အဖေများနေ. အမှတ်တရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အဖေ့ရဲ့ အမှတ်တရ အကြောင်းအရာလေးတွေကတော့ အစီအရီ သတိရနေဆဲ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က မဲပေးခဲ့ဖူးတဲ့ အဖေ့ရဲ့ အတွေ့အကြုံကို ပြန်ပြောပြရရင် စိတ်ဝင်စားစရာ ကောင်းမှာပါ။ မဆလ ခေတ်ဦး မှာ ၁၉၇၄ အခြေခံဥပဒေ ပြဌာန်းနိုင်ဖို့ နိုင်ငံနဲ့ အဝှမ်း ဆန္ဒခံယူ တွေပွဲ လုပ်ခဲ့တယ်။ အခြေခံဥပဒေကို ထောက်ခံတဲ့ မဲပုံးအဖြူရောင်ရယ်၊ ကန့်ကွက်တဲ့ မဲပုံး အမည်းရောင်ရယ်နှစ်မျိုးခွဲထားတယ်။ အခြေခံဥပဒေကို ကြိုက်ရင် မဲပြားကို ပုံးအဖြူ‌ ရောင်ထဲကို ထဲ့ပြီး မကြိုက်ရင် အမဲရောင်ပုံးထဲကို ထဲ့ပေါ့။

မဆလ ပါတီတည်ထောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ပွဲ လုပ်တော့လည်း ရွေးချယ်ခံ ပုဂ္ဂိုလ်တစ်ဦး အတွက် မဲပုံးအဖြူနဲ့ အမည်းနှစ်မျိုးပဲရှိပါတယ်။ အဲသည်တုန်းက ရွေးကောက်ခံကိုယ်စားလှယ်တွေကလည်း ယှဉ်ပြိုင်ဘက်မရှိတဲ့ တကိုယ်တော်‌တွေလေ။ ပါတီက ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာကို ချထားပေးပြီးသား။ ပြည်သူကရွေးချယ်ခွင့်မရှိဘူး၊ ဆန္ဒမဲပေးရုံသက်သက်။ မဲရုံထဲဝင်သွားရင် ရှိတဲ့မဲပုံးနှစ်ပုံးက အတော်လေး နေရာခွာချထားမယ်။ ထောက်ခံတဲ့မဲပုံးက အဝင်ပေါက်နဲ့ တည့်တည့်လောက်မှာထားပြီး ကန့်ကွက်တဲ့မဲပုံးက မနီးမဝေး ခပ်လှမ်းလှမ်း‌ လက်တစ်ကမ်း‌လောက် မှာထားပါသတဲ့။ မဲရုံအောက်ခြေကလည်း အကာအရံမရှိ လွှတ်ထားတော့ မဲပေးဖို့ မဲရုံထဲဝင်သွားသူရဲ့ ခြေထောက်‌တွေကို အပြင်က‌နေ လှမ်းမြင်နေရတယ်။ အဖေကတော့ ထောက်ခံမဲပုံးရှေ့ရပ်ပြီး သူ့ရဲ့ကိုယ်ကိုကိုင်းညွှတ် လက်ကို အဆုံးဆန့်ပြီး ကန့်ကွက်မဲပုံး အမည်းရောင်ထဲ အရောက်ပို့လိုက်တာပဲလို့ ပြုံးစစ မျက်နှာနဲ့ ပြန်ပြောင်းပြောပြခဲ့တဲ့ အဖေ့မျက်နှာကို မြင်ယောင်ဆဲပါ။

၂၀၀၈ နာဂစ်အခြေခံ ဥပဒေဆန္ဒခံယူပွဲ လုပ်တုန်းကလည်း အဖေ တကူးတကန့်နဲ့သွားပြီး ကန့်ကွက်မဲထဲ့ ဖြစ်အောင် ထဲ့ခဲ့ပါသေးတယ်။ အဖေ့ရဲ့ အဲသလို လုပ်ဆောင်ချက်တွေဟာ ကြီးကျယ်ခန်းနားခြင်းမရှိခဲ့သလို ခေတ်ကိုလည်း တစ်စုံတစ်ရာ ပြောင်းလဲ‌လာအောင် မတွန်းပို့နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ့ခေတ်အခါ အလျှောက် ဘာပဲလုပ်လုပ် ဘာမှလည်းမထူးခြားပါဘူးကွာဆိုပြီး မိုးခါးရေ သောက်ခဲ့ကြ သူတွေထဲမှာတော့ အဖေ မပါဝင်ခဲ့ဘူး။ ဘယ်ပါတီဝင်မှ မဟုတ်ခဲ့တဲ့ အဖေဟာ သေခြာပေါက် ရှုံးနေတဲ့ပွဲကို အရှုံးမပေးတဲ့စိတ်နဲ့ ဆက်ရှင်သန်ခဲ့သူ ဖြစ်တယ်။ အခုအချိန် ကျွန်တော်တို့အနေနဲ့ ဘယ်ပါတီဝင်မှ မဟုတ်ပေမယ့်လည်း အာဏာရှင် ဘက်သားတွေအပေါ် နိုင်ကိုနိုင်ရမယ့်ပွဲမှာ သရေမကျဖို့ အတွက် သတိရှိဖို့ အဖေသာ ရှိနေ‌ခဲ့သေးရင် သတိပေး စကားတွေ တွင်တွင် ပြောပြနေမှာက အသေခြာပါ။ အစိုးရဝန်ထမ်းဖြစ်ခဲ့တဲ့အဖေဟာ ဘဝတသက်တာလုံး အစွန်းအထင်း မရှိအောင်နေခဲ့တယ်။

ခေတ်ကိုထင်ဟပ်စေတဲ့ အဖေ့အဆုံးအမလေးတစ်ခုရှိခဲ့တယ်။ “ငါ့သားရေ အစိုးရ ဘဏ္ဍာငွေ ခိုးတဲ့ သူခိုးရဲ့ အဖေတော့ မဖြစ် ပါရစေနဲ့တဲ့။ မင်းတို့ သူခိုးဖြစ်မယ့်အစား အစိုးရကို တော်လှန်တဲ့ သူပုန်ရဲ့ အဖေ အဖြစ်သာ ဂုဏ်ယူပါရစေ”တဲ့။ အဖေက မဆလအစိုးရနဲ့ တပ်မတော်အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ဝေဖန်တဲ့အခါတိုင်း သူတို့က အာဏာလက်ရှိဖြစ်‌တော့ “ကကြီး ခခွေး အဆင့်နဲ့ပဲ ငါတို့ အမြဲ ခံနေရသကွ” လို့ပြောလေ့ရှိခဲ့တယ်။ ဒီကနေ့ပြည်သူတွေက သူတို့ လက်ကိုင်သုံးခဲ့တဲ့ နှစ်ကျပ်ကွက်တွေကို ကြိုသိနေပြီ အဖေ။ အဖေ ယုံကြည်တဲ့ သီလ၊ သမာဓိရှိသူတွေ အောင်ပွဲခံဖို့ သိပ်မကြာတော့ဘူး ခံစားရတာပါပဲ အဖေ။

 

Thet Naing Sein


Spread the love
  •  
  •  
  •  
  •  
  •  
  •