အမရပူရမြို့နယ် ရေဝင်ရပ်ကွက်များ ရေအမြန်လျော့နည်းသွားရေး ရေစုပ်စက်များဖြင့် စုပ်ထုတ်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမရပူရမြို့နယ် ရေဝင်ရပ်ကွက်များ ရေအမြန်လျော့နည်းသွားရေး ရေစုပ်စက်များဖြင့် စုပ်ထုတ်နေ

အမရပူရမြို့နယ်၊ ရေဝင်ရပ်ကွက်များ ရေများအမြန်လျော့နည်းသွားရေးအတွက် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ ဆောင်ရွက်ထားသည့် ရေစုပ်စက် နှစ်လုံး ပြန်လည်တပ်ဆင် လည်ပတ်နေမှုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရေစုပ်စက်နှစ်လုံး လည်ပတ်စုပ်ထုတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ညပိုင်း တွင် ရေဂါလန် ငါးသိန်း စွန့်ထုတ်နိုင်သည့် ရေစုပ်စက်တစ်လုံး ထပ်မံတပ်ဆင်သွားရန် တာဝန်ရှိများအား မှာကြားဆောင်ရွက်ခဲ့သည်။

ဧရာဝတီမြစ်ရေ ကျိုးပေါက်သွားသည့် နေရာကိုကျောက်ဖြည့်ပြီး ပိတ်ထားသော်လည်း ကားများ ဖြတ်သန်း သွားလာနိုင်ရန် နောက်ထပ် Lane တစ်ခုစာ ကျောက်ထပ်ဖြည့် ဆောင်ရွက်ခဲ့ပြီး ရေစိမ့်မှုစိတ်ချစေရန် လမ်း၏ မြစ်ဘက်ခြမ်းကို Geotextiles membrane ခင်းပြီး သဲအိတ်များ ဖိချထားဆောင်ရွက်ခြင်း၊ Geobags များ ခံပြီး သဲမှုတ်ထည့်ဆောင်ရွက်မှာဖြစ်ပြီး ပိုမိုစိတ်ချစေရန် မြစ်အတွင်းဘက်မှ sheet pile များရိုက်၍ နောက်ထပ်တက် လာမည့် မြစ်ရေအတွက် ကြိုတင်တွက်ချက်ထားကြောင်း မြို့တော်ဝန်က ပြောသည်။

အမရပူရမြို့နယ် ရွှေရဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့ သည့် နံကပ်အင်းနှင့် အမရပူရမြို့နယ်အနိမ့်ပိုင်းရပ်ကွက်များမှ ရေများ ပြန်လည်လျော့ကျသွားစေရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနရှိ ရေဆိုးစွန့်ထုတ်စက်ရုံ အမှတ်(၂) (ရွှေဂဲ)မှ တစ်နာရီလျှင် ရေဂါလန် ငါးသိန်းစီ စွန့်ထုတ်နိုင်သည့် အချင်းလက်မ ၂၀ ရေဆိုးစွန့်စက်များကို ဇူလိုင် ၂၂ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်တပ်ဆင်ခြင်း သုံးစုံမောင်း တစ်စုံနား စနစ်ဖြင့် ၂၄နာရီ မောင်းနှင်စွန့် ပစ်ပေးမည်ဖြစ်သည်။

အဆိုပါ ရေဆိုးစွန့်ထုတ်စက်ရုံမှ တစ်နာရီလျှင် ရေဂါလန် ၁ ဒသမ၅ သန်းနှုန်းဖြင့် တစ်ရက်လျှင် စုစုပေါင်း ရေဂါလန် ၃၆ သန်းခန့်စွန့်ထုတ်သွားနိုင်မည်ဖြစ်ကာ လူနေရပ်ကွက်များအတွင်းမှ ရေများ လျော့ကျစေရေး အတွက် ရေနှင့် သန့်ရှင်းမှုဌာနမှ အချင်း ၁၂ လက်မ ရေစုပ်စက်များကိုလည်း ယာယီတပ်ဆင်အားဖြည့်၍ ရေစုပ်ထုတ်သွားမည်ဖြစ်သည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •