အမေရိကန် စစ်လေယာဉ်များထက် အဆမတန် အစွမ်းထက်သည့် ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန် စစ်လေယာဉ်များထက် အဆမတန် အစွမ်းထက်သည့် ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်း
*********************************

 

သောကြာနေ့က ပြုလုပ်သော အဖွဲ့ဝင် ၁၉၃ ဦး ပါဝင်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိမိသည် တရားဝင် ရွေးချယ် တင်မြှောက် ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်ကြောင်း အစချီကာ စစ်အာဏာသိမ်းမှုသည် ပြည်သူများ၏ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သဖြင့် နိုင်ငံတကာ အသိုက်အဝန်းမှနေ၍ “အပြင်းထန်ဆုံး အရေးယူ ပေးပါရန်” ပန်ကြားသွားခဲ့သည်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းသည် အာဏာသိမ်း အဖွဲ့တွင် မဆိုသလောက်သာ ကျန်ရှိနေသေးသည့် တရားဝင် ဖြစ်တည်မှုကို အပြီးအပိုင် ဖြိုလှဲလိုက်ခြင်းပင် ဖြစ်သည့်အပြင် CRPH သည် ကုလ သမဂ္ဂ စင်မြင့်ကို သိမ်းပိုက်နိုင်လိုက်ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့မှ ထပ်မံစေလွှတ်မည့် ကိုယ်စားလှယ် ခန့်အပ် လွှာကို ကုလ အတွင်းရေးမှူးချုပ်မှ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်း အပိုဒ် (၂၇) အရ ကြိမ်းသေပေါက် ပယ်ချမည်လည်း ဖြစ်သည်။ ယခင်က အပါသိုက် တောင်အာဖရိက အစိုးရ၊ ဟေတီ နှင့် ဆီရီယာ လီယွန် ရှိ အာဏာသိမ်း အစိုးရကိုလည်း ထိုနည်းနှင်နှင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ ပြည်သူ့အစိုးရ၊ ပြည်သူများက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ၊ ပြည်သူများ အတွက် အစိုးရ တရပ် ပြန်လည်ရရှိရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်မိုးထွန်းက ပြောသွားခဲ့သည်။ ထို့အပြင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို မည်သည့်နိုင်ငံကမျှ အသိအမှတ် မပြုကြရန်၊ အပြစ်မဲ့ ပြည်သူများ အား ဖမ်းဆီး ဖိနှိပ်နေမှုများကို ရပ်တန့်နိုင်ရန်၊ ဒီမိုကရေစီ နှင့် နိုင်ငံတော် အာဏာကို ပြည်သူများ လက်ဝယ် ပြန်လည်ရရှိရေး ကူညီရန် လည်း ပန်ကြားသွားခဲ့သည်။

ဦးကျော်မိုးထွန်းမှ တသက်လုံး စစ်တပ်၏ ဗိုလ်ကျ လွှမ်းမိုးမှုကို ခေါင်းငုံ့ခံလာခဲ့ရသည့် မြန်မာ ပြည်သူများ၏ ကိုယ်စား တကမ္ဘာလုံး ကြားအောင် ခံစားချက် အပြည့်ဖြင့် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီ ဖြစ်၍ မြန်မာပြည်သူများ အတွက် အဖိုး မဖြတ်နိုင်သော အောင်ပွဲတခု ဖြစ်လာခဲ့ရသည်။

အလားတူ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံကမျှ တရားဝင် အစိုးရ အဖြစ် အသိ အမှတ် မပြုရန် နှင့် မြန်မာ ပြည်တွင် ဒီမိုကရေစီ ပြန်လည် ရရှိရေး ဝိုင်းဝန်း ကြိုးပမ်းပေးကြရန် ကုလ အတွင်း ရေးမှူးချုပ်၏ မြန်မာ ဆိုင်ရာ အထူး သံတမန် ခရစ်စတင်း ရှရေနာ ဘာဂင်ဂါက တိုက်တွန်းသွားပြီ ဖြစ်သည်။

အမေရိကန် သံအမတ်ကြီး အပါအဝင် အီးယူ အဖွဲ့ဝင် နိုင်ငံများ၊ အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများကလည်း ပြစ်တင် ရှုတ်ချသွားခဲ့ကြပြီး မြန်မာပြည်သူများနှင့် အတူ ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင် ဦးကျော်မိုးထွန်း စွန့်စား လုပ်ဆောင်ခဲ့မှုသည် ပြောမပြနိုင်အောင် အန္တရာယ်ကြီးမားလှသည် ကို သိရှိခဲ့ကြသဖြင့် ၎င်း၏ သတ္တိ ပြောင်မြောက်စွာ ပြောဆိုသွားခဲ့မှုအား မိန့်ခွန်းပြောသူတိုင်းက ထည့်သွင်း ချီးကျူး ပြောဆိုသွားခဲ့ကြပြန်သည်။

မည်သို့ပင်ဖြစ်စေ ဦးကျော်မိုးထွန်းသည် သူရသတ္တိရှိစွာ ဖြင့် စွန့်လွှတ်အနစ်နာခံကာ အရေးတော်ပုံကြီးအတွက် ကြီးမားလှသည့် အလှည့်အပြောင်းကြီး ဖြစ်ပေါ်လာအောင် လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ပြည်သူများကလည်း ၎င်းတို့အပေါ် အနိုင့်အထက် ညှင်းပမ်းနေသည့် စစ်အုပ်စု၏ လုပ်ရပ်များကို ကမ္ဘာစင်မြင့်ထက်တွင် ဖွင့်ချပြသွားခဲ့မှု အတွက် ဦးကျော်မိုးထွန်း၏ ကျေးဇူးကို မည်သည့် အခါမျှ မေ့နိုင်ကြတော့မည် မဟုတ်ပေ။

ဦးကျော်မိုးထွန်း၏ မိန့်ခွန်းကြောင့် ဂျကာတာ တွင် ဝဏ္ဏမောင်လွင် ကိုပါ ဖိတ်ခေါ်ပြီး အင်္ဂါနေ့တွင် ပြုလုပ်မည့် အာဆီယံ အထူးအစည်းအဝေးသည်လည်း တရားမဝင် ဖြစ်သွားခဲ့ရပေပြီ။ ကြားနာပွဲတွင် တရားလို ဖြစ်သော ပြည်သူ့ကိုယ်စားလှယ် တက်ရောက်ခွင့် မရဘဲ တရားခံ ကိုသာ ခေါ်ယူပြီး “ကျွန်တော် မခိုးဘူး၊ မသတ်ဘူး” ပြောသည်ကို နားထောင် ဆုံးဖြတ်မည် ဆိုကတည်းက မည်သို့များ တရားမျှတမှု ရှိပေမည်နည်း၊ ထိုသို့ စီစဉ်လာသူများကိုလည်း မြန်မာပြည်သူများက ရိုးသားစွာ ကြားဝင် ဆောင်ရွက်ပေးသူများ အဖြစ် အဘယ်သို့ ယူဆနိုင်ပေဦးမည်နည်း၊ ပြီးလျှင် “စိုးရိမ်မကင်း ကြောင်း” ကြေညာချက်များ ထုတ်ကြပေဦးမည်။ အာဏာသိမ်း အဖွဲ့သည် ဝဏ္ဏမောင်လွင်ကို အားပြုပြီး အာဆီယံ မှတဆင့် ကမ္ဘာသံတမန် လောက ကို ထိုးဖေါက်မည့် အကြံလည်း ထိခိုက်သွားရပြီ ဖြစ်သည်။

ထိုသို့ အာဆီယံက စေ့စပ်ဆွေးနွေးပေးရန် ညှိနှိုင်းလာနေချိန်၊ ကုလ အထွေထွေ ညီလာခံကြီး ကျင်းပရန် ရှိနေချိန်တွင်ပင် ရန်ကုန်တွင် သေနတ်များ ပစ်ဖေါက်ပြီး လက်နက်မဲ့ ပြည်သူများကို အနိုင်ကျင့် နေသည့် အပြင် မင်းအောင်လှိုင် ခန့်ထားသော ရွေးကော်သည် လူထု ၏ သောင်ပြိုကမ်းပြို ထည့်ထားသော မဲများ ပျက်ပြယ် သွားပြီဟု တရားဝင် ကြေညာလာခဲ့သည်အထိ အသိဉာဏ် မည်မျှခေါင်းပါးပြီး စိတ်ထင်တိုင်း ကြဲလာနေမှု က ပေါ်လွင်ထင်ရှားသွားခဲ့ရပြန်သည်။ သို့သော် ပြဿနာ ဖြစ်လာနေရသည်မှာ မဲစာရင်းမှား၍ အာဏာသိမ်း ခဲ့ရပါသည် ဟု ဆိုသော်လည်း တလနည်းပါး ရှိလာသည်အထိ မည်မည်ရရ သက်သေသက္ကာရ ယခုထိ ထုတ်ပြနိုင်ခြင်း မရှိသေးပေ။ ရွေးကော်အား ထိုသို့ စေခိုင်းခြင်းကပင် မြန်မာလူထုကို ဗြောင်ကျကျ စော်ကားလိုက်ရုံမက နိုင်ငံတကာ အသိုက်အဝန်းကိုပင် မထီမဲ့မြင် ပြုလိုက်ခြင်းသာ ဖြစ်သည်။

ယခုအခါ မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်တို့ပင် မကြုံခဲ့ရဖူးသည့် အကြပ်အတည်း ကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်အဖို့သည် လူထုထောက်ခံမှုကို ရရှိရေး ကြိုးပမ်းဖို့ လုံးဝစိတ်ကူး တော့ခြင်း မရှိဘဲ လောလောဆယ်တွင် လူထုကို သေနတ်နှင့် ချိန်ပြီး ဆက်လက် အုပ်ချုပ်သွားဖို့သာ ပြင်ဆင်နေ သည်။ ရန်သူ အားကောင်းနေလျှင် ၎င်းတို့အခေါ် delaying tactic ခွာစစ် နှင့် နေ၊ ရန်သူ စစ်ပန်းလာပြီ ဆိုလျှင် ထိုးစစ်ဆင် နည်းဗျူဟာဖြင့် တဖြေးဖြေး နဲ့ စတင် အကြမ်းဖက်လာနေပြီ ဖြစ်သည်။ ဤသည်က သူ၏ ထင်မြင်ယူဆချက်သာ ဖြစ်ပြီး လူထု ဖက်က ပေါ့ပေါ့ပါးပါး နှင့် မလျော့တမ်း ဆက်လက် အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်။

တနင်္ဂနွေနေ့တွင် Anonymous Hackers အနော်နင်မတ်စ် ဟက်ကာ အဖွဲ့မှ ကမ္ဘာမြို့ကြီး ငါးမြို့တွင် တရုတ်ဆန့်ကျင်ရေး၊ မြန်မာ ဒီမိုကရေစီ အရေး အတွက် #MilkTeaAlliance ကန့်ကွက်ဆန္ဒပြပွဲကြီး ကို ပြည်တွင်းရှိ အထွေထွေ သပိတ်တိုက်ပွဲ ကြီး နှင့် အတူ ဟန်ချက်ညီညီ ဆင်နွှဲသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

အခြေအနေများ ကြာလာသည်နှင့်အမျှ ၎င်း၏ အာဏာတည်မြဲရေး အတွက် နေ့စဉ်နေ့တိုင်းလူထု နှင့် ရင်ဆိုင် လာနေရသော စစ်တပ်နှင့် ရဲအဖွဲ့ဝင်များ အကြား ငါတို့သည် အမှန်ဖက်က ရပ်တည်နေတာမှ ဟုတ်ရဲ့လား၊ ကုလသမဂ္ဂကပင် တရားဝင် အသိအမှတ် မပြုသော အစိုးရမျိုးကို ကာကွယ် နေရပြီလောဟူသော သံသယ များက ကြိမ်းသေပေါက် ဝင်လာနိုင်သည့် အန္တရာယ်ကြီးလည်း ရှိနေသည်။ ဤသည်က ဝင်လာမည်ဟု မသေချာသော အမေရိကန် စစ်လေယာဉ်များထက်ပင် ၎င်းအတွက် ကြောက်မက်ဖွယ် ကောင်းလှသည့် သေရေးရှင်ရေး ပြဿနာကြီး ဖြစ်လာနေပေပြီ။

ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ အား မည်သည့်နေရာသို့ ရွှေ့ပြောင်းသွားသည်ကို မသိရ ဖြစ်နေသည်မှာ ခြောက်ရက်ခန့် ရှိသွားပြီဟု NLD သတင်းရပ်ကွက်ကို ကိုးကား၍ မြန်မာနောင်း ဝက်ဆိုက်တွင် ဖေါ်ပြထား ကြောင်း ကမ္ဘာ သတင်းများတွင် ဖေါ်ပြလာကြသည်။

ဦးကျော်မိုးထွန်း ၏ အတ္ထုပ္ပတ္တိ
**********************

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်လွှာကို ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးသို့ ပေးအပ်ခဲ့သည်။

ဦးကျော်မိုးထွန်းသည် ၂၀၁၈ မှ စ၍ ဂျီနီဗာရှိ ကုလသမဂ္ဂရုံးများ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးလည်း ဖြစ်ပြီး ကမ္ဘာကုန်သွယ်ရေး အဖွဲ့ (WTO) နှင့် ဓါတုလက်နက်ပိတ်ပင်ရေး အဖွဲ့ကြီး ၏ အမြဲတမ်း ကိုယ်စားလှယ်လည်း ဖြစ်သည်။

၂၀၁၆ မှ ၂၀၁၈ အတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ရှိ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် စီးပွားဖွံဖြိုးရေး ဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ၁၉၉၃ မှစ၍ ဝင်ရောက် အမှုထမ်းခဲ့ပြီး အစိုးရ ဌာန အသီးသီး နှင့် အင်ဒိုနီရှား၊ စင်္ကာပူ၊ ဆွစ်ဇာလန် နှင့် အမေရိကန် ရှိ မြန်မာသံရုံး များတွင် ရာထူးတာဝန် အဆင့်ဆင့်ဖြင့် ထမ်းရွက်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ကာ ရန်ကုန် တက္ကသိုလ်မှ နိုင်ငံခြား ဆက်ဆံရေး ဘာသာအဓိကဖြင့် ဘီအေ ဘွဲ့ရရှိခဲ့ပြီး ဂျပန် နိုင်ငံတကာ တက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာဖြင့် MBA ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

အိမ်ထောင်ရှိပြီး သားသမီး နှစ်ယောက် ထွန်းကားခဲ့သည်။

(ကုလသမဂ္ဂ ရုံးချုပ် သတင်း ပြန်ကြားရေးရုံး၏ ၂၀၂၀ အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်ကို ကိုးကားသည်)

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •