အရှုံးကို လက်မခံနိုင်သည့် ပါတီ၊ ကန့်လန့်တိုက်သည့် ပါတီ အဖြစ် ပြည်သူလူထုက မှတ်ထင်သွားနိုင်ကြောင်း ဦးရဲထွဋ် သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အရှုံးကို လက်မခံနိုင်သည့် ပါတီ၊ ကန့်လန့်တိုက်သည့် ပါတီ အဖြစ် ပြည်သူလူထုက မှတ်ထင်သွားနိုင်ကြောင်း ဦးရဲထွဋ် သတိပေး

နေပြည်တော်၊ နိုဝင်ဘာ ၁၁

ရွေးကောက်ပွဲ ရလဒ်အပေါ် တုန့်ပြန် ဆောင်ရွက်ရာတွင် လမ်းကြောင်းမှန်ကန်မှု မရှိပါက အရှုံးကို လက်မခံနိုင်သည့် ပါတီ၊ ကန့်လန့်တိုက်သည့် ပါတီ အဖြစ် ပြည်သူလူထုက မှတ်ထင်သွားနိုင်ကြောင်း ဦးရဲထွဋ်က သတိပေး ရေးသားထားသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာမှ သတိပေး ရေးသားထားခြင်း ဖြစ်သည်။

“တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံ ဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထု က အရှုံးကို လက်မခံနိုင်တဲ့ ပါတီ၊ ကန့်လန့်တိုက်တဲ့ ပါတီလို့ မြင်သွားနိုင်တယ်။ အဲဒါဆိုရင် မဲ ရှုံး သလို နိုင်ငံရေးသိက္ခာလည်း ရှုံးလိမ့်မယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရတာဝန် ယူစဉ်က အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် အဖြစ် တာဝန်ယူခဲ့သော ပြန်ကြားရေးဝန်ကြီးဟောင်း က ဆိုသည်။

ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် အငြင်းပွားမှု အတိုင်းအတာမှာ မဲဆန္ဒနယ် အနည်းငယ်တွင်သာ ဖြစ်ပွားခဲ့သည့် ဆိုပါက မဲဆန္ဒနယ် တစ်ခုခြင်း အလိုက်သာ ရွေးကောက်ပွဲ ဥပဒေနှင့်အညီ ကန့်ကွက်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က တိုက်တွန်းထားသည်။

“နိုင်ငံရေးပါတီ တစ်ခုက ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်တော့မယ် ဆိုရင် တရားမဲ့ ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေဟာ ဘယ်အတိုင်းအတာ အထိ ဖြစ်နေတာလဲ၊ အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ အထောက်အထား ဘယ်လောက်ရှိလဲ ဆိုတာကို ချိန်ဆရမယ်။ တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ်လောက်မှာသာ ဖြစ်တယ်၊ ဖြစ်စဉ်တွေ က လည်း ရွေးကောက်ပွဲ ရလဒ်ကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့အထိ ပမာဏ မများဘူးဆိုရင် မဲဆန္ဒနယ် တစ်ခုချင်း အလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်” ဟု ဦးရဲထွဋ်က တိုက်တွန်း ရေးသားထားသည်။

မည်သည့် နိုင်ငံတွင်မဆို ရွေးကောက်ပွဲများတွင် အငြင်းပွားမှုများ ရှိတတ်သဖြင့် ရွေးကောက်ပွဲ ဥပဒေများတွင် ရလဒ်အပေါ် ကန့်ကွက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းများကို အရေးယူဆောင်ရွက်နိုင်သည့် ပုဒ်မများ ထည့်သွင်းထားခြင်း ဖြစ်ကြောင်း ၄င်းက ရေးသားထားသည်။

ဂုဏ်သိက္ခာရှိစွာ အောင်ပွဲခံခြင်း အပါအဝင်၊ အရှုံး ရလဒ်အပေါ် တည်တည်ငြိမ်ငြိမ် လက်ခံနိုင်ခြင်းသည် နိုင်ငံရေး ပါတီတစ်ခု၏ ရင့်ကျက်မှုကို မှတ်ကျောက်တင်ခြင်း ဖြစ်သည့်အတွက် တုန့်ပြန်မှုတိုင်းသည် အချိန်အဆ မှန်ကန်ရန် လိုအပ်ကြောင်း ဦးရဲထွဋ်က တိုက်တွန်းထားသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •