အခြေခံလိုအပ်ချက်များ တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ်လို့ ဒေါက်တာဇော်မြင့်မောင် ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူတွေလိုချင်တဲ့ အခြေခံလိုအပ်ချက်များ တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့သည် ငါးနှစ်အတွေ့အကြုံရှိပြီး ဖြစ်သည့်အတွက် ပြည်သူတွေလိုချင်တဲ့ အခြေခံလိုအပ်ချက်များ တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးရှိ Pullman ဟိုတယ်တွင် နိုဝင်ဘာ(၁၄)ရက် နံနက်က ပြုလုပ်သည့် ယူနန်ပြည်နယ်အစိုးရမှ မန္တလေးတိုင်းဒေသကြီးသို့ Covid-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းပွဲအပြီးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေက သူတို့အစိုးရကိုလိုချင်တယ်။ ပြည်သူ့အစိုးရတက်လာမှ သာလျှင် ပြည်သူ့ကောင်းကျိုး လုပ်ပေးနိုင်မှာ။ ဒါကြောင့် ပြည်သူတွေကို ကျေးဇူးတင်တယ်။ အဲဒီကျေးဇူးကို ကုန်းရုန်းဆပ်ရမှာပါ။ မလွယ်ဘူးနော်။ အရင်ငါးနှစ်က အတွေ့အကြုံရလာပြီ။ ပြည်သူတွေ လိုချင်တဲ့ အခြေခံလိုအပ်ချက်တွေ တတ်နိုင်သမျှဖြည့်ဆည်းပေးပါမယ်။ အခြေခံဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ကျေးရွာချင်းဆက်လမ်း ပြည့်စုံအောင်လုပ်ပေးနေပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးနေရာတွေ အပြောင်းအလဲ ရှိ၊ မရှိဆိုတာတော့ ပြောလို့မရသေးဘူး။ နောက်သက်တမ်းအတွက် ငါးနှစ်အတွေ့အကြုံ ရပြီးပြီ။ အကောင်းဆုံး ပြင်ဆင်ပေးထားပါတယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးသလောက်ဖြစ်နေပြီဖြစ်ကြောင်း တိုင်းရင်းသားနယ်မြေတချို့တွင် တိုင်းရင်းသားပါတီများ နိုင်ကြသည်ကို ကြိုဆိုပါကြောင်း၊ NLD ပါတီတွင် တိုင်းရင်းသားရေးရာကော်မတီလည်း ဖွဲ့စည်းထားတာရှိပါကြောင်း၊ မိမိတို့ NLD ပါတီအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ဆိုတာ ရှိပြီးသားဖြစ်သည့်အတွက် လက်တွဲဆောင်ရွက်လို့ရတယ်ဆိုတာ သတင်းစကားပါးပြီးဖြစ်ပါကြောင်း၊ NLD ပါတီစထောင်ကတည်းက တိုင်းရင်းသားပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုပါတီ ဖြစ်ပါကြောင်း ထပ်လောင်းပြောကြားသည်။

အဆိုပါလှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရသို့ ယူနန်ပြည်နယ်အစိုးရက ယွမ်(၄)သန်း (ငွေကျပ်သိန်း ၈၀၀၀) တန်ဖိုးရှိ N-95 ၊ Disposable medical surgical mask ၊ Medical Face Shield ၊ Medical protective clothing ၊ Anti-fog eye mask ၊ Disposable medical caps ၊ Plastic shoe cover (short) ၊ Latex gloves (inspection) ၊ Disposable isolation gown ၊ Non-invasive ventilator စသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •