အထက်မြန်မာပြည်အတွက် သိုလှောင်ရန် နိုင်ငံတော် အရန်ရိက္ခာဆန်များ စတင်ရောက်ရှိ ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အထက်မြန်မာပြည်အတွက် သိုလှောင်ရန် နိုင်ငံတော် အရန်ရိက္ခာဆန်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာ ရွာသစ်ရပ်ရှိ စားသုံးသူရေးရာ ဦးစီးဌာနပိုင် သိုလှောင်ရုံတွင် မေလ၃ရက်နေ့က စတင်လက်ခံဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး အရန်ရိက္ခာဆန်များ ဝယ်ယူ၊ လက်ခံ၊ သိုလှောင်ရေး ကြီးကြပ်မှုအဖွဲ့မှသိရသည်။

COVID-19ရောဂါပြန့်ပွားမှုမြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်ရိက္ခာအဖြစ် ဖြန့်ဝေနိုင်ရန် အရန်ရိက္ခာဆန် တန်ချိန် ၅၀၀၀၀နှင့် စားအုန်းဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် သိုလှောင်ထားရှိသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပိုင်သိုလှောင်ရုံများ၌ မေလအတွင်း အရန်ရိက္ခာဆန်တန်ချိန် ၅၀၀၀သိုလှောင်ရန် လျာထားပြီး စားအုန်း ဆီများအတွက် ဗဟိုကခွင့်ပြုထားသည့် ပမာဏအတိုင်းလက်ခံသိုလှောင်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအကျိုးအမြတ် ရရှိနိုင်ရန်နှင့် ပြည်သူများစိတ် လက်ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ရန် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အရန်ရိက္ခာဆန်များကို ဝယ်ယူသိုလှောင်ခြင်း ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အရေးပေါ်အရန်ရိက္ခာဆန်များ လက်ခံသိုလှောင်ဖြန့်ဖြူးရေးအဖွဲ့များ ဖွဲ့စည်းထားပြီး အရန်ရိက္ခာဆန်များ လက်ခံခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးတို့အတွက် ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •