မန္တလေး ချမ်းမြသာစည် အရပ်ရှိ အိမ်တအိမ်အတွင်းသို့ အာဏာ သိမ်းအဖွဲ့၏ လက်ပါးစေတပ်များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဖခင်၏ ပေါင်ပေါ်တွင် ထိုင်နေသော အသက် ခုနှစ်နှစ်ရွယ် အပြစ်မဲ့လူမမယ်လေး မခင်မျိုးချစ် ကလေး၏ ရင်ဘတ်ကို ကျည်ထိကာ လောကကြီးမှ ကျောခိုင်းသွားခဲ့ပြီ ဖြစ်သဖြင့် ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမသာ ဖြစ်နေချိန်တွင် ဧရာဝတီတိုင်း ရှိ ချောင်းသာ ကမ်းခြေတွင်တော့ အာဏာသိမ်း အဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်၏ သားကြီး အောင်ပြည့်စုံသည် သူပိုင် Azura Resort ဟိုတယ်ဖွင့်ပွဲ ပါတီကြီးကို ခမ်းခမ်းနားနား ကျင်းပပြီး အလုပ်အကျွေးများနှင့် သောက်စား ပျော်မြူးနေသည်ဟု တောင်ကိုရီယား သတင်းစာ The Dong-A Ilbo က သတင်း အဖြစ် ဖေါ်ပြရေးသား ခဲ့သည်။

ဇော်မင်းထွန်း မှ သေဆုံးသူများသည် အကြမ်းဖက် ဆူပူသူများ ဖြစ်သည်ဟု ပြောနေစဉ်မှာပင် အသက် ခုနှစ်နှစ် အရွယ် အစ္စလမ် ဘာသာဝင် မခင်မျိုးချစ်သည် သူမ၏ နေအိမ်အတွင်း ဖခင်ပေါင်ပေါ်တွင် ထိုင်နေစဉ် မှာပင် မတော်တဆ မဟုတ်၊ တမင် ချိန်ရွယ် ပစ်ခတ်လိုက်သည့် ကျည် ထိမှန် သေဆုံးသွားခဲ့ရခြင်းပင် ဖြစ်သည်။

အပြစ်မဲ့ သူတယောက်ကို သတ်ဖြတ်လိုက်ခြင်းသည် လူသတ်မှုပင် ဖြစ်သည်။ စစ်တပ်သည် လူသတ်မှု ကျူးလွန်လိုက်ပြီ ဖြစ်သည်။ လက်နက်မဲ့ အရပ်သားများကို လက်နက်ဖြင့် သတ်ဖြတ်နေခြင်းသည် မည်သည့် ရှုဒေါင့်မှ ကြည့်ကြည့် သူရဲဘောင်ကြောင်သည့် လုပ်ရပ်သာ ဖြစ်သည်။ စစ်တပ်အတွက်က ထိုသို့သော သူရဲဘောကြောင်သည့် လုပ်ရပ်မျိုး ကျူးလွန်ဖို့ ဆိုသည်မှာ သတင်းစာ တစောင်၏ စာမျက်နှာကို လှန်သည်ကမှ ၎င်းတို့အတွက် ပို၍ ခက်ခဲနေဦးပေမည်။ ၎င်းတို့ ၏ သူရဲဘောကြောင်သည့် လုပ်ရပ်ကို တတ်နိုင်သမျှ ဖုံးကွယ်နိုင်ရေး အတွက် အသတ်ခံခဲ့ရသူများ၏ အလောင်းများကို အတင်း အဓမ္မ လိုက်လံ လုယက်နေ ကြပြန်သည်။

Save the Children အဖွဲ့ကြီးသည် အာဏာသိမ်းပြီးချိန်မှစ၍ အနည်းဆုံး ကလေးသူငယ်ပေါင်း ၂၀ အသတ်ခံခဲ့ကြရသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ချမ်းမြသာစည် မှ အသက် ခုနှစ်နှစ်အရွယ် သမီးငယ်လေးသည် အသက် အငယ်ဆုံး ဖြစ်သည်ဆိုသော သတင်းသည် ကမ္ဘာ့ သတင်းစာမျက်နှာများ ပေါ်တွင် တောမီးလို ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

မခင်မျိုးချစ်၏ နေအိမ်ကိုလည်း ထိုနေ့ည ၁၁ နာရီတွင် အလောင်းကို သိမ်းပိုက်နိုင်ရန် အကြမ်းဖက် တပ်များက အိမ်တံခါးကို ရိုက်ချိုးပြီး တအိမ်လုံး မြေလှန် ရှာဖွေသွားခဲ့ကြသည်။ ကျန်ရစ်သူ မိသားစုများမှာ ကြိုတင်တိမ်း ရှောင်နေ၍ လွတ်မြောက်သွားခဲ့ရပြီး ကလေးအားလည်း တိတ်တဆိတ် သင်္ဂြိုလ်ခဲ့ကြရသည်။

၎င်းတို့၏ လူမဆန်သော လုပ်ရပ်အတွက် လူထု၏ ဒေါသ ပြေပျောက်လို ပြေပျောက်ငြား ဖမ်းဆီးခံထားရသော ကျောင်းသား နှင့် အရပ်သား လူငယ် ၆၀၀ ကျော် ကို ပြန်လွှတ်ပေးလာခဲ့သည်။ သို့သော် တရက်တည်းမှာပင် ဂျီနီဗာတွင် ကျင်းပသော ကုလ လူ့အခွင့်အရေး ကောင်စီမှ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချ ကြောင်း နှင့် အပြစ်ကျူးလွန်သူများ အား တရားစွဲ အရေးယူနိုင်‌ရေး အတွက် သက်သေ အထောက်အထားများ စုဆောင်းနေသည့် လွတ်လပ်သော ကုလ စုံစမ်းရေး ကော်မရှင်ကို အကူအညီပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြသည်။

ဘန်ကောက်ပို့စ် သတင်းစာ ခေါင်းကြီးပိုင်း မှ ထိုင်းနယ်ခြားစောင့် စစ်တပ် ပေးပို့သော ဆန်အိတ်များ ကိစ္စကို ထိုင်းတာဝန်ရှိသူများ က အသေအချာ ရှင်းလင်းသင့်ကြောင်း၊ သို့မဟုတ်ပါက မြန်မာ စစ်တပ်ကို အကူအညီ ပေးနေသည်ဟူသော စွပ်စွဲချက်များကြောင့် ၎င်းတို့ နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်း ထိခိုက်နိုင်ကြောင်း ရေးသား ထားသည်ကပင် တရုတ်ဖြူ စစ်ဆင်ရေး၊ ဗကပ-တရုတ်နီ တို့နှင့် ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲကြီးများဖြင့် သမိုင်းဂုဏ်ရောင် ထွန်းပြောင်ခဲ့သည့် မြန်မာ တပ်မတော် အဖို့ ရှက်တတ်လျှင် လဲသေဖို့ ကောင်းသည့် အဖြစ်ပင်။ အဆိုပါ ဆန်အိတ်များကို ထိုင်းစစ်တပ်မှ အင်္ဂါနေ့ည က ပြန်၍သယ်သွားခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် စစ်အာဏာသိမ်း အဖွဲ့၏ လူမဆန်စွာ ပြုမူနေမှုများကို တပ်မတော် ခေါင်းဆောင် ဟောင်းများထံမှ ကန့်ကွက် ပြောဆိုသည့် အသံ တခွန်းတလေမျှပင် ထွက်မလာခဲ့သည်ကို ကြည့်လျှင် ၎င်းတို့လည်း အလိုတူ အလိုပါ ဖြစ်သည်ဟု ယူဆဖို့ ဖြစ်လာရသည်။

နယ်ခြား ရှိ တောတွင်း တနေရာတွင် ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ နှင့် အစိုးရဝန်ထမ်း များ အစရှိသည့် အလွှာ အသီးသီး မှ ပြည်သူများ ရောက်ရှိလာကြပြီး အခြေခံ စစ်သင်တန်း များ တက်ရောက် လေ့ကျင့်နေကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် အကျယ်တဝင့် ရေးသား ဖေါ်ပြထားပြန်သည်။ မိမိတို့ အပေါ် တရိစ္ဆာန်အရိုင်းအစိုင်းများထက်ပင် ဆိုးဝါးစွာ အနိုင့်ကျင့် လာသူများကို သူတို့နားလည်သည့် ဘာသာ စကားဖြင့်သာ ခုခံရတော့မည် ဖြစ်သည်ဟု သင်တန်း လာရောက်တက်နေသော ရန်ကုန်မှ အမျိုးသမီးတဦးက ပြောသည်ဟု ပါရှိခဲ့သည်။

အာဏာသိမ်း အဖွဲ့ အနေနှင့် ထပ်မံ အလဲထိုးခံလိုက်ရသည်မှာ ရခိုင် တပ်မတော် အေအေသည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ကရင်၊ ကချင်၊ ရှမ်း အစရှိသည့် အဖွဲ့များ နှင့် အတူ ရပ်တည် လိုက်ပြီး စစ်အာဏာသိမ်းသည့် လုပ်ရပ်ကို ရှုတ်ချလိုက်ခြင်းပင် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် မိမိတို့ဒေသများတွင် ပြည်သူများ ဆင်နွှဲနေသော CDM နှင့်အတူ ရပ်တည်ကာ တညီတညွတ်တည်း တိုက်ခိုက်လာမည်ဆိုလျှင် အာဏာသိမ်း အဖွဲ့ အားပျော့သွားမည် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အနိုင်ရရေးအား တရုတ်ဖက်မှ စိတ်ချယုံကြည်ခြင်း မရှိ ဖြစ်နေမှုအတွက် ချေဖျက်နိုင်ရန် မတ်လ ၂၇ ရက်တွင် “တပ်မတော်နေ့” ဆိုသည်ကို မဖြစ်မနေ ခမ်းခမ်းနားနား ကျင်းပရန် စိတ်ပိုင်းဖြတ်ထားပုံရသည်ဟု Nikkei Asia Review တွင် ရေးသားထားသည်။

ရန်ကုန်ရှိ သံတမန် အသိုက်အဝန်းကမူ စစ်တပ်သည် ယခုအခါ ဘက်ပေါင်းစုံမှ ပိတ်ဆို့ ခံနေရပြီး အာဏာသိမ်း ပြီးချိန်မှစ၍ ပို၍ အားပျော့လာနေပြီ ဖြစ်ကြောင်း သုံးသပ်နေကြသည်ဟု သတင်းစာက ဆိုသည်။

မတ်လ ၂၄ အသံတိတ် သပိတ်တိုက်ပွဲကြီး က စစ်တပ်သည် မည်သို့မျှ ဆက်လက် အုပ်ချုပ်၍ မရတော့ပြီ ဆိုသည်ကို ယခင်က သံသယ ရှိနေသည့် အိမ်နီးချင်း နိုင်ငံများပင် သဘောပေါက် လက်ခံသွားကြပြီ ဖြစ်သည်။

ဇော်မင်းထွန်းက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် တရုတ် အပါအဝင် ငါးနိုင်ငံ ရှိနေသည်ဟု ကြွားဝါ ခဲ့သော်လည်း နောက်ထပ် သံတမန် ရေးအရ အရေးနိမ့်မှုကြီး အဖြစ် တရုတ် နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးမှ မြန်မာနိုင်ငံ အတွင်း အခြေအနေများကို လွန်စွာ ရတက်မအေး ဖြစ်ရကြောင်း နှင့် သက်ဆိုင်သူများ အားလုံး ဥပဒေ‌ဘောင်အတွင်းမှ ဖြေရှင်းကြပါရန် တိုက်တွန်းကြောင်းနှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တွင် ထည့်သွင်း ဖေါ်ပြခဲ့ကြသည်။

နောက်ထပ် ထွက်ပေါ်လာသော သတင်းများအရ ရွှေတိဂုံ ဘုရားအနီး စစ်တပ်ပိုင် မြေပေါ်တွင် ဆောက်ထားပြီး Y-Complex တွင် ရင်းနှီး မြှုပ်နှံထားကြသော ဂျပန် ကုမ္ပဏီများ ဖြစ်သည့် Fujita, Tokyo Tatemono, JBIC နှင့် ဂျပန် အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ JOIN တို့က စစ်တပ်အား မြေငှားရမ်းခ ပေးနေရကြောင်း ဝန်ခံခဲ့ကြ သည်ဟု သိရသည်။ မည်ရွေ့မည်မျှ ပေးရသည်ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိသော်လည်း လျို့ဝှက်ချက်ကို သိထားသည့် အတွင်းလူများက တနှစ်လျှင် ဒေါ်လာ ၂ သန်း ဖြင့် နှစ်ငါးဆယ် ပေးရမည်ဟု DDoSecrets ဝက်ဆိုဒ်တွင် ဖေါ်ပြထားသည်ကို ရိုက်တာ သတင်းဌာနက ထုတ်ဖေါ်နိုင်ခဲ့သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •