အဝေးပြေးယာဉ်များ ကျန်းမာရေးလမ်းညွှန်ချက် မပြည့်စုံပါက ပြေးဆွဲခွင့်မပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အဝေးပြေးယာဉ်လိုင်းများကို ဇွန် ၁ရက်တွင် စတင်ပြေးဆွဲခွင့်ရပြီဖြစ်သော်လည်း ကျန်းမာရေးလမ်းညွှန်ချက်များ ပြည့်စုံစွာ ဆောင်ရွက်ထားခြင်းမရှိပါက ပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း များ ကြီးကြပ်မှုကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

အဝေးပြေးယာဉ်လိုင်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း ပြည့်စုံစွာဆောင်ရွက်၍ ယာဉ်လိုင်းများ ထွက်ခွာပြေးဆွဲခွင့်ကို မေ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

”ခွင့်ပြုချက်မထွက်မီကတည်းက ယာဉ်အသင်းတွေကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင် ဆောင်ရွက်ထားဖို့နဲ့ ဗီနိုင်းတွေ ဖြန့်ဝေပေးခဲ့တယ်၊ ဖွင့်ခွင့်ရတဲ့အချိန် ပြေးဆွဲလို့ရအောင်လို့ပါ၊ ဒါပေမယ့် လိုက်စစ်တော့ တချို့က ပြည့်စုံတာမရှိဘူး၊ မပြည့်စုံရင် ယာဉ်လိုင်းပြေးဆွဲခွင့် မပြုပါဘူး၊ ကိုဗစ်ဖြစ်ကတည်းက ကျန်းမာရေးညွှန်ကြားချက်တွေ လိုက်နာဖို့လည်းပြောခဲ့ပြီးသားပါ”ဟု ၎င်းကပြောသည်။

ယာဉ်လိုင်းများ ပြေးဆွဲခွင့်ပြုသည့် တိုင်းအစိုးရမှ အကြောင်းကြားစာ မရရှိမီကတည်းက ပြင်ဆင်ဆောင်ရွက်ကြ ရန် အသိပေးခဲ့သော်လည်း ယာဉ်အသင်းအချို့မှာ ပြည့်စုံမှုမရှိသည်ကို တွေ့ရသဖြင့် အမြန်ဆုံး ဆောင်ရွက် စေခဲ့ပြီး စည်းကမ်းအတိုင်း လိုက်နာမှသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်သည်ဟု သိရသည်။

အဝေးယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသွားများသည် တစ်ဦးလျှင် ခုံနေရာ နှစ်ခု ဝယ်ယူစီးနင်းရမည် ဖြစ်သော်လည်း ယာဉ်အသင်းများမှ ခရီးသွားများ သက်သာစေရန် အချို့ယာဉ်လိုင်းများမှာ လက်မှတ်ခ နှုန်းထားများကို လျှော့ချကာ ရောင်းချပေးနေပြီး ကျန်းမာရေးလမ်းညွှန်ချက်များ ပြည့်စုံသည့် ယာဉ်အသင်းများ က ဇွန် ၁ရက်မှ စတင်၍ ပုံမှန်အတိုင်း ပြေးဆွဲနေပြီဖြစ် ကြောင်း သိရသည်။

”ယာဉ်လိုင်းအားလုံးက ကားလက်မှတ်တွေ ရောင်းနေကြပါပြီ၊ တချို့ မသိကြသေးတာရှိမယ်၊ လမ်းညွှန်ချက် တွေအတိုင်း လုပ်ထားတာပါ၊ တစ်ဦးကို ခုံနှစ်ခုံ ဝယ်ရမှာကြောင့် ပုံမှန်ထက် လျှော့ရောင်းတယ်”ဟု ယာဉ် အသင်း တာဝန်ရှိသူက ပြောသည်။

မန္တလေးတွင် ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ကားကွင်းမှ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်၊ မကွေး၊ စစ်တွေ စသည့် ဒေသများသို့လည်းကောင်း၊ သီရိမန္တလာကားကွင်းတွင် မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ ဗန်းမော်၊ ကသာ၊ မိုးကုတ် စသည့်ဒေသများသို့လည်းကောင်း၊ ပြည်ကြီးမျက်ရှင်ကားကွင်း၊ ဒေါနဘွားကားကွင်းမှ ကချင်ပြည်နယ်သို့လည်းကောင်း၊ ရှမ်းပြည်နယ်သို့လည်းကောင်း၊ မဟာအောင်မြေကားကွင်းမှ ပြင်ဦးလွင်နှင့် အခြားဒေသများသို့လည်းကောင်း ပြေးဆွဲခြင်းဖြစ်သည်။
ZLM
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •