အာဏာရူးတို့ တရုတ် နောက်ကျော ဓါးနှင့် ထိုးလေပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာဏာရူးတို့ တရုတ် နောက်ကျော ဓါးနှင့် ထိုးလေပြီ
****************************

ဇန်နဝါရီ ၃၁ ရက်နေ့အထိ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နေသော မြန်မာပြည်ကြီးကား အာဏာရူး လက်တဆုပ်စာ လူတစု၏ ကြံရာမရ ဖြစ်လာခဲ့မှုကြောင့် နာရီပိုင်း အတွင်းမှာပင် ကျွမ်းထိုး မှောက်ခုံ ဘဝ ရောက်ရှိသွားခဲ့ရပေပြီ။

ထိုသို့ ကျွမ်းထိုး မှောက်ခုံ ဖြစ်ရခြင်းသည် တခဏသာ မဟုတ် မိမိတို့ အသက်ရှင်နေသမျှ ကြုံတွေ့ကြရတော့ မည်ကို သိရှိလာသော ပြည်သူများ၏ ဆန့်ကျင် အုံကြွမှု ကြီးက အရှိန့်လျော့ကျမသွားဘဲ နေ့စဉ်နှင့် အမျှ ကြီးထွားသည်ထက် ကြီးထွားလာနေသည်။

တိုင်းပြည်ကို ဗြောင်းဆန်အောင် လုပ်ခဲ့သည်နှင့်အတူ တိုင်းတပါးဩဇာခံ ဖြစ်တော့မည့် အရေးမှာ ကြယ်စင် ကလေး၏ အုတ်ဂူကို ဖေါက်ထွင်းခဲ့မှုကြီးက အနီးစပ်ဆုံး သက်သေခံလာနေပြီ။ မြန်မာပြည်၏ အရေးကား ဒီမိုကရေစီ သာ မက တော့ပဲ အချုပ်အခြာ အာဏာပါ ဆုံးရှုံးရတော့မည့် အရေး နှင့် ကြုံတွေ့လာနေရသည်။

တရုတ်သည် မြန်မာအား ၎င်းတို့၏ အိမ်နောက်ဖေး ဈေးဆိုင် တည်၍ရမည့် ဆန်၊ ကျွန်းသစ်၊ ရေနံ သတ္တု နှင့် ပင်လယ်ဆိပ်ကမ်းများကို ထင်သလို တူးဖေါ် အသုံးချ၍ ရမည့် နောက်ဖေးခြံ အဖြစ် သဘောထားရန် ပြင်ဆင်နေသည်မှာ သောကြာနေ့ ကုလ အစည်းအဝေးကြီးက အထင်အရှား ပြဆိုနေလေသည်။ သို့သော် ၎င်းတို့၏နောက်ကျော ဓါးနှင့် ထိုးမည့် စစ်အာဏာရှင်တို့၏ လုပ်ရပ်လည်း ပေါ်ထွက်လာပြန်သည်။

ထွက်ပေါက် ပိတ်လာနေသော အာဏာရူးများသည် ကနေဒါ မွန်ထရီရယ်ရှိ ဂျူးလူမျိူး ပိုင် လော်ဘီ ကုမ္ပဏီကို အာဏာသိမ်း အဖွဲ့က မြထွန်းဦး ဆိုသည့် ပုဂ္ဂိုလ်မှ ဦးဆောင် ဦးရွက်ပြုကာ ငှားရမ်းလိုက်ခြင်းပင် ဖြစ်သည်။ Fox News ကို နောကျေအောင် ကြည့်ပြီး စိတ်အားတက်ကြွခဲ့ကြသူများဖြစ်သဖြင့် အမေရိကန် နိုင်ငံရေးကို ဂျူးများက ချယ်လှယ်နေသည်ဆိုသော သတင်းအား မျက်ကန်းများ အလား ယုံကြည်နေကြသူများ ပီပီ ဂျူး လော်ဘီ ကုမ္ပဏီကို သုံး၍ အမေရိကန် နိုင်ငံရေး သမားများကို ၎င်းတို့ အတွက် ပြေရာပြေကြောင်း ဖြစ်အောင် နားချပေးရန်၊ နောက်တကြောင်းမှာ ၎င်းတို့ လွန်စွာ စိုးရိမ်နေသည့် အမေရိကန်တို့ တိုက်ခိုက်ရန် ကြိတ်ကြံနေခြင်း ရှိမရှိ ထိုးဖောက် သတင်းယူပေးရန် ကြံစည်လာခြင်း ဖြစ်သည်။

စစ်တပ်မှ “ဗိုလ်ချုပ်ကြီးများသည် နိုင်ငံရေးမှ စွန့်ခွာရန် စိတ်အားထက်သန်နေသော်လည်း ဒေါ်အောင် ဆန်းစုကြည်သည် တရုတ်ဖက် ယိမ်းလာနေသည့် အဖြစ်ကို မနှစ်မျို့သဖြင့် ယခုလို လုပ်ရခြင်း ဖြစ်ကြောင်း၊ တရုတ်၏ ရုပ်သေး အဖြစ် ရပ်တည် မသွားလိုကြောင်း၊ မိမိတို့သည် အနောက်အုပ်စုနှင့် လက်တွဲရန် အသင့်ရှိကြောင်း၊ ရိုဟင်ဂျာ အရေး တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အခရာ ဖြစ်ပြီး မိမိတို့ မဟုတ်ဟု” အမေရိကန် နိုင်ငံရေးသမားများ အား လိမ်လည်လှည့်ဖျားပေးရန် အကြံ နှင့် ဖြစ်သည် ဆိုသည်ကို ကုမ္ပဏီ ပိုင်ရှင် ဘင် မင်နာရှီ ၏ အပြောအရ သိရသည်။ စစ်အာဏာသိမ်းတို့၏ ငှားရမ်းခ မည်ရွေ့မည်မျှ ဆိုသည်နှင့် ပတ်သက်ပြီး “Big amount” ဟု သာ ပြောသွားခဲ့သည်ဟု အစ္စရေး နိုင်ငံထုတ် ဂျေရုစလင် ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။ ၎င်းတို့ လူသိရှင်ကြား ပြောထားသည့် ရွေးကောက်ပွဲ မသမာမှု ဆိုသည်များနှင့် ပတ်သက်၍ မူ မိမိအား သက်သေအထောက်အထား မပေးနိုင်သေးကြောင်းလည်း ပြောဆိုခဲ့သည်။

ဘင် မင်နာရှီသည် ကမ္ဘာအရေးအခင်းများတွင် သတင်းမှားများ ဖြန့်ချီသူ အဖြစ် နာမည်ဆိုး ထွက်နေသူ ဖြစ်ပြီး ယခင်ကလည်း ဇင်ဘာဘွေမှ မူဂါဘီ နှင့် ဆူဒန် အာဏာရှင်အား ယခုလို ကိုယ်စားပြု လှုပ်ရှားပေးခဲ့သူ ဖြစ်သည်။ မကြာမီက သူ့ကို ဆူဒန်ဗိုလ်ချုပ်ကြီးများမှ ဒေါ်လာ ၆ သန်း ဖြင့် လော်ဘီ လုပ်ပေးရန် ငှားရမ်းခဲ့သူ ဖြစ်သည်။

စစ်အာဏာရှင်များသည် ၎င်းတို့ နိုင်ငံခြားငွေ အကျပ်အတည်း ဆိုက်ပြီး ဘဏ်များကို အတင်းအကျပ် ပြန်ခွင့်ခိုင်းနေသည့် ကြားမှ ပင် ထိုမျှလောက် သုံးစွဲလာနေရသည်ကပင် မျက်ဖြူဆိုက် ကြံရာမရ ဖြစ်လာနေသည်။ ၎င်းတို့အပေါ် ပြင်းထန်လာတော့မည် ဖြစ်သည့် အမေရိကန်တို့၏ ပိတ်ဆို့ ဒဏ်ခတ်မှုကို ဟန့်တား ပေးနိုင်ရန် အဓိက ရည်ရွယ်ခြင်း ဖြစ်သည်။ ငှားသည့် ကုမ္ပဏီကလည်း ကမ္ဘာအာဏာရှင်တို့ အသုံးတော်ခံ အဖြစ် နာမည်ပျက် ထွက်နေပြန်သည်။

ဘင် မိုနာရှီသည် အာဏာသိမ်းပြီး နောက်ပိုင်း နေပြည်တော်သို့ နှစ်ကြိမ် ရောက်ရှိလာခဲ့ပြီး မြထွန်းဦး မှ ၎င်း၏ ကုမ္ပဏီ Dickens & Madson Canada ကို စာချုပ် ချုပ်ဆို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့ အဖို့က ကုလ တွင် နာမည်ပျက်ခံပြီး ၎င်းတို့ဖက်က ကာကွယ်ပြောဆိုနေသလောက် စစ်တပ်က ယခုလို သတင်းများ ဖြန့်ရန် လော်ဘီငှားခဲ့မှုကို တရုတ်တို့ နောက်ကြောဓါးနှင့် ထိုးသည့် လုပ်ရပ်ဟုမဆိုက အခြား မည်သို့များ ပြောနိုင်ပေဦးမည်နည်း။ မိမိတို့ လုပ်ရပ်အပေါ် ယုံကြည်မှု လျော့နည်းလာသည့် လက္ခဏာကို ပြဆိုလိုက်ခြင်းလည်း ဖြစ်ပေသည်။

CRPH အား ၎င်းတို့ အရေးထား နေသည့် ကမ္ဘာနိုင်ငံ ကြီး များက de jure government ဟု ခေါ်သည့် ဥပဒေအရ တရားဝင် ဖြစ်နေသည့် ပုံစံမျိုး ဆက်ဆံလာနေပြီ ဖြစ်သည့် အတွက် CRPH အဖွဲ့ဝင်များကို နိုင်ငံတော် ပုန်ကန်မှု ဖြင့် သေဒဏ်ချပြစ်မည်ဟု ခြိမ်းခြောက်လာနေရသည်။

နိုင်ငံတကာ မှ မြန်မာ အရေး လှုပ်ရှားသူများ နှင့် မြန်မာ နိုင်ငံသားများက စစ်အာဏာရှင်တို့၏ အုပ်ချုပ်ရေး ယန္တယားအား အမြစ်မှ ဆွဲကိုင် လှုပ်ခါနေသည့် CDM တွင် ပါဝင်သူများကို ထောက်ပံ့နိုင်ရေးနှင့် CRPH ပိုမို ထောက်ခံမှု ရလာစေရေး အတွက် နိုင်ငံတကာ အကူအညီများရရန် လှုပ်ရှားနေကြသည်။

အုပ်ချုပ်မှု ပျက်ယွင်းလာနေပြီ ဖြစ်၍ ပြည်တွင်း ရှိ နိုင်ငံသားများမှ မိမိတို့ ရပ်ရွာ လုံခြုံရေး အတွက် ဒေသလုံခြုံရေး အဖွဲ့များ ဖွဲ့စည်းရန် စိုင်းပြင်းလာနေပြီဟု သိရသည်။ Free the Oppressed ဆောင်ပုဒ်ဖြင့် အဖိနှိပ်ခံများ လွတ်မြောက်ရေး အတွက် ၁၉၉၇ တွင် စတင် ဖွဲ့စည်းခဲ့သည့် Free Burma Ranger မှလည်း အကူအညီ ပေးမည့် အလားအလာများ တွေ့နေရပြီ ဖြစ်သည်။

ယခုအခါ ဗမာ တိုင်းရင်းသားများလည်း မိမိတို့ ညီနောင်ဖွား တိုင်းရင်းသား ကချင်၊ ကရင်၊ ရှမ်းတို့ကဲ့သို့ ပင် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့မြင့်လာနေကြရပြီ ဖြစ်သည်။ ယင်း နှင့်အတူ ရှမ်း၊ ကချင်၊ ကရင် အစရှိသည့် တိုင်းရင်းသားများ၏ စစ်သံဖနောင့်အောက်မှ လွတ်မြောက်ရေး သည် တမျိုးသားလုံး အရေး ကဲ့သို့ သဘောထား လာကြပြီ ဖြစ်သည်။ ယခုအချိန်တွင် အဆိုပါ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ လည်ပင်းဖက် တိုက်ခိုက်နိုင်မှသာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်မည့် ပန်းတိုင်သို့ အမြန်ရောက်ရှိနိုင်မည်သာ ဖြစ်သည်။

ထို့ကြောင့် CRPH မှ ယခုအခါ နိုင်ငံတော် သံဃာ မဟာနာယက ဆရာတော်ကြီးများအနေနှင့် နိုင်ငံသားများ အန္တရာယ် ကင်းရေး အတွက် ပရိတ်တရားတော်များ စုပေါင်း ရွတ်ဖတ် သရဇ္ဇယ် နိုင်ရန် စီစဉ်သင့်လေသည်။

ကိုလံဘီယာ တွင် Special Jurisdiction for Peace တရားရုံးကို ဖွင့်လှစ်ကာ ပြည်တွင်းစစ် ကာလအတွင်း အလွန်အကျွံ လုပ်ရပ်များကို သက်သေများ ဖြင့် ခေါ်ယူစစ်ဆေးနေပြီး အပြစ်ရှိကြောင်း ဝန်ခံသူများကို အကျယ်ချုပ် ထားရှိခြင်း၊ ပြင်ပတွင် အလုပ်ကြမ်း များ ဝင်ရောက်လုပ်ကိုင်စေခြင်း၊ ဝန်မခံသူများကို ရုံးတင်တရားစွဲကာ နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်ခြင်း လုပ်ဆောင်နေသည့် နမူနာ များကို ယခုအချိန် သွေးဆာနေသော အာဏာသိမ်း လက်ပါးစေ တပ်ဖွဲ့ဝင်များ သတိမူသင့်ပေသည်။ ပြဿနာကား ၎င်းတို့ အတွက် ထိုသို့ အပြစ်ဒဏ်များ ကျခံနိုင်သည်ကို အစဉ်အလာများ လုံးဝ မရှိခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် နှစ်ဆယ့်တစ်ရာစုထဲ ရောက်လာပြီ ဖြစ်၍ ထိုသို့ ရက်စက်ကြမ်းကြုပ်သော စစ်အေးတိုက်ပွဲ ကာလ ခေတ်က လုပ်ရပ်များကို တကမ္ဘာလုံးက လက်မခံကြတော့ ဆိုသည်ကို ခွဲခြားသိမြင်ဖို့ လိုပေသည်။

ထို့အပြင် ယခုအချိန်သည် ၈၈ နှင့် မတူပဲ CRPH တရားဝင်အစိုးရ ပေါ်ပေါက်လာခြင်း နှင့် အတူ နိုင်ငံတကာ တွင် သံတမန်ရေးအရ ခေါင်းမဖေါ်နိုင်အောင်ဖြစ်လာခြင်း၊ ၎င်းတို့ အားထားနေသော တရုတ်အစိုးရကပင် အသိအမှတ်ပြုသည့် စကား ပြောဖေါ် မရ (၈၈ စစ်ကောင်စီကို ထိုစဉ်က တရုတ်ဝန်ကြီးချုပ် လီပင်းက လေယာဉ်ပေါ်မှနေ၍ အသိအမှတ် ပြု ဂုဏ်ပြုလွှာ ပေးပို့ခဲ့ဖူးသည်) အိမ်နီးချင်း နိုင်ငံများကလည်း ရှက်ဖွယ်လိလိ လုပ်ရပ်အဖြစ် သတ်မှတ်လာခြင်း၊ ပြည်သူများကလည်း ၈၈ နောက်ပိုင်း စစ်တပ်၏ ကိုယ်ကျိုးရှာမှုများ၊ မိမိတို့ကို မျက်စိပိတ် နားပိတ် ဖိနှိပ်ခဲ့ခြင်း၊ မိမိတို့ ရွေးချယ်တင်မြှောက်ခဲ့သည့် NLD အစိုးရအား နည်းမျိုးစုံဖြင့် အမျိုးဘာသာကို ခုတုံးလုပ် အသုံးချကာ မတည်မငြိမ် ဖြစ်အောင် အမျိုးမျိုး ကြိုးပမ်းခဲ့ခြင်းများ အပေါ် မုန်းတီး နာကျည်းနေစိတ်များဖြင့် အရှိန်အဟုန် ပြင်းစွာ ပေါက်ကွဲ ဆန့်ကျင်နေမှုများ နှင့် ရင်ဆိုင်လာရပြီ ဖြစ်၍ ၈၈ ကဲ့သို့ အောင်ပွဲ ခံရန် မည်သို့မျှ အခြေအနေမပေးတော့ ဆိုသည်ကို တွက်ဆတတ်ဖို့ လိုသည်။

ယခုပင် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် ကမ္ဘာအလယ်တွင် အသံမထွက်နိုင်၊ နိုင်ငံတွင်းတွင်လည်း အသံမထွက်နိုင်၊ ၎င်းတို့၏ ထုတ်လွှင့်ချက်များကို Facebook နှင့် Youtube မှ အပြီးအပိုင် ဖယ်ရှားလိုက်ပြန်၍ မည်သူမျှ မဖတ်၊ မကြည့်သော ရုပ်သံ နှင့် သတင်းစာများမှ ၎င်းတို့ကို ထောက်ခံနေသူများ အားတက်ရန် မဟုတ်မမှန် သတင်းများ တမင်တကာ ထုတ်လွှင့် ရေးသားနေရပြီ ဖြစ်သည်။

အောင်ပွဲ ရောက်ရန် လက်တကမ်း အလိုသာ ရှိတော့၍ မိမိတို့ဖက်မှ အရှိန်လျော့ချ ပြစ်၍ မဖြစ်၊ လျော့ချလိုက်သည်နှင့် ၎င်းတို့ဖက်က တိုး၍ ဖိနှိပ်သတ်ဖြတ်လာတော့မည်ကို လက်ရှိ တိုင်းပြည်ကို ကယ်တင်ပေးနေသော ဂျင်ဇီးမျာက ကောင်းစွာ သိနားလည်ထားကြပြီး ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •