အာဏာသိမ်းပွဲ မအောင်မြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာဏာသိမ်းပွဲ မအောင်မြင်
***********************

အာဏာသိမ်း အဖွဲ့သည် လက်ရှိတွင် လက်နက်အားကိုး ဖြင့် တိုင်းပြည်အာဏာကို လုယက်ပြီး ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်မှ အပ နိုင်ငံတဝှမ်းရှိ ပြည်သူများ၏ ရွံရှာ မုန်းတီးစွာ တခဲနက် ဆန့်ကျင်လာခဲ့မှု နှင့် ဝန်ထမ်းများ၏ အာဏာ ဖီဆန်ရေး လှုပ်ရှား မှုများကြောင့် တိုင်းပြည်ကို လုံးဝ အုပ်ချုပ်နိုင်စွမ်း မရှိတော့ပေ။

ပထမ အဆင့် အာဏာသိမ်း လုပ်ရပ်သာ အောင်မြင်သွားပြီး ဒုတိယ အဆင့်ဖြစ်သည့် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားနိုင်ရေးမှာ ပြည်သူ့အင်အားဖြင့် ပျက်ပြားအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံတဝှမ်းလုံးမှာ ဆယ်နှစ် နည်းပါး စီးပွားရေး၊ လူမှုရေး တဖြေးဖြေး တိုးတက်လာခဲ့မှုများသည် မျက်လှည့်ပြ လိုက်သည့် အလား ရုတ်ခြည်းပင် ဇောက်ထိုး မိုးမျှော် ထိုးဆင်းသွားခဲ့ရလေသည်။

ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများကြောင့် အခြေခံ အဆောက်အအုံများ ပြိုလဲလုနည်းပါး ဖြစ်သွားကာ ဘဏ္ဍာရေး အရ ဘဏ်များ ပိတ်ထားခဲ့ရသည့်အထိ အခြေအနေ ဆိုးဝါးနေပြီး ပြည်ပ ငွေပေးငွေယူ များလည်း ရပ်ဆိုင်းသွားခဲ့ရပြီ ဖြစ်သည်။ ယခုအခါ ၎င်းတို့၏ နိုင်ငံခြား ဝင်ငွေ ရရာရကြောင်း ဖြစ်သည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ ပိုင်းတွင် နိုင်ငံခြား ကုမ္ပဏီများက လုပ်ငန်းများ လျော့ချလာကြပြီ ဖြစ်ရာ ထိုအထဲတွင် ဩစတေးလျှ မှ Woodside ရေနံ ကုမ္ပဏီလည်း ပါဝင်လာခဲ့သည်။

ယခုအချိန်အထိ အနောက်နိုင်ငံများ ဖက်မှ ပြင်းထန်သော စကားလုံးများ သုံးစွဲခြင်း၊ စစ်ဗိုလ်ချုပ်များကို စီးပွားရေး ဒဏ်ခတ်ခြင်း အစရှိသည်တို့ ပြုလုပ်ခဲ့သည်မှ လွဲ၍ မယ်မယ်ရရ အကူအညီ ပေးခဲ့ခြင်း မရှိသေးသော်လည်း သံတမန်ဖိအားများကြောင့် စစ်တပ်မှာ အလွန်အကျွံ အင်အားသုံး ဖြိုခွဲနိုင်ခဲ့ခြင်း မရှိသည့် အနေအထား ဖြစ်ပေါ် လာခဲ့သည်။

သို့သော် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ “ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ” ဖြင့် စစ်အာဏာသိမ်းအဖွဲ့ ပြုတ်ကျအောင် အကူအညီပေးကြပါရန် ကုလသမဂ္ဂ စင်မြင့်မှ ပန်ကြားခဲ့ပြီး နောက် တွင် စစ်တပ်အတွင်း စိတ်ဓါတ်များ တဟုန်ထိုး ပြိုဆင်းသွားသည့်အရေးကို ပြန်လည် မြှင့်တင်နိုင်ရန် နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒပြနေမှုများကို အကြမ်းဖက် ဖြိုခွင်းရန် စစ်ဆင်ရေး တရပ် အဖြစ် တပြိုင်တည်း ပြုလုပ်ကာ အင်အား ပြလာကြသည်။ ပြည်သူများကလည်း ရရာ ပစ္စည်း ပေါင်းစုံသုံးကာ အကြမ်းမဖက်သည့်နည်းဖြင့် ၎င်းတို့ ရှေ့သို့ တိုးမလာနိုင်ရန် ကာကွယ်လာကြရသည်။

ပြည်သူများအနေနှင့် ၎င်းတို့ ထိုကဲ့သို့ နှိမ်နှင်းလာမှုကို ကြောက်ရွံ့နောက်တွန့်သွားမည် မဟုတ်ဘဲ ဆက်လက်၍ အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွှဲသွားရန် စည်းလုံးညီညွတ်စွာ ဖြင့် သံဓိဌာန် ချထားပြီး ဖြစ်သည်။ ဤသည်ကပင် အရေးတော်ပုံ အောင်မြင်ရာ အောင်မြင်ကြောင်းပင် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့ မျှော်မှန်းသလို တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိအောင်ပြည်သူများ ပြုမူ နိုင်ခဲ့ခြင်းသည် အောင်ပွဲ တဆင့် ရယူနိုင်ခဲ့ခြင်းကို ပြဆိုလေသည်။ ဤနေရာတွင် မိမိတို့ စည်းလုံးညီညွတ်မှုကို သာ အားကိုးရမည် ဖြစ်ပြီး ပြည်ပမှ ဝင်ရောက် တိုက်ခိုက်ပေးလာမည်ဟု လုံးဝ မျှော်လင့် မထားမှသာ ဖြစ်မည်။ အနောက်အုပ်စုမှ စောင့်ကြည့်နေသည်ဟု ပြောထားသည်များ ဖြစ်၍ ပြစ်မှတ်ကို တိတိကျကျ တိုက်ခိုက်နိုင်မည့် surgical strike ပုံစံမျိုး ဖြစ်လာနိုင်ရန် မျှော်လင့်ရသည့် တဖက်ကရှိနေပြန်သလို တဖက်ကလည်း မိမိတို့ အားဖြင့် မိမိတို့ ကိုယ်တိုင်လုပ်ယူမှ ဖြစ်မည်ဟု ခံယူထားရမည်။

စစ်အာဏာသိမ်း အဖွဲ့မှ ကုလသမဂ္ဂ စင်မြင့်တွင် အထိနာ သွားခဲ့ရသည့် အတွက် ၎င်းတို့ကို ထောက်ခံသူများအား စိတ်ဓါတ်မြှင့်တင်နိုင်ရေး အတွက် ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးများတွင် နံပတ်တုတ်များ ဖြင့် ရိုက်နှက်ခြင်း၊ သေနတ်များ ပစ်ဖေါက်ခြင်း၊ ရေပိုက်များ၊ မျက်ရည်ယိုဗုံးများ၊ လူများကို အထိတ်တလန့်ဖြင့် နားကွဲမတတ် ဖြစ်စေသည့် Stun Grenades များ အသုံးပြု ၍ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဖြိုခွဲ ခဲ့ရာ မုံရွာတွင် အဆိုးဝါးဆုံး ဖြစ်ပြီး အမျိုးသမီး ဆရာဝန်တဦး သေနတ်ထိမှန် သေဆုံးသွားသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဆန္ဒပြသူ အများအပြားကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဤသည်မှာ အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံး အင်အားသုံး၍ ဖြိုခွဲလာခြင်း ဖြစ်သည်ဟု ပြည်ပ သတင်း ဌာနများက တညီတညွတ်တည်း ကောက်ချက်ချ ရေးသားခဲ့ကြသည်။

ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် ယခုအခါ ကမ္ဘာ ဖိအား များကို ဂရုစိုက်နိုင်တော့ခြင်း မရှိဘဲ ၎င်း၏ အာဏာသိမ်းလုပ်ရပ်ကို အကြောက်အကန် ကာကွယ်နေရပြီ ဖြစ်သည်။ ထိုအရေးကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန် စစ်တပ်မှ တနိုင်ငံလုံး အပြစ်အခတ် ရပ်စဲရေးကို နောက်ထပ် တလ အထိ သက်တမ်း တိုးမြှင့် လိုက်လေသည်။

လူတန်းစား အလွှာ အသီးသီးရှိ ပြည်သူများမှ ၎င်းတို့၏ တိုးတက်ရာ တိုးတက်ကြောင်း ကို ဖိနှိပ်ချုပ်ချယ်၍ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန် ကြိုးပမ်းနေသည့် အကြမ်းဖက် လုပ်ရပ်များအတွက် ဉာဏ်ကို လွှာသုံး၍ ကျော်လွှားနိုင်မည်ဆိုလျှင် အရေးတော်ပုံကြီး အောင်မြင် တော့မည် ဖြစ်သည်။

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ စစ်တပ်သည် မြန်မာပြည်သူများကို အမြဲလို ခြိမ်းခြောက်နေသည့် အန္တရာယ်ကြီး အဖြစ် ကုလ အထွေထွေ ညီလာခံတွင် မီးမောင်ထိုးပြခဲ့မှုနှင့် အတူ သူ၏ ရှေ့ဆောင် လမ်းပြ နိုင်ခဲ့မှုကြောင့် သံရုံး အတော်များများလည်း CDM တွင် ပါဝင်လာကြပြီ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ် နေသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ လုပ်ရပ်ကို ပြည်သူတရပ်လုံးက အားတက်သရော ကြိုဆိုခဲ့ကြပြီး သူရဲကောင်း တဦး အဖြစ် ဂုဏ်ပြုခဲ့ကြသော်လည်း သူအား “တိုင်းပြည်အပေါ် သစ္စာဖေါက်” သည် ဆိုကာ ရာထူးမှ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း အာဏာသိမ်း အဖွဲ့မှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ သို့သော် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အပိုဒ် (၂၇) အရ စစ်အာဏာသိမ်း အဖွဲ့မှ တင်သွင်းသော အစားထိုး သံအမတ် ခန့်အပ်လွှာ ကို လုံခြုံရေး ကောင်စီ သဘောတူညီချက် မပါဘဲ ငြင်းပယ်ပိုင်ခွင့် ရှိနေ၍ ပြည်သူများ ၏ ဆန္ဒ နှင့် အညီ ထိုသို့ ပြုလုပ်ရန်ကား ကြိမ်းသေနေပြီ ဖြစ်သည်။

အပိုဒ် (၂၇) သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူများ နှင့် ရည်ရွယ်ချက်များကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုခြင်း နှင့် လိုက်နာရန် တာဝန်ရှိသည့် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေနှင့် အခြေခံမူများကို ချိုးဖောက်ခြင်း အပေါ် အခြေခံ၍ အထွေထွေ ညီလာခံ ၏ Credential Committee ဆုံးဖြတ်ပိုင်ခွင့် ရှိနေ၍ ဖြစ်သည်။

ထို့သို့ဖြင့် စစ်အာဏာသိမ်း အဖွဲ့သည် ကမ္ဘာစင်မြင့်တွင် ၎င်းတို့၏ သဘောထားကို ထုတ်ဖေါ်ပိုင်ခွင့်၊ ပါဝင်ခွင့် ဆုံးရှုံးသွားခဲ့ရလေပြီ။ ကုလသမဂ္ဂ အနေဖြင့် အာဏာသိမ်း အဖွဲ့မှ ခန့်အပ်သော ကိုယ်စားလှယ်ကို လက်ခံမည် ဆိုလျှင် ၎င်းတို့၏ တရားမဝင် အာဏာသိမ်းသည့် လုပ်ရပ်ကို ထောက်ခံလိုက်သည်နှင့် အတူတူပင် ဖြစ်၍ မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ယခုအချိန်အထိ စစ်အာဏာသိမ်းသူများဖက်မှ
ကိုယ်စားလှယ် ပြောင်းလဲရန် ဆက်သွယ်လာခြင်း
မရှိသေးဟု ကုလ အတွင်းရေးမှုးချုပ် ၏ ပြောခွင့်ရ စတီဗင် ဒူဂျားရစ် က ဆိုသည်။

အထင်ရှားဆုံး ဖြစ်ရပ်တခုကို သာဓက ပြရလျှင် အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက် အုပ်ချုပ်နေစဉ် ကာလ များ ဖြစ်သည့် ၁၉၉၆-၁၉၉၉ ကာလများ အတွင်း တာလီဘန်တို့ ဖြုတ်ချခဲ့သည့် ရာဘာနီ အစိုးရကိုသာ ကုလမှ ဆက်လက် အသိအမှတ်ပြုထားခြင်းပင် ဖြစ်သည်။

မြန်မာသည်လည်း အာဖဂန်နစ္စတန် ကို တာလီဘန်တို့ သိမ်းပိုက်ခဲ့သလို ယခုအခါ မင်းအောင်လှိုင်၏ ဖက်ဆစ် တပ်များက သိမ်းပိုက်ထားပြီ ဖြစ်သည်။

ဖက်ဆစ်ဝါဒ ဆိုသည်ကား လက်ယာစွန်းရောက် ဝံဿာနုအလွန်အကျွံ ဝါဒ မျိုး ကို အာဏာရှင် စနစ်ဖြင့် တသွေးတသံ တမိန့် ပုံဖေါ်လိုခြင်း ဖြစ်ပြီး လူ့အဖွဲ့အစည်း နှင့် စီးပွားရေးကို လွန်စွာတင်းကျပ်စွာဖြင့် စစ်ပုံစံ ရိုက်သွင်းကာ စီမံခြင်းမျိုးပင် ဖြစ်သည်။

ယခုအခါ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ လုပ်ရပ်သည် စစ်တပ် အတွင်း ပြည်သူများအား လိုက်လံ ရိုက်နှက် ပစ်ခတ်နေသူများသည် တိုင်းပြည်ကို ကာကွယ်နေသယောင် ဘူးလုံးနားမထွင်း ဖြစ်နေသူများကို မျက်စိဖွင့် နားဖွင့် ပေးလိုက်ခြင်းမျိုးလည်း ဖြစ်သဖြင့် လွန်စွာ တုန်လှုပ်လာပြီ ဖြစ်သည်။ သံအမတ်ကြီး နှင့် အတူ နယူးယောက် အရှေ့ခြမ်း ၇၇ လမ်းတွင် ရုံးစိုက်ထားသည့် မြန်မာ မစ်ရှင် အဖွဲ့ ဝန်ထမ်း ၁၃ ဦးလည်း ပါဝင်လာပြီဟု သိရသည်။ ထို့ကြောင့် ၎င်းတို့ မစ်ရှင် အဖွဲ့သည် CDM ဖြစ်လာနေသဖြင့် ပြည်ပ ရောက် မြန်မာများအချင်းချင်း ဆက်သွယ် ပြီး အလှူငွေများ ထောက်ပံ့ရန် လိုအပ်နေပြီဟု ယူဆမိသည်။

စစ်အာဏာသိမ်း အဖွဲ့ကို ဆက်လက်ထောက်ခံနေသည့် မြန်မာ သံအမတ်ကြီး အများစုသည် စစ်တပ်အရာရှိ ဟောင်းများ ဖြစ်၍ ၎င်းတို့အား သံတမန်အခေါ် persona non grata မလိုလားအပ်သူများ အဖြစ် နိုင်ငံတွင်းမှ နှင်ထုတ်ပြစ်ရန် လည်း မိမိတို့မှ သက်ဆိုင်ရာ နိုင်ငံ အစိုးရများကို တိုက်တွန်း ရမည် ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ အစရှိသော နိုင်ငံအများအပြားမှ ဂျင်ဇီး များ နှင့် ပူးပေါင်း၍ #MilkTeaAlliance အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်သည်။

#OurCauseMustPrevail!!!
#အရေးတော်ပုံအောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •