အစိုးရနဲ့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအစည်းအဝေး နေပြည်တော်မှာကျင်းပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အစိုးရနဲ့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအစည်းအဝေး နေပြည်တော်မှာကျင်းပ

ကိုယ့်မူသူ့မူ ကိုင်စွဲ၍ အကျပ်အတည်း ဖြစ်စေမည့် ညိုနှိုင်းမှုများ ရှောင်ရှားရန် ဗိုလ်မှူးကြီးစိုင်းငင်း တိုက်တွန်း

နေပြည်တော်၊

ကိုယ့်မူသူ့မူ ကိုင်စွဲပြီး တစ်ဖက်ကိုတစ်ဖက် အကျပ်အတည်း ဖြစ်စေမည့် ညိုနှိုင်းမှုကို ရှောင်ရှားရန် NCA-S EAO ညှိုနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC) တွင် သြဂုတ် ၁ ရက်က ပြုလုပ်ခဲ့သော အစိုးရနှင့် NCA-S EAOs တို့ တွေ့ဆုံ ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆွေးနွေး ညှိုနှိုင်းတဲ့အခါ ကိုယ့်မူ သူ့မူ အခိုင်အမာ ကိုင်စွဲပြီး တစ်ဖက်ကိုတစ်ဖက် အကျပ်အတည်း ဖြစ်စေနိုင်တဲ့ ညှိုနှိုင်း အဖြေရှာဖို့ ခက်ခဲစေနိုင်တဲ့ ဆွေးနွေး ညှိုနှိုင်းမှုမျိုးကို တတ်နိုင်သမျှ နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အကျိုးနှင့် အားလုံး အကျိုးအတွက် နှစ်ဖက် လက်ခံကျေနပ်သည့်၊ မျှမျှတတ ဖြစ်သည့် ထိုက်သင့်သော အပေးအယူ ၊ အလျှော့အတင်းများကို လိုအပ်သလို ဆောင်ရွက်ပေးရေး ၀န်မလေးကြရန်လည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်သည့် ညှိုနှိုင်း အစည်းအဝေးတွင်(၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက် အမှတ် (၁) ဖြစ်သည့် တစ်ဖွဲ့ချင်းအလိုက် ညှိုနှိုင်း အစည်းအဝေး (Bilateral Meeting) နှင့် JMC အစည်းအဝေးများအား အပြိုင် ကျင်းပသွားရန် ဆိုသည့်အပေါ် နှစ်ဦးနှစ်ဖက်၏ အမြင်သဘောထား၊ နားလည်မှုနှင့် ချဉ်းကပ်မှု မတူညီသည်များကို အကျေအလည်၊ ပွင့်ပွင့်လင်းလင်းနှင့် ညှိုနှိုင်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရှိရသည်။

(၈) ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၈) ချက်ရှိပြီး ယင်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်ဘက် ညှိုနှိုင်းရေးအဖွဲ့များက တာ၀န်ယူ ဆွေးနွေးညှိုနှိုင်း နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

“ဆုံးဖြတ်ချက် (၈) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ အကောင်အထည်ဖော် ဆောင်ရွက်ပြီးတဲ့ အချက်တွေ ရှိသလို အကောင်အထည် မဖော်နိုင်သေးတဲ့ အချက်တွေလည်း ရှိခဲ့ပါတယ်။ အကောင်အထည် မဖော်နိုင်သေးတဲ့ အချက်တွေ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်တဲ့ ကော်မတီ အသီးသီးမှ ကြိုးပမ်း ညှိုနှိုင်း ဆွေးနွေးနေဆဲလည်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

(၈) ကြိမ်မြောက် JICM အစည်းအဝေးအပြီး UPDJC နှင့် JMC အစည်းအဝေးများကို (၂) လအတွင်း ခေါ်ယူကျင်းပရန် သဘောတူထားသည့်အတိုင်း UPDJC အစည်းအဝေးကို ကျင်းပနိုင်ခဲ့သော်လည်း JMC-U အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လဆန်းမှသာ ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့အပြင် JMC-S အစည်းအဝေးများ ကျင်းပနိုင်ရေးကိုလည်း ဆက်လက် ညှိုနှိုင်းနေကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၂၀ ခုနှစ် ပထမ လေးလပတ်အတွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပိုမို ပါ၀င်လာရေး အတွက် ကြိုးပမ်း ဆောင်ရွက်သည့် နေရာတွင်လည်း မိမိတို့ အနေဖြင့် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသဖြင့် လိုရာပန်းတိုင်းကို မရောက်ရှိသေးကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •