အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ် ဇူလိုင် ၁၃ရက်မှ ၁၇ရက်အထိ သတ်မှတ်ဆောင်ရွက်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ် ဇူလိုင် ၁၃ရက်မှ ၁၇ရက်အထိ သတ်မှတ်ဆောင်ရွက်မည်

၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ် အထက်တန်းအဆင့် ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင် ၁၃ရက်မှ ၁၇ရက်အထိ အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်အဖြစ် သတ်မှတ်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

”ကျောင်းအပ်နှံရေးသတင်းပတ်ကို နှစ်စဉ်မေလနောက်ဆုံးပတ် သတ်မှတ်ထားသော်လည်း ဒီနှစ်မှာတော့ COVID-19 ရောဂါကြောင့် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်ကို ဇူလိုင် ၁၃ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ သတ်မှတ်ထားတယ်၊ အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ပါ၊ အရင်နှစ်တွေကတော့ ဇွန် ၁ ရက်က အမြဲတမ်းနှစ်စဉ်ကျောင်းဖွင့်ရက်ပေါ့။ ဒီနှစ်ကတော့ ကိုဗစ်ကြောင့် ဆိုင်းငံ့ထားတာကနေ ဇူလိုင် ၂၁ ရက်မှာ အထက်တန်းအဆင့်ကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးတာ၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ ဘယ်ရက်ဖွင့်မယ်ဆိုတာကိုတော့ ညွှန်ကြားစာ ထွက်မလာသေးပါဘူး။ ဇူလိုင် ၂၁ရက်နောက်ပိုင်း COVID-19 ရောဂါကူးစက် ပြန့်ပွားမှုအခြေအနေအရ အလယ်တန်းနဲ့ မူလတန်းအဆင့်ကို တစ်ဆင့်ချင်းစီဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်အကြောင်းကြားပေးသွားမယ်လို့ ရုံးချုပ်ကစာထွက်ထားပါ တယ်”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ)ဦးစိုးလွင်က ပြောသည်။

ဇူလိုင် ၄ရက်မှ ၆ရက်အထိ နဝမတန်းကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲ ကျင်းပသွားမည်ဖြစ်ပြီး ဇူလိုင် ၁၁ ရက်တွင် နဝမတန်း ပြင်ပဖြေဆိုသူများအတွက် အောင်စာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၃ရက်တွင် တက္ကသိုလ်ဝင်အောင်စာရင်းမှလွဲ၍ ကျောင်းတွင်းစစ်နှင့် စတုတ္ထတန်း၊ အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးသွားရန် ညွှန်ကြားထားကြောင်း၊ ယခင်နှစ်များက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အောင်စာရင်းများကို ဧပြီလတတိယပတ်အတွင်း ထုတ်ပြန်ခဲ့ပြီး ယခု နှစ်တွင် COVID-19 ကြောင့် နောက်ကျ ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အောင်စာရင်းနှင့်အတူ အထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်မည့်စာရင်းများပါ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

”ကျောင်းဖွင့်ဖို့အတွက် အကုန်လုံးက COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးဗဟိုကော်မတီကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေလိုက်နာရမှာပါ၊ ကျောင်းထဲ လူစုလူဝေးပုံစံမဖြစ်ဖို့နဲ့ သင်ကြားသင်ယူမှုတွေလုပ်တဲ့အခါ Social Distancing သတ်မှတ်တာတွေ၊ လက်ဆေးဖို့ Mask တပ်ဖို့ Face Shield တွေ တပ်ဖို့၊ အဲဒါတွေကိုလည်း အခြေခံပညာဦးစီးဌာနက ဆရာ၊ ဆရာမတွေကျောင်းသား၊ ကျောင်းသူ တွေကို အခမဲ့ဝေပေးနိုင်အောင်ဆောင်ရွက်နေတယ်ဆိုတာတွေလည်း သိရပါတယ်”ဟု ဆက်လက်ပြောသည်။

သင်ရိုးသစ်နှင့်ပတ်သက်၍ နွေရာသီတွင်မလုပ်ရခဲ့ရသည့် Grade-4, Grade-7, Grade-10သင်တန်းများကို ကျောင်းမဖွင့်မီ သင်တန်းပေးသွားမှာဖြစ်ပြီး အထက်တန်း Grade-10 အဆင့်အနေဖြင့် သင်တန်း ၁၀ရက်၊ အလယ်တန်း Grade-7 နှင့် မူလတန်း Grade-4 အဆင့်အနေဖြင့် ရက်သတ္တပတ် တစ်ပတ်စီ သင်တန်းပေးသွားမည်ဖြစ်သည်။
မျိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •