အမေရိကန်တွင် ဆည်နှစ်ခု ကျိုးပေါက်သွားသဖြင့် လူသောင်းချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝါရှင်တန်၊ မေ ၂၀

အမေရိကန်တွင် ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်နှစ်ခု ကျိုးပေါက်မှု ဖြစ်ပွားပြီးနောက် မီချီဂန် ပြည်နယ်ရှိ လူတစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။

အေဒင်ဗယ်လီနှင့် ဆန်းဖို့ဒ် ဆည်နှစ်ခု ကျိုးပေါက်မှု ဖြစ်ပွားပြီးနောက် တစ်တာ ဘာဝါဆီ မြစ်အနီး ဒေသများတွင် နောက်ထပ် ရေကြီး ရေလျှံမှုများ ဖြစ်ပွားလာနိုင်သည်ဟု အမျိုးသား မိုးလေ၀သ ဌာနက ထုတ်ပြန်ထားသည်။

ဒါက်ထရွိုက်မှ မိုင် ၁၄၀ အကွာရှိ မစ်လန်းရှိ ဒေသများမှာ ကိုးပေအထိ ရေလွှမ်းမိုးနေကြောင်း အာဏာပိုင်များက ပြောသည်။ ယင်းမြို့တွင် အခြေစိုက်သည့် Dow chemical ကုမ္ပဏီသည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်နေသည်။

ဆည်နှစ်ခု ကျိုးပေါက်မှု ဖြစ်ပွားပြီးနောက် မီချီဂန်ပြည်နယ် အလယ်ပိုင်း မစ်လန်း ဒေသတွင် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန်းဝှိုက်မာက အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး လူဦးရေ လေးသောင်းကျော်မှာ မကြုံစဖူး ရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း သတိပေး ပြောဆိုသည်။

ထို့ပြင် ၂၄ နာရီ အတွင်း ဒုတိယအကြိမ် ရေလွှမ်းမိုးခြင်းကြောင့် ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် ထပ်မံ တိုက်တွန်းထားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေကြရန်လည်း အကြံပြုထားသည်။

တစ်တာ ဘာဝါဆီ မြစ်သည် မေ ၂၀ ရက် နံနက်ပိုင်းတွင် ၃၈ ပေထိ စံချိန်တင် မြစ်ရေကြီးနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းမှာ အလွန် အန္တရာယ်များပြီး အသက် အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြေအနေ ဖြစ်ကြောင်း အမေရိကန်အမျိုးသား မိုးလေ၀သ ဌာနက သတိပေး ထားသည်။

Photo: AP
#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •