အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်
***************************

မြန်မာ နိုင်ငံ အတွက် ခန့်ထားသောကုလ လူ့အခွင့်အရေး စုံစမ်းရေးမှူး သောမတ်စ် အင်ဒရူးမှ ယနေ့ကျင်းပရန် ရှိသည့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကမ္ဘာတဝှမ်း လက်နက် ပိတ်ဆို့ရေး နှင့် စစ်ခေါင်းဆောင်များ၏ စီးပွားရေး လုပ်ငန်းများကို ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုလိုက်သော်လည်း ထိုအဆင့် ရောက်ဖို့ နေနေသာသာ ယခု အချိန်အထိ ကြေညာချက်ပင် ထွက်ပေါ်မလာနိုင်သေးပေ။

ကုလသမဂ္ဂ တံခါးပိတ်အစည်းအဝေး အဖွင့်တွင် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခရစ်စတင်း ရှရေနာ ဘူဂင်နာ မှ သူမထံသို့ တနေ့လျှင် ပျှမ်းမျှ နှစ်ထောင်ခန့် ရရှိနေသော မက်ဆေ့ချ် များအရ ကုလ အပေါ် မြန်မာ ပြည်သူတို့၏ မျှော်လင့်ချက်သည် မှေးမှိန်ကျဆင်းလာနေပြီ ဖြစ်၍ ကုလအနေဖြင့် မြန်မာ ပြည်သူတို့၏ ဆန္ဒ နှင့် ဒီမိုကရေစီ ကျင့်စဉ်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက် ချိုးနှိမ်လာသည့် အာဏာသိမ်း လုပ်ရပ်အပေါ် ပြောင်းပြန်လှန်ပြစ်နိုင်ရေး အတွက် နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းသွားခဲ့သည်။ သို့သော် ပြည်သူ လွှတ်တော် ကိုယ်စားပြု သံတမန် ဒေါက်တာ ဆာဆာ နှင့် ပြည်သူများ တခဲနက် တောင်းဆိုနေသည့် R2P ကိုမူ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မရှိဟု သိရသည်။

တရုတ် သံအမတ်ကမူ နိုင်ငံတကာ အသိုက်အဝန်းမှ ပေးလိုသော မက်ဆေ့ချ် နှင့် အစီအစဉ်များသည် ကွဲလွဲမှုများကို အဖြေရှာရန် ဖန်တီးပေးခြင်းမျိုးသာ ဖြစ်သင့်ပြီး အခြေအနေများ ထပ်မံ ရှုပ်ထွေးမလာအောင် ရှောင်ရှားသင့်သည်ဟု ပြောသွားခဲ့သည်။

သို့သော် မြန်မာအား အရေးယူ ပိတ်ဆို့ဒဏ်ခတ်မည့် အစီအစဉ်များအပေါ် တရုတ် နှင့် ရုရှားတို့မှ ထောက်ခံမည့် အလားအလာ မရှိ၍ ထွက်ပေါ်လာဖွယ် မရှိဟု ဗြိတိန် သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝပ် က ဝန်ခံပြောကြားခဲ့သည်။ သို့သော် အခြေအနေများ ထပ်မံဆိုးဝါးလာပါက ကုလပဋိညာဉ် စာတမ်းအရ ထပ်မံ အရေးယူသွားနိုင်မည့် နည်းလမ်းများကို စဉ်းစားရန် အဆင်သင့် ရှိသည်ဟု ဆိုသည်။

ထိုသို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီတွင် ၎င်းတို့ အပေါ် မည်သို့ အရေးယူ နိုင်ရေး တံခါးပိတ် အစည်းအဝေး ကျင်းပရန် နာရီပိုင်းမျှ လိုနေသည်ကို အရေးမစိုက်နိုင်အား၊ ၎င်းတို့သည် တိုင်းပြည်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပြီ ဆိုသည်ကို စစ်တပ် အတွင်း စိတ်ဓါတ် ကျဆင်းလာနေသူများကို ပြသနိုင်ရန် ကျောင်းသား လူငယ်များကို လိုက်လံ ပစ်ခတ်နေဆဲပင် ဖြစ်သည်။ တပ်တွင်း စိတ်ဓါတ်များ ပြိုလဲလာမည့် အရေးကို လောလောဆယ်တွင် နိုင်ငံတကာ ဖိအားများထက် ပို၍ စိုးရိမ်နေသည်မှာ သိသာလှပေသည်။ ယမန်နေ့က အကြမ်းဖက်မှုတွင် မန္တလေး၌ လူတဦး သေနတ်ထိမှန် သေဆုံးသွားခဲ့ရပြန်သည်။

၎င်းတို့ အနေနှင့် ထိုသို့ ဂမူးရှူးထိုး လုပ်ရပ်များသည် ခဏတာ အောင်မြင်ကောင်း အောင်မြင် နိုင်သော်လည်း နိုင်ငံတဝှမ်း လူထု တိုက်ပွဲကြီး အတွက် လူသူစုဆောင်းပေးသလို ဖြစ်လာနေသည်ကိုလည်း သတိမူနိုင်စွမ်း မရှိတော့ပေ။ ၎င်းတို့၏ မတရားမှုများကို လက်ပိုက် ကြည့်မနေနိုင်တော့သော ရဲတပ်ဖွဲ့ဝင်များ CDM လှုပ်ရှားမှုများ တွင် ပါဝင်လာကြသည်မှာ ၆၀၀ ကျော်သွားပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြခဲ့သည်။

စစ်တပ်၏ ဩဝါဒ ခံ ဆရာတော်တပါး ဖြစ်သော သီတဂူ ပင် ထိုမျှအထိ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်အပေါ် ရေငုံနှုတ်ပိတ် မနေနိုင်တော့ဘဲ ရွှေကျင်ဂိုဏ်းရှိ ဆရာတော်များ နှင့် ပူးပေါင်းပြီး ပစ်ခတ်သတ်ဖြတ်နေမှုများကို ချက်ခြင်း ရပ်ဆိုင်းရန် နှင့် ပြည်သူတို့၏ အိုးအိမ်ပစ္စည်း များ လုယက်နေကြခြင်းကို ရှောင်ရှားဖို့ တောင်းဆိုခဲ့သည်။ ထိုကြေညာချက်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ပါမည် ဟု ကြွေးကြော်နေသော မင်းအောင်လှိုင်ကို လည်း ဗုဒ္ဓဘာသာဝင် ကောင်း တဦး အဖြစ် ကျင့်ကြရန်လည်း တိုက်တွန်းသွားခဲ့သည်။

ဗုဒ္ဓဟူးနေ့က သတ်ဖြတ်ခံခဲ့ရသော အသက် ၁၉ နှစ် အရွယ် ကြယ်စင်ဆိုသည့် အမျိုးသမီးငယ်လေး၏ အလောင်းအား မြှုပ်နှံထားသည့် အေးရိပ်ငြိမ် တရုတ်သင်္ချိုင်း မြေနေရာမှ တရက်အကြာ နေ့လည် သုံးနာရီတွင် စစ်တပ်မှ ထရပ်ကားများ ဖြင့် ရောက်လာပြီး အတင်းအကျပ် တူးဖေါ် ယူဆောင်သွားသည်ဟု ဧရာဝတီ သတင်း က ဆိုသည်။ တွေ့ရသည့် ကျည် အမျိုးအစားသည် မိမိတို့ အသုံးပြုသည့် ကျည် နှင့် မတူ၍ သေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးသွားမည်ဟု အာဏာသိမ်း အဖွဲ့ သတင်းစာက ဆိုသည်။

ယခုအခါ ဗုဒ္ဓဟူးနေ့ လူသတ်ပွဲကြီးကြောင့် ကမ္ဘာတဝှမ်း ရှိ မြန်မာသံရုံး နှင့် ကောင်စစ်ဝန် ရုံးများ မှ သံအရာရှိများ နှင့် ဝန်ထမ်းများသည် ပြည်သူ့အစိုးရနှင့် တဖွဲဖွဲ ပူးပေါင်းလာနေကြသည်။ ဝါရှင်တန် ရှိ မြန်မာသံရုံးမှလည်း မိမိတို့ သံရုံးသည် ပြည်သူ ကိုယ်စားပြု သံရုံးအဖြစ် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး မှ မြန်မာ အရေး အပေါ် အာဆီယံ အဖွဲ့ဝင် နိုင်ငံအချင်းချင်း နေ့စဉ်လို ဆွေးနွေး တိုင်ပင်လျှက် ရှိနေကြောင်းနှင့် “မည်သည့်နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့မဆို ၎င်းတို့၏ နိုင်ငံသားများ အပေါ် လက်နက်နှင့် အကြမ်းဖက် လာသည့် လုပ်ရပ်ထက် ရှက်စရာ ကောင်းသည့် အရာဟူ၍ မရှိ height of the national shame ဟု ခေါ်ဝေါ် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျှက်ရှိသော ကိုကာ ကိုလာ၊ ဖေ့စ်ဘုတ်၊ ဟင်နီကင် ဘီယာ၊ နက်စ်တဲလ်၊ ယူနီလီဗာ၊ တယ်လီနော၊ အော်ရီဒူး၊ H &M ကုမ္ပဏီများ အပါအဝင် အနောက်တိုင်းမှ ကုမ္ပဏီ စုစုပေါင်း ၅၀ ကျော်သည် စုပေါင်းလက်မှတ် ရေးထိုးပြီး စစ်တပ်၏ အာဏာသိမ်းလုပ်ရပ်အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အာရှ ကုမ္ပဏီများကမူ ၎င်းတို့ ချန်ထားခဲ့သော အရိုးအရွင်းများ ကိုက်ရန် မျှော်လင့် ချက်ဖြင့် ငြိမ်ချက်သား ကောင်းနေဆဲပင် ဖြစ်သည်။ မြန်မာ ရှိ ရိုးမ ဂရု၊ ကမ္ဘောဇ ဘဏ်အပါအဝင် ကုမ္ပဏီ ကြီး ၁၀၀ ကျော်ကလည်း ဝင်ရောက် လက်မှတ်ရေးထိုးခဲ့ကြသည်။

Youtube မှလည်း စစ်တပ်မှ သတင်းများ ထုတ်လွှင့်နေသော MRTV နှင့် မြဝတီ ချန်နယ် ငါးခုအားလည်း ဖယ်ရှားလိုက်ပြန်သည်။

အမေရိကန်၏ အစဉ်အလာ မဟာမိတ် နိုင်ငံများ ဖြစ်သော ထိုင်း၊ တောင်ကိုရီယား၊ အင်ဒိုနီရှား နှင့် စင်္ကာပူ မှ ၎င်းတို့၏ နိုင်ငံသားများကို အပူတပြင်း ပြန်လည် ခေါ်ယူလျှက် ရှိနေပြီ ဖြစ်သည်။ တိုကျို တက္ကသိုလ်ရှိ နိုင်ငံခြား ဘာသာသင်ဌာနတွင် မြန်မာစာ သင်ယူနေကြသော ကျောင်းသားများမှ ဦးဆောင်၍ နိုင်ငံသား ၃၈,၀၀၀ ၏ လက်မှတ်များကို စုစည်းကာ ဂျပန် အစိုးရမှ မြန်မာ နိုင်ငံသားများကို အကာအကွယ် ပေးပါရန် တောင်းဆိုသည့် ပန်ကြားလွှာကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ကြသည်။

ဂျင်ဇီး လူငယ် များသည် မည်သည့် နိုင်ငံကိုမျှ အားကိုးလိုစိတ် မရှိ၊ မိမိတို့ ၏ မတရားမှု ကို ရွံရှာ မုန်းတီးသော စိတ်သက်သက်ဖြင့် ဘာသာ လူမျိုး မရွေး စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ “အဆုံးသတ် တိုက်ပွဲ ငါတို့ နွှဲရမည်” ဟူသည့် ခံယူချက် ဖြင့် မှင်သက်နေသော လူထုကြီးကို ဦးဆောင်လာပြီ ဖြစ်သည်။

မိမိတို့ အချင်းချင်း သွေးစည်းညီညွတ်မှုဖြင့်သာ ဆုံးရှုံးသွားသော လွတ်လပ်ခွင့်များ ကို တိုက်ယူရမည်ဟု ခံယူထားကြသူများ ဖြစ်သည်။

မြို့ရွာရပ်ကွက်များက အကြမ်းဖက် သူပုန်များ အသွင် ပြောင်းသွားပြီ ဖြစ်သော အာဏာသိမ်း အဖွဲ့၏ သစ္စာခံ တပ်များရန်မှ ကာကွယ်နိုင်ရေး အတွက် အရံအတား များ ချကာ ကာကွယ်နေရပြီ ဖြစ်သည်။ လက်နက်မဲ့ ပြည်သူများ အဖို့က ၎င်းတို့၏ အရေမရ အဖတ်မရ စကားများ ပြောဆို ထုတ်ပြန်နေကြသည်က လွဲ၍ အကြမ်းဖက် စစ်တပ်၏ရန်ကို မိမိတို့ကိုယ်တိုင် အကာအကွယ်များ ပြုလုပ်လာနေသည်။ ထိုသို့ အရံအတားများထဲတွင် ပါဝင်လာသော အမျိုးသမီး ထမိန်တန်းများ အောက် မဝင်ရဲ ဖြစ်နေရှာသော မြန်မာ စစ်သားများ၏ အယူသည်းမှုကို ကမ္ဘာသတင်းစာများတွင် ဖေါ်ပြခဲ့ကြပြန်သည်။

စစ်တပ်သည် လူထုနှင့် တိုက်ပွဲ ရေရှည်လာသည်နှင့် အမျှ အရေးနိမ့်သည်ထက် နိမ့်လာနေပြီ ဖြစ်ရကား ဟန်မပျက် အာဏာ ဆုပ်ကိုင်ထားနေရသော်လည်း ၎င်းတို့အတွက် မည်သို့ ထွက်ပေါက်ရှာရမည်နည်းကိုသာ စဉ်းစားရဖို့ ဖြစ်လာနေသည်။

ပြည်သူတို့၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုသည် အုပ်ချုပ်ရေး ယန္တယား ကြီး တခုလုံး အား ပြိုလဲလုနီးပါး ပြုလုပ်နိုင်ခဲ့ကြသဖြင့် စစ်တပ်အဖို့ လစာများကို မည်မျှကြာကြာ ပေးထားနိုင်မည်လဲ ဆိုသည့် မေးခွန်း ထွက်ပေါ်လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်အဖို့ သူ့တွင်ရှိသော အံ့မခန်း များပြားလှသည့် အတွေ့အကြုံများဖြင့် တိုင်းပြည် စီးပွားရေး ကို ဦးဆောင်မည်ဟု အောက်လူများ အထင်ကြီးအောင် ကြွေးကြော်ခဲ့မှုသည် ရှက်ဖွယ်လိလိ ဖြစ်လာနေပြီး တနေ့ပြီး တနေ့ သူ၏ အနေအထားသည် အားပျော့လာသည်ထက် လာနေပြီ ဖြစ်သည်ဟုလည်း အီကော်နော်မစ် မဂ္ဂဇင်း ကြီးက သုံးသပ်ထားသည်။

လက်ရှိ အနေအထားအရ ကုလသမဂ္ဂအပါအဝင် မည်သူ့ကိုမျှ အားကိုးလို့ မရတော့သဖြင့် မိမိတို့ တိုက်ပွဲကို မိမိတို့ မည်သို့ အဆုံးသတ် အောင်ပွဲ ခံနိုင်ရေး ကိုသာ စဉ်းစား ဆုံးဖြတ်သွားရပေတော့မည်၊ မိမိတို့ အဖို့ မျှော်လင့်ချက် အမှားများ ကို မထားမှသာ ပန်းတိုင်ကို အလျှင်အမြန် ရောက်ရှိနိုင်မည် ဖြစ်သည်။

နိုင်ငံကြီးများက ၎င်းတို့ အကျိုးစီးပွား၊ ဘူမိနိုင်ငံရေး အခြေအနေ များကို သာ ဦးစားပေး တွက်ဆနေကြသူများ ဖြစ်ပြီး ၎င်းတို့ထံမှ အရည်မရ အဖတ်မရ ပြောဆို နေသည်များ ကြားတွင် မိန်းမောမသွားဖို့ လိုပေသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် တသက်လုံး ကမ္ဘာအလယ်တွင် လူတော မတိုး နေထိုင်ခဲ့ရသည်များကို ကျင့်သားရနေသူများ ဖြစ်၍ တောင်းဆိုနေယုံဖြင့် မလုံလောက်သည်ကို နိုင်ငံကြီးများက ကောင်းစွာ သိပြီးသူများ ဖြစ်သည်။

၎င်းတို့ တောင့်ခံနိုင်သလို လူထု ဖက်ကလည်း မည်မျအထိ တောင့်ခံနိုင်မည်လဲ ဆိုသည်ကို အားပြိုင်နေပြီဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •