အမေနေ့တဲ့ ၊ ကျွန်တော့်အဖို့နေ့တိုင်းဟာ အမေနေ့ပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သက်နိုင်စိန်

အမေကပြောတယ်။ “ငါ့သား…အခုခေတ်ကြီးမှာ လေယာဉ်ပျံတွေ ဒုံးပျံတွေ ကွန်ပျူတာတွေပေါ်နေတာ တိုးတက်နေတာမဟုတ်ဘူး၊ ဆုတ်ယုတ်သွားတာပါ”တဲ့။
ကြားခါစက အပြင်းအထန်ကို ငြင်းဆန်ခဲ့တာပေါ့။ “အမေနားလည်ပေမယ့်လည်း ငါ့သားကိုရှင်းမပြတတ်ဘူးကွယ်”တဲ့။
ကာလတွေ အတော်အတန်ကြာကာမှ ကျွန်တော်လည်းဆက်စပ်တွေးမိတယ်။ ကမ္ဘာမှာ ဟိုးတုန်းကသင်္ချာအတွက်အချက်အတွက် တရုတ်ပေသီးနဲ့ သုံးခဲ့ကြတယ်။ နောက်တော့ဂဏန်းတွက်စက်ပေါ်လာတယ်။ ကွန်ပျူတာတွေအဆင့်ဆင့်ဖြစ်ပေါ်လာတာ ခုထိကိုမဆုံးနိုင်သေးဘူး။
နောင်လည်းဆက်ပြီးပေါ်နေဦးမှာပဲ။
လူတွေသက်သာစေဖို့ ဆင့်ကဲတိုးတက်နေရတာလား။ ဒါမှမဟုတ်အချိန်တွေနည်းလာလို့၊ ဘဝမှာဗာဟီရတွေများလွန်လွန်းလို့၊ အချိန်တွေကို ချုံ့နိုင်ဖို့အတွက် အထောက်အကူဖြစ်စေအောင် သဘာဝအနေနဲ့ ပြောင်းလဲပေးရတာလား။
ပညာဝန်ဦးဖိုးကျားခေတ်က ကျောင်းစာအုပ်အထူအပါးနဲ့အခုခေတ်က ကျောင်းစာအုပ်အထူအပါးမတူညီနိူင်တော့တာ
ဒီသဘောပါပဲ။ ကမ္ဘာကြီးမှာ တိုးတက်လာတဲ့သိပ္ပံနဲ့ပတ်သက်တဲ့ တွေ့ရှိမှုတွေ၊ ဆက်လက်ဖြစ်ပျက်နေတဲ့ သမိုင်းကြောင်းတွေကို ထည့်သွင်းပြဌာန်းရင်း ကျောင်းသုံးစာအုပ်တွေထူလာရတယ်။ နောက်ထပ်လည်း တွေ့ရှိလာတဲ့ ဘာသာရပ် အသစ်တွေထပ်တိုးလာပြန်တယ်။
လူတွေလည်းပြောင်းလဲခြင်းနဲ့လိုက်လျှောညီထွေ ဖြစ်လာရတယ်။ အခုခေတ်ကလေးတွေပိုပိုပြီး ဥာဏ်ကောင်းလာတာလည်းဒီဖြစ်စဉ်ပါပဲ။ ဒီအသက်အရွယ် အချိန်အပိုင်းအခြား အတွင်းမှာ သင်ယူရမယ့် ပညာတွေကို ဦးနှောက်ကလည်း မှတ်သားသိမ်းဆည်းနိုင်တဲ့ ဟာ့ဒစ်တွေ ပမာဏကြီးလာသလိုပေါ့။ သိပ်အံ့သြမသွားပါနဲ့လားမိတ်ဆွေ။
ဟိုးအလျှင်က တက္ကသိုလ်က ပြဌာန်းစာတွေက အထက်တန်းနဲ့ အလယ်တန်းစာအုပ်တွေဆီကို ရောက်လာခဲ့ပြီလေ။
လူဦးရေများလာလို့၊ ရာသီဥတုတွေဖောက်ပြန်လာလို့၊ ဇီဝနည်းပညာတွေနဲ့အစားအစာတွေ ထုတ်လုပ်ကြရမှာတွေကလည်း အခုခေတ်မှာ မျက်ဝါးထင်ထင်မြင်နေရပြီ။
တိုးတက်နေတာမဟုတ်ဘူး ဆုတ်ယုတ်သွားတာပါဆိုတဲ့အမေ့စကား စဉ်းစားစရာဖြစ်လာပါပြီ။ မြတ်ဗုဒ္ဓက ရုပ်ဒြပ်အမှုန်တွေအကြောင်း အတိအကျ ဟောတော်မူခဲ့တယ်။
လိက္ခာမြူကို ၃၆လုံးစိပ်ပိုင်းရင် တစ်စိပ်ကို ရထရေမြူ၁လုံး၊
ရထရေမြူကို ၃၆လုံးစိပ်ပိုင်းရင် တစ်စိပ်ကို တဇ္ဇာရီမြူ၁လုံး၊
တဇ္ဇာရီမြူကို ၃၆လုံးစိပ်ပိုင်းရင် တစ်စိပ်ကို အဏုမြူ၁လုံး၊
အဏုမြူကို ၃၆လုံးစိပ်ပိုင်းရင် တစ်စိပ်ကို ပရမာဏုမြူ၁လုံးဟုခေါ်သတဲ့။
ယခုလက်ရှိသိပ္ပံပညာဟာ ပရမာအနုမြူအဆင့်ကိုမရောက်သေးဘူးတဲ့။
ကျွန်တော်တို့ရဲ့ဂေါတမမြတ်စွာဘုရားဟာ နှစ်တစ်ရာတမ်းမှာ ပွင့်တော်မူခဲ့ပြီး နောင်ပွင့်တော်မူမယ့် အရိမေတေယျမြတ်စွာဘုရားဟာ အနှစ်ရှစ်သောင်းနဲ့တစ်သိန်းတမ်းမှာ ပွင့်တော်မူမှာပါတဲ့ဗျာ။
အရိမေတေယျမြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားဖို့ကားတွေ၊ လေယာဉ်ပျံတွေ၊ တစ်ယောက်နဲ့တစ်ယောက်ခေါ်ဖို့ တယ်လီဖုန်းတွေလိုအပ်ဦးမှာလား။
စကားလေးပြောရင်း ခြေလျှင်လျှောက်သွားဖို့ လုံလောက်တဲ့အချိန်ရော၊ ကြံခိုင်တဲ့ကျန်းမာရေးရော၊ ကောင်းမွန်ပြီးပုံမှန်ဖြစ်တဲ့ရာသီဥတုပါရှိစေမယ့် အနှစ်ရှစ်သောင်း၊ အနှစ်တစ်သိန်းသက်တမ်းမှာ ဒီခရီးဟာအညောင်းအညာပြေ၊
ကျန်းမာရေးအထောက်အကူဖြစ်မယ့် ခုခေတ်ရဲ့မနက်ခင်းလမ်းထွက်လျှောက်သလောက်ပဲ ဖြစ်စေမှာပါ။
တရားတော်ကိုလွန်စွာကြည်ညိုပါ၏။
အမေရဲ့ထိုးထွင်းသိမြင်မှုကိုလေးစားပါ၏။
ထိုဥာဏ်ဖြင့် သံသရာလမ်းမှ လွတ်မြောက်ရာမဂ်ဖိုလ် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော အထောက်အပံ့ကောင်းများဆက်လက်ပြီး ရောက်ရှိရာဘဝမှာ အမေရယူခံစားနိုင်ပါစေ။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •