အသံတိတ် သပိတ်ကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အသံတိတ် သပိတ်ကြီး
******************

ပြည်သူများ အဖို့မှာ မိမိတို့ အရင်လို အေးချမ်း ပျော်ရွှင်စွာ နေထိုင်နိုင်ခွင့် ပြန်လည် ရရှိရေးအတွက် အလူးအလဲ ရုန်းကန်ကြရမည့် မဟာတာဝန်ကြီးကို ထမ်းဆောင်နေကြရလေသည်။ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ရကောင်းမှန်း အသိဉာဏ်ထဲတွင် ရှိပုံမရသည့် အာဏာသိမ်း အဖွဲ့သည် ပြည်သူများကို သတ်ဖြတ်နေရုံဖြင့် အားမရသေးဘဲ နားလှည့်ပါးလှည့် လုပ်ရန် ကြံစည်နေကြပြန်သည်။

ဖွတ်ဘဝ မှ မိကျောင်း ဖြစ်လာသူ အာဏာသိမ်း အဖွဲ့သည် ညဏ်နည်းသူများပီပီ ပြည်သူ တရပ်လုံးက လေးစားချစ်ခင်ရင်းစွဲ ရှိပြီး ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ အား နည်းမျိုးစုံဖြင့် လုပ်ကြံ စွပ်စွဲနေခြင်းဖြင့် လောင်နေသော မီးပုံထဲသို့ ဓါတ်ဆီ လောင်းပေးနေသည့် အမှုကို မိုက်မိုက်မဲမဲ ကျုးလွန်နေပြီး နိုင်ငံတကာ မှ စေ့ဆပ် ညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် တောင်းဆိုနေမှုများ ကို ဆက်တိုက်ဆိုသလို ပယ်ချလာခဲ့ပြီ ဖြစ်သည်။

ပြည်သူများကလည်း နည်းမျိုးစုံဖြင့် ပုန်ကန် ဆန့်ကျင်လျက် ရှိရာ ယနေ့တွင် တနိုင်ငံလုံး အပ်ကျသံ မကြားအောင် အသံတိတ် သပိတ်ကြီး တရက်ကြာ ဆင်နွှဲရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြပြီ ဖြစ်၍ မြို့ကြီးများ အားလုံး လိုလို လောက်ကောင်များ တရွေ့ရွေ့ သွားလာနေသည်ကလွဲ၍ သုဿန် တစပြင်အလား တိတ်ဆိတ် ခြောက်သွေ့သွားတော့မည်ကို ကမ္ဘာတဝှမ်းအား ထုတ်ဖေါ်ပြသမည့် နေ့လည်း ဖြစ်ပေသည်။

အသံတိတ် သပိတ်တိုက်ပွဲကြီး သာ အောင်မြင်မည်ဆိုက အာဏာသိမ်း အဖွဲ့နှင့် လက်ပါးစေများအား စိတ်ဓါတ်ရေးရာအရ အကြီးအကျယ် ထိုးနှက်မှုကြီး ဖြစ်သွားမည့်ပွဲကြီး ဖြစ်သဖြင့် ပြည်သူများ အားလုံး ပါဝင်ဆင်နွှဲကြပါရန် တိုက်တွန်းအပါပါသည်။

နိုင်ငံနှင့် လူမျိုး တိုးတက် ကြီးပွားရာကြီးပွားကြောင်း ကြံဆောင်နေသည့် အရေးကို သစ္စာဖောက်ခဲ့ကြသည့် အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်ကြောင့် ကမ္ဘာအလယ်တွင် banana republic (အာဏာ ခဏခဏ အသိမ်းခံရပြီး နိုင်ငံရေး မတည်ငြိမ်သော နိုင်ငံ) နှင့် basket case (စီးပွားရေး အရ နာလံမထူနိုင်သော အနေအထား) စသည့် အမည်အမျိုးမျိုး နှင့် ခေါ်ဆိုခြင်းကို ခံနေရပြီ ဖြစ်သည်။ သို့သော် အရှက်တရား မရှိသူများပီပီ လက်တဆုပ်စာမျှ ရှိသော အလုပ်အကျွေးများဖြင့် ညစာ စားပွဲကြီး ကျင်းပရန် ပြင်ဆင်နေကြသည်။ အာဆီယံ နိုင်ငံများအကြား တွင်ပင် သင်းကွဲမျောက်သာသာ ဘဝ ရောက်နေရသည် ကို သတိမူမိခြင်း မရှိသေးဘဲ ၎င်းတို့အား မည်သူက အသိအမှတ်ပြုမည်ဆိုသည်ကို သွေးတိုးစမ်းရန် စစ်သံမှူးများကို ဖိတ်ကြားရန် ရှိနေသည်။

နိုင်ငံတကာ အသိုက်အဝန်းကလည်း ၎င်းတို့အား ပြောင်ပြောင်တင်းတင်း ထောက်ခံဖို့ နေနေသာသာ ပတ်သက် သည်ဟု ဆိုက နိုင်ငံဂုဏ်သိက္ခာ ကျမည့်အရေးကို အလန့်တကြား ဖြစ်နေကြသည်။ ထိုင်း ဝန်ကြီးချုပ်က ဆန်အိတ်များ ပေးပို့ပြီး မြန်မာ စစ်တပ်အား ကူညီနေပါသည် ဆိုသော သတင်း ကလေးကိုပင် လူသိရှင်ကြား အကြောက်အကန် ငြင်းဆန်ခဲ့သည့်အထိ ဖြစ်လာခဲ့သည်။

နိုင်ငံတကာတွင် ထိုသို့ သော အခြေအနေမျိုး နှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်း စစ်တပ်သည် ပြည်တွင်းတွင်လည်း ပို၍ ဖိနှိပ်လေ ပိုကြွလေ၊ မဖိနှိပ်က ဖနောင့်နှင့် တင်းပါး တသားတည်းကျအောင် ပြေးရမည့် ကိန်း ဖြစ်နေသည့် အင်္ဂလိပ်လို Catch-22၊ မြန်မာလို ဂျာအေးသူ့အမေရိုက် ဆိုသလို မုန့်လုံးစက္ကူကပ် ဘဝ ရောက်နေပြီ ဖြစ်သည်။

၎င်းတို့၏ မဟာဗျူဟာသည်ကား ဆန့်ကျင်နေသူမှန်သမျှ ကို ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပြီး တနိုင်ငံလုံး အကြောက်တရား ဖြင့် ဒူးထောက်လာစေရန်၊ နောင်တွင်လည်း မည်သည့်အခါမျှ ထိုသို့ မဆန့်ကျင်ရဲရန် တခါ တည်း အပြီးအပြတ် ချေမှုန်းသွားရန်ဖြစ်သည်။ ထို့ အတွက် ၎င်းတို့၏ ကြေးစား လက်နက်ကိုင်များသည် အသက် ခုနှစ်နှစ် အရွယ် ကလေးသူငယ်ပါမကျန် သတ်ဖြတ်ခဲ့ကြပြီး ကားမှန်များရိုက်ခွဲ၊ အိမ်တံခါးများ ဆောင့်ကန်၊ အိမ်များထဲထိ သေနတ်များနှင့် ပစ်၊ လုလို့ ရတာမှန်သမျှ လု၊ လုပ်ချင်တိုင်း လုပ်ခွင့်ပြုထားခြင်း လည်း ဖြစ်သည်။ နောက်ထပ် ထွက်ပေါ်လာနေသော သတင်းများအရ ဆိုက မိန်းမပျိုလေးများကို မည်သည့် အကြောင်းဟူ၍ မယ်မယ်ရရ မရှိ၊ အိမ်များမှ ဆွဲခေါ်သွားနေကြခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူများနှင့် လုံးဝ ပေါင်းစည်းသွားရန် မဖြစ်နိုင်တော့သည့် အနေအထားကို ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

ထိုသို့ မင်းမဲ့ တိုင်းပြည်လို ဖြစ်လာနေများကြောင့် လက်ရှိ ရှိပြီးသား ရင်းနှီးမြှုပ်နှံသူများ အလုအယက်ထွက် ခွာနေကြပြီး စီးပွားရေးအရ ပြင်းထန်စွာ ထိခိုက်လာမည့် အရေးကို အာဏာသိမ်း အဖွဲ့သည် ခေါင်းထဲ မထည့်နိုင်၊ လက်ရှိတွင် နိုင်ငံရေး အရ အသာစီး ရဖို့၊ လူထုတရပ်လုံး ဒူးထောက် အညံ့ခံလာရေး ကိုသာ ဦးတည် လှုပ်ရှားနေကြသည်ဟု Wall Street Journal သတင်းစာတွင် ရေးသားထားသည်။

နိုင်ငံတွင်း ရှိ ဝန်ထမ်းများကို လစာငွေများ လွှဲပေးရန် ရှိနေသည့် ပြည်ပ ကုမ္ပဏီများ လည်း မည်သို့ မည်ပုံ လုပ်ရမည် အရေး နှင့် အခွန် ပေးဆောင်ရန် ရှိနေသည့် များ အပေါ် ခေါင်းခြောက်လာနေရသည့် အဖြစ်ကို ရောက်နေကြပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ထိုအနေအထားများကို ဆက်လက် တောင့်ခံနိုင်စွမ်း မရှိသည့် လက္ခဏာတရပ်အဖြစ် ဘဏ်များကို အတင်းအကျပ် ပြန်ခွင့်ခိုင်းနေပြီး မလိုက်နာပါက ပြည်သူပိုင် သိမ်းမည်ဟုပင် ခြိမ်းခြောက် လာသည် ဟု အွန်လိုင်း ပေါ် ပေါက်ကြားခဲ့သည့် ဗဟိုဘဏ် ဥက္ကဌ ထံ ပေးပို့သော မင်းအောင်လှိုင်၏ စာသည် Frontier Myanmar သတင်းတွင် ဖေါ်ပြခဲ့သည်။

မင်းအောင်လှိုင်သည် ဘဏ်များ ပြန်ဖွင့်ရန် အရေးကို စိတ်ဝင်တစား ရှိပုံမရသော်လည်း ယခုထိ ပိတ်ထားကြ ခြင်းမှာ ၎င်း၏ တရားဝင်မှုကို မခန့်လေးစား အသိအမှတ်မပြုခြင်းဟု ယူဆလာပုံ ရှိသည်။ ဖွဲ့စည်းပုံ အပိုဒ် ၃၆ (ဃ) တွင် ပြည်သူပိုင် မသိမ်းရဟု ပြဌာန်းထားသော်လည်း တရားဝင် အစိုးရကိုပင် လက်နက်အားကိုး နှင့် ဖြုတ်ချခဲ့သူများ ဖြစ်၍ မလုပ်လောက်ဟု မည်သူမျှ စိတ်ချ မထားဝံ့ကြပေ။ ပြည်သူများကလည်း ဖွင့်သည့် အခါ မိမိတို့ ငွေများကို ထုတ်၍ မွေ့ယာအောက်တွင် သိမ်းထားရန် စောင့်ဆိုင်းနေကြလေသည်။

နောက်ထပ် ပြဿနာတခုမှာ ဒီချုပ်အစိုးရနှင့် ဂျပန်၏ JICA တို့ မှ ၂၀၃၀ တွင် တနိုင်ငံလုံး မီးရရှိရေး စီမံချက်သည်လည်း ရေစုံမျောသွားခဲ့ခြင်းပင်ဖြစ်သည်။ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အဖို့ အမေရိကန် နှင့် အနောက် နိုင်ငံများ၏ ပြင်းထန်သော စီးပွားရေး ဒဏ်ခတ်မှုများ ထွက်ပေါ်လာနိုင်သည့် အရေးကြောင့် လက်ရှောင်လာကြပြီ ဖြစ်သည့်အပြင် မည်သူမျှ လည်း ငွေထုတ်ချေးဖို့ မရှိတော့ပြန်သဖြင့် ၎င်းတို့ ဆက်လက် သက်ဆိုး ရှည်နေသ၍ တိုင်းပြည်သည် ယခင်ကလိုပင် အမှောင်ကျ သွားဖို့က ကြိမ်းသေနေပြီ ဖြစ်သည်။ ထိုသို့ လျှပ်စစ်ဓါတ်အား ပင် အလုံအလောက် မပေးနိုင်ပါလျှင် တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး နှင့် လူမှုရေး ကဏ္ဍများလည်း ချွတ်ခြုံကျဖို့သာ ရှိပေတော့သည်။

ထိုသို့ တိုင်းပြည် တခုလုံး ကျွမ်းထိုးမှောက်ခုံ နှင့် ယက်ကန် ယက်ကန် ဖြစ်တော့မည့် အရေးကို သဘောပေါက် အောင် ကြည့်နိုင်စွမ်း မရှိသည့်အပြင် လကုန်လျှင် လခ မရမည့် အရေးလောက်သာ ပူပန်ရကောင်းမှန်း သိသူ များလည်း ရှိနေသည်ကို တအံ့တဩ တွေ့လာကြရပြန်သည်။

မင်းအောင်လှိုင် အဖို့ အသက်ရှူပေါက် ရလိုရငြား နိုင်ငံ၏ ဆန်၊ သစ်၊ ရေနံ၊ သတ္တုတို့ဖြင့် အလဲအလှယ် လုပ်ကာ အိမ်နီးချင်း နိုင်ငံကြီးထံမှ တောင်းခံရယူနိုင်ကောင်း၏ ဟု စိတ်ကူးယဉ်နေဆဲ ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံကြီးသည် သွားရည် တများများ နှင့် ထိုအရေးကို စောင့်စားလျှက် ရှိနေပြီ ဖြစ်သည်။ ထို့အပြင် အိမ်နီးချင်း နိုင်ငံအချို့ ကလည်း ၎င်းတို့လည်း အရိုးအရင်း ကိုက်ရလို ကိုက်ရငြား မျှော်လင့်နေကြပြန်သည်။ ပြည်သူများ ဒုက္ခ ပင်လယ်ဝေနေသည့် အဖြစ်ကို အရေးထားရကောင်းမှန်း မသိ၊ ပြည်တွင်းရေးသာ ဖြစ်သည်ဟူသော အပြောနှင့် တိုင်းပြည်ကို အမဲဖျက် လုယက်ရန် ကြံစည်နေကြခြင်းပင် ဖြစ်သည်။

ထို့အတွက် ၎င်းတို့ကို အပြီးအပိုင် မောင်းထုတ်ပြစ်နိုင်ရေးသည် တနိုင်ငံလုံးအတွက် သေရေးရှင်ရေး တမျှ အရေးကြီးလာနေပြီ ဖြစ်သည်။

ဤသည်ကို ရိပ်စားမိလာကြသော ရခိုင်ပြည်နယ် အတွင်းရှိ ကျောင်းသား အဖွဲ့များနှင့် မြို့ပြ အဖွဲ့အစည်းများ ကလည်း မျက်စိတဆုံး ရှုမြင်နိုင်ခြင်း မရှိ‌သည့် ကျဉ်းမြောင်းသော လူမျိုးရေး အမြင် ရှိသူ နိုင်ငံရေးသမား များနှင့် လမ်းခွဲကာ စစ်အာဏာသိမ်း အဖွဲ့၏ လူသတ်ဝါဒကို ရှုတ်ချလာခဲ့ကြသည်။

မနေ့က နိုင်ငံတဝှမ်း ရှိ မြို့နယ်ပေါင်း ၈၅ မြို့နယ်တွင် အာဏာရှင် ဆန့်ကျင်ရေး သပိတ်တိုက်ပွဲများ ဆက်လက် ဆင်နွှဲလျှက် ရှိသည်ဟု သိရသည်။ (ပုံတွင် ကသာ မြို့ ညသပိတ်တိုက်ပွဲ ကို တွေ့ရစဉ်)

၂၀၀၅ ခုနှစ်တွင် ပေါက်ဖွားလာသော R2P ၏ ဝမ်းဆွဲသည်ကြီးဟု ထင်ရှားခဲ့သည့် ဩစတေးသျှ နိုင်ငံခြား‌ရေး ဝန်ကြီးဟောင်း အီဗန် ဂါးရက်က မြန်မာ၏ လက်ရှိ အနေအထားအရ လစ်ဗျား နှင့် ဆီရီးယား ကဲ့သို့ပင် R2P ကျင့်သုံးရန် ကိုက်ညီမှု ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သို့သော် စစ်ရေးအရ စွက်ဖက်နိုင်ရန် အခြေအနေ မပေးသေးသော်လည်း R2P လုပ်ပိုင်ခွင့်အတွင်း ရှိနေသည့် ကုလသမဂ္ဂ မှ ဦးဆောင်ပြီး နိုင်ငံတကာ မှ ဝိုင်းဝန်ပိတ်ဆို့ ပြစ်ဒဏ်ခတ်ခြင်း၊ အိုင်စီစီတွင် တရားစွဲဆိုခြင်း အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းထဲ ဝင်ဆံ့၍ မရအောင် အရှက်ရသည်အထိ ပြုလုပ်ခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံဖြင့် ၎င်းတို့သည် တိုင်းပြည်အား ရှေ့လျောက် အုပ်ချုပ်သွားလေ ပိုဆိုးလေ ဖြစ်မည်ကို သဘောပေါက်လာသည့်အထိ ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

မြန်မာ ကို အရေးယူ ဒဏ်ခတ်ရန် ခေါ်ယူသော အီးယူ အစည်းအဝေး မစမီ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဟေးကို မာစ်က “မြန်မာ စစ်တပ်၏ ဖိနှိပ်မှုများသည် မခံစားနိုင်သော အတိုင်းအတာ အထိ ရောက်ရှိ လာနေပြီ” ဟု သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

တကမ္ဘာလုံးက ထိုသို့ ရက်စက်ကြမ်းကြုပ်မှုများ သိရှိအောင် အသက်ကို ရင်း၍ ထုတ်ဖေါ်နေကြသော သတင်း သမားများ၏ ကျေးဇူးကို မေ့၍ မဖြစ်ပေ။ အာဏာသိမ်း အဖွဲ့၏ လက်ပါး‌စေများသည် လွတ်လပ်စွာ သတင်း ယူခွင့် ဆိုသည့် နိုင်ငံတကာ စံနှုန်းများကို ဖေါက်ဖျက်ကာ သတင်းသမားမှန်း သိသည်နှင့် မရမက အတင်း ဖမ်းဆီးနေကြသည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •