အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် စစ်ကိုင်း – မန္တလေး ကမ်းနားလမ်း (၁၀)ပေခန့် ကျိုးကျပျက်စီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် စစ်ကိုင်း – မန္တလေး ကမ်းနားလမ်း (၁၀)ပေခန့် ကျိုးကျပျက်စီး

အမရပူရ ဇူလိုင် ၂၀

အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရွှေဂဲကျေးရွာ ဒေါ်အေးကြင် ထမင်းဆိုင် အနီးရှိ ရွှေဂဲ ရေဆိုးထုတ် စက်ရုံအတွင်းသို့ ကမ်းနားလမ်း အောက်မှ ရေများ စတင်ထွက်ရှိ နေကြောင်းကို ယမန်နေ့ ည (၇)နာရီ အချိန်ခန့်က သိရှိရသဖြင့် မန္တလေးတိုင်း‌ဒေသကြီး ဒုတိယမြို့တော်ဝန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း ၊မြို့တော်စည်ပင် ဝန်ထမ်းများက စက်ယန္တရားများ ဖြင့် စတင်ဆောင်ရွက်ခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ရေဆိုးထုတ်စက်ရုံ အောက်ရှိ နံကပ်အင်းနှင့် ကပ်လျက် မှန်တန်း ၊ စျေးချို၊ ကျန်တန်းရပ်ကွက်များနှင့် ယဉ်တော်ကျေးရွာအောက် ပိုင်းရှိ အိမ်ထောင်စုများအား ရေများ ဝင်ရောက်နိုင်ကြောင်း သတင်းချပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဖြင့် ပြောင်းရွေ့နိုင်ရေး စီမံဆောင် ရွက်ခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ ည (၉)နာရီအချိန်တွင် ဆရာတော်အရှင်ဆေကိန္ဒ(ဓမ္မဒူတဆရာတော်) ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ မြို့တော်ဝန် ဒေါက်တာရဲလွင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ ၊ စည်ပင်ကော်မတီဝင်များ ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ထပ်မံရောက်ရှိလာပြီး ကြီးကြပ်ပေးကြပါတယ်။

 

ကျိုးပေါက်သည့်နေရာသို့ စက်ယန္တရားများ ၊ ယာဉ်ကြီးများဖြင့် ကျောက်၊ သဲများဖို့ခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် ရေအနိမ့် ပိုင်းရှိ အိမ်ထောင်စုများအား မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့၊ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ် ရေးအသင်းများမှ ရေလွတ်ရာ ဓမ္မာရုံ များ ၊ အ.မ.က ကျောင်းများ ၊ နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ကူညီရွေ့ပြောင်းပေးလျက် ရှိပါတယ် ။

ရေများစိမ့်ဝင်မှုကြောင့် ယနေ့ နံနက်(၁)နာရီ မိနစ်(၂၀)အချိန်ခန့်တွင် စစ်ကိုင်း-မန္တလေး ကမ်းနား လမ်း သည် အကျယ်(၁၀)ပေခန့် အသွားအပြန်လမ်းနှစ်ဘက် ကျိုးကျပျက်စီးခဲ့ပြီး လမ်းလယ်ကျွန်း (၅)ပေခန့် ကျန်ရှိနေကြောင်းသိရပါတယ်။

မန္တလေးကမ်းနားကနေ စစ်ကိုင်းတံတားကြီးဆီသွားတဲ့လမ်း ၊လမ်းအောက်ရေဆိုးထုတ်တဲ့နေရာကနေ မြစ်ရေတိုက်စားပြီး လမ်း ၂ ဖက်လုံး ပြိုကျခဲ့ရာက မြစ်ရေ တဖြည်းဖြည်း စိမ့်ဝင်လာနေတဲ့ရွာတွေကို အမရပူရမြို့ပေါ် ဓမ္မာရုံတွေမှာရွှေ့ပြောင်းပေးနေပါပြီ။


ရေဟာ အလုံးအရင်းနဲ့ ဝင်လာတာမျိုး မဟုတ်ပဲ တဖြည်းဖြည်းစိမ့်ဝင်နေတာ ဖြစ်ပေမယ့်၊ ပုံမှန် ရေဝင်ချိန်ထက် စောပြီး ရေဝင်လာတာကြောင့် အနိမ့်ပိုင်းက ရွာတွေကို အခုလို အရေးပေါ် ပြောင်းရွှေ့ ပေးနေကြတာပါ


Spread the love
  •  
  •  
  •  
  •  
  •  
  •