အမိန့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  


သားကြီးမောင်ဇေယျ

(၁၉-၄-၂၀၂၀)

အခုတလော ကိုဗစ် ၁၉ နဲ့ ပါတ်သက်တဲ့ အမိန့်တွေအပေါ် ဝေဖန်တာတွေကြားရတယ်။
ပေါ်ပေါ်တင်တင် ဝေဖန်ကြတာမို့ ကျေနပ်မိတယ်။

အမိန့်ပေးတာနဲ့ ပါတ်သက်လို့ ကျွန်တော့်အတွေ့ အကြုံကလေးတခုကိုပြောပြချင်ပါတယ်။

တနေ့သော အခါက ကျွန်တော့်ဖေဖေ့ မိတ်ဆွေ ဗိုလ်မှူး စာရေးဆရာအိမ် ကို လမ်းကြုံ လို့
အလည်ဝင်ပါတယ်။ မတွေ့တာကြာလို့ သူက အားရဝမ်းသာကြိုပါတယ်။ နေပူထဲက လာတဲ့ ဧည်သည်မို့
သူက အလိုက်သတိ ခရီးဦးကြိုပြုတဲ့ အနေနဲ့ လာထိုင် နားပါဦး ၊ ရေလေ ဘာလေး သောက်ပါဦးလို့
ပြောရင်းသူ့ဘေးနားမှာ အသင့်ရပ်နေတဲ့ သူ့ရဲဘော်လေးကိုလည်း ချက်ချင်း အမိန့်ပေးပါတယ်။
ရဲဘော် ရေယူလာခဲ့။
ရဲဘော်လေးက သတိအနေအထားနဲ့ရပ်ကာ ဟုတ် လို့ ပြောပြီး အိမ်နောက်ဖက် ဝင်သွားပါတယ်။
မကြာခင်မှာပဲ ရဲဘော်လေးက ရေချိုးတဲ့ ဒါန်ဖလားကြီးနဲ့ ရေ အပြည့်ခတ်လာပါတော့တယ်။
ဗိုလ်မှူးဟာ သူ့ရဲဘော်ရဲ့ အပြုအမူ ကြောင့် ရှက်လည်းရှက် ၊ ဒေါသလည်းထွက် ပြီး
ဆွဲထိုးဖို့ ပြင်လိုက်ပါတယ်။
နောက်မှ ကျွန်တော်တို့ ရှိနေတာကိုသတိရပြီး
ကျွန်တော်တို့ ရဲဘော်တွေဟာ ဒီလိုပဲဗျာလို့ စိတ်ပျက်လက်ပျက်နဲ့ပြောရင်း သူ့မိန်းမ ဘက်ကိုလှမ်းကြည်လိုက်ပါတယ်။
သူ့ မိန်းမကလည်း အလိုက်သတိနဲ့ ရဲဘော်လေးဘက်လှည့်ပြီး
ရဲဘော် . . . ရေသောက်တဲ့ ဖန်ခွက်နဲ့သောက်ရေအိုးထဲက ရေကိုခတ်မယ်။ လက်တလုံးလျှော့ခတ်မယ်၊ ဖန်ခွက် အောက်မှာ ပန်းကန်ပြား တချပ်ခံမယ်။ ဧည်သည် ရှေ့ ကစားပွဲမှာ ချမယ်။ ဒါပဲ။ နားလည်လား၊
ပြန်ဆိုစမ်း။
ရဲဘော်က ကြက်တူရွေးရွတ်သလို ပြန်ရွတ်ပြတယ်။
အေး . . . ဒါဆို ရေသွားခတ်တော့လို့ အမိန့်ပေးလိုက်တယ်။
နောက်မကြာခင်ပဲ ဖန်ခွက်နဲ့ထည့်ထားတဲ့ သောက်ရေတစ်ခွက် ကို ကျွန်တော်တို့ စားပွဲရှေ့လာချတယ်။
ဒါပေမယ့် ဖန်ခွက်အောက်မှာ ခံထားတာက ထမင်းစားပန်းကန်ကြီးဗျာ့။
ကျွန်တော်တို့ အားလုံး ဒေါသ မထွက်ပဲ တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြတယ်။ တကယ်တော့ ရေဆာနေချိန်မှာ သောက်ရေတခွက်ရဖို့ အရေးကြီးဆုံးပဲ မဟုတ်ပါလား။
တိကျတဲ့ အမိန့် ဆိုတဲ့ စကားသံကိုကြားတိုင်း အဲဒီအဖြစ်အပျက်ကလေးကိုသတိရတယ်။ ပြုံးမိတယ်။
ငယ်ငယ်တုန်းက ကျွန်တော်တို့ ကျောင်းမှာ စစ်ရေးပြ လေ့ကျင့်ရတယ်။ အမိန့်နာခံတတ်အောင်တဲ့။ သတိ၊ သက်သာ၊ ညာညှိ၊ တန်းဖြုတ် စ သဖြင့်ပေါ့။ ပြည်သူတွေ အမိန့်နာခံတတ်မှ တိုင်းပြည်တိုးတက်မယ် ဆိုတဲ့ အယူအဆပေါ်အခြေခံစဉ်းစားပုံရတယ်။ အဲဒီတုန်းက စစ်ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်နဲ့ အုပ်ချုပ်တာကိုး။ သူတို့ကတော့ အမိန့်ပေးသူတွေ။ သူတို့လောက် ဘယ်သူမှ မသိဘူး။ သိခွင့်လည်းမရှိဘူးလေ။ သိတဲ့ကောင် က ပြသနာကောင်ပဲ။ သူပုန်ပဲ။ ဗကပ ပဲ။
ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတဲ့ ဉာဏ်ပညာမဲ့ အမိန့်တွေကြားမှာ လူတွေက အသားကျလာတယ်။ နည်းနည်းစဉ်းစဉ်းစားရင် နည်းနည်း ဒုက္ခရောက်မယ်။ များများ စဉ်းစားရင် များများ ဒုက္ခ ရောက်တဲ့ခေတ်။
ဒီမိုကရေစီခေတ်ဖက်ကို ဦးတည်လာပြီး လူတွေ အသိဉာဏ်ပွင့်လာတဲ့ ခေတ်ရောက်တော့ အမိန့်ထုတ်တဲ့ အစိုးရလည်း အာဏာကုန် မသုံးဘူး။ လူတွေလိုက်နာဖို့ကိုလည်း အတင်းအကြပ်မလုပ်ဘူး။ သူ့ကျင့်ဝတ်၊
သူ့ဂုဏ်သိက္ခာ နဲ့အညီ နှိုင်းနှိုင်းချိန်ချိန် စောင့်ထိမ်းဖို့ အခွင့်အလမ်းတွေကို လမ်းဖွင့်ထားတယ်။
ကျင့်ဝတ်၊ ဂုဏ်သိက္ခာ ၊ ဉာဏ်ပညာ နဲ့ လူ့အခွင့်အရေးတွေ ရှု့ထောင့် ဖက်ကပါ ထည်သွင်းစဉ်းစားလာတယ်။
စစ်အုပ်ချုပ်မှုနဲ့ အသားကျတဲ့ ကျွန်တော်တို့ဟာ လက်ရှိ အစိုးရ ပျော့လွန်းတယ်လို့မြင်လာတယ်။
ကျွန်တော် ကိုယ်တိုင် အားမရဖြစ်တယ်။
ဒီလောက် သေရေးရှင်ရေး ကပ်ဘေး ကျ နေချိန်မှာ အကြောင်းကိစ္စကြီးငယ်မရှိပဲ
လူတွေက လတ်လျှား လတ်လျှား သွားနေကြ။ အရေးတကြီး အကြောင်းမရှိပဲ လမ်းထွက်တဲ့
သူတွေကို ဒုတ်နဲ့လိုက်ရိုက်ရင်ကောင်းမလား၊ ထိုင်ထ လုပ်ခိုင်းရင်ကောင်းမလား
လို့ စဉ်းစားရင်း ဒေါသ စိတ်တွေဝင်လာပါတယ်။
ဒါပေမယ့် ဝမ်းရေးအတွက်၊ ကျန်းမာရေးအတွက်၊ မလွဲသာတဲ့ ကိစ္စတွေအတွက် လမ်းထွက်းရတဲ့
သူတွေလည်းရှိသေးတယ်။ အဲဒီလို ပြည်သူတွေအတွက်လည်း မနစ်နာအောင်
စဉ်းစားပေးဖို့လိုပါကလား ဆိုတဲ့ အတွေးတွေဝင်လာတယ်။
အဲဒါကြောင့် ပြည်သူတွေဟာ မိမိကိုယ်ကို မိမိ ထိမ်းသိမ်းမယ်၊ မိမိကိုယ်မိမိ အုပ်ချုပ်မယ်ဆိုရင်
ဘယ်သူမှ လာပြီး အမိန့်ပေးစရာ မလိုတဲ့ အဆင့်အတန်းရှိ ပြည်သူတွေ ဖြစ်လာမှာပါ။
ဒီလိုမှ မဟုတ်ရင် ကျွန်တော်တွေ့ခဲ့ အဖြစ်အပျက်ထဲက ဗိုလ်မှူး နဲ့ ရဲဘော်လေး လို အမိန့်ထုတ်သူနဲ့
အမိန့် နာခံရသူကြား တိုင်ပတ် နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာကိုပြန်မြင်ယောင်လာတယ်။
စည်းကမ်းတွေ၊ ဥပဒေတွေ တင်းကျပ် ဖို့ထက် တစ်ဦးချင်း စောင့်ထိမ်းရမယ့် စည်းကမ်းတွေ ၊
ကျင့်ဝတ်တွေ၊ စိတ်ကောင်းစေတနာတွေ ရှိဖို့ပဲလို့ တွေးမိတယ်။ တနည်းအားဖြင့် ကျွန်တော်တို့ အားလုံး
ဉာဏ်ပညာ ကိုယ်ခံအားကောင်းဖို့လိုပါတယ်။
အမိန့်တွေ ၊ ဥပဒေ တွေကို မလေးစားခင် ကျွန်တော်တို့ ကိုယ့်ကို ကိုယ် လေးစားအောင် ပထမ လုပ်ရမှာပါ။
သားကြီးမောင်ဇေယျ ( ၁၈-၄-၂၀၂၀)


Spread the love
  •  
  •  
  •  
  •  
  •  
  •