အာဏာသိမ်း အဖွဲ့ မိုင်းကွင်းများ ရှောင်ရှား ခရီးဆက်နေရပြီ ဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာဏာသိမ်း အဖွဲ့ မိုင်းကွင်းများ ရှောင်ရှား ခရီးဆက်နေရပြီ ဖြစ်
********************************

အင်အားကြီး လေး နိုင်ငံ ဖြစ်သည့် ဂျပန်၊ အမေရိကန်၊ အိန္ဒိယ နှင့် ဩစတေးသျှ တို့ ပါဝင်ဖွဲ့စည်းထားသည့် အာရှ၏ နေတိုး စစ်မဟာမိတ် အဖွဲ့ဟု ထင်ရှားသော QUAD (Quadrilateral Security Dialogue) အဖွဲ့ကြီး၏ နိုင်ငံခြားရေး ဝန်ကြီး များ က နိုင်ငံတွင် ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် ထားရှိရန် စစ်အာဏာသိမ်း အဖွဲ့ကို တညီတညွတ်တည်း တောင်းဆိုလိုက်ကြသည်။

ဗြိတိန်မှ အာဏာသိမ်း အဖွဲ့ဝင် နောက်ထပ် သုံးဦး ဖြစ်သည့် မြထွန်းဦး၊ စိုးထွဋ် နှင့် သန်းလှိုင်တို့အား စီးပွားရေး ဒဏ်ခတ်မည့် အစီအစဉ်များ ပြဌာန်းလိုက်သည်။ ထို့အတွက် ဗြိတိန်မှ နာမည်ပျက် စာရင်း သွင်းခံရသူ စစ်ဗိုလ်ချုပ် ၁၉ ဦး ရှိသွားပြီ ဖြစ်သည်။ ထို့အပြင် စစ်တပ်နှင့် လုပ်ငန်းများ ဆက်စပ်နေသော ဗြိတိသျှ ကုမ္ပဏီများကိုလည်း နိုင်ငံအတွင်း ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် နည်းလမ်းများ ရှာဖွေသွားမည်ဟု သိရသည်။

ကနေဒါကလည်း မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရရှိရေး ရုန်းကန်တိုက်ပွဲဝင်နေမှု များ နှင့် အတူ ရပ်တည်သည် ဆိုကာ စစ်ခေါင်းဆောင် ကိုးဦးအား စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်ကြောင်း ကြေညာခဲ့သည်။

ယမန့်နေကလည်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် နှင့် ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၏ အမျိုးသား လုံခြုံရေး အကြံပေး တို့ မြန်မာပြည် အရေး နှင့် မကြာမီ ကျင်းပမည့် G-7 ထိပ်သီး ဆွေးနွေးပွဲ အတွက် ညှိနှိုင်းခဲ့ကြသည်၊ အဆိုပါ G-7 ထိပ်သီး ဆွေးနွေးပွဲမှလည်း မြန်မာပြည် စစ်အာဏာသိမ်းမှုအပေါ် ပြင်းထန်စွာ ရှုတ်ချသည့် ကြေညာချက် ထွက်ပေါ်လာဖွယ် ရှိနေသည်။

မည်သို့ပင် ဖြစ်စေ ပြည်သူများ အနေနှင့် မိမိတို့ကိုယ် မိမိတို့ အားကိုးကာ လက်နက်နှင့် အနိုင်ကျင့်နေသည့် လုပ်ရပ်ကြီးအတွက် ဆန့်ကျင် အုံကြွနေမှုကြီးကို အရှိန် မြင့်သက်ထက် မြှင့်တင်ပေးရမည် ဖြစ်သည်။ စစ်တပ်သည်လည်း တကမ္ဘာလုံးက စောင့်ကြည့်နေကြမှန်း သိ၍ အလွန်အကျွံ အင်အား မသုံးရဲ ဖြစ်နေဆဲပင်။

သို့သော် စစ်တပ်အနေဖြင့် လူထု ၏ ထောက်ခံမှုကို မည်သို့မျှ ပြန်မရနိုင်တော့သည်အထိ ကျဆုံးသွားခဲ့ရပြီ ဖြစ်၍ အကြောက်တရား ဖြင့် ဆက်လက် အုပ်ချုပ်သွားရန် ည အချိန် ပစ်ခတ်ခြင်း၊ ဝင်ရောက် ဖမ်းဆီးခြင်း၊ သတင်း ပေးများထားရှိကာ လူထုကို သပ်လျှိုဖြိုခွဲရန် ကြိုးစားလာနေကြသည်။ အခုကတည်းက အမြစ်ပြတ် တိုက်ထုတ် နိုင်ခြင်း မရှိလျှင် လူထုအဖို့မှာ ရှေ့လျှောက် မိမိ အိမ်နီးချင်းကိုပင် မယုံရဲသည့် ဘဝ ဖြင့် နေထိုင်သွားရဖို့ ဖြစ်လာပေမည်။

လောလောဆယ်တွင် ဖမ်းဆီးခံထားရသူ ပေါင်း ၄၆၀ ရှိသွားပြီ ဖြစ်သည်။ လူထုကလည်း ဘီတဲလ် အနုပညာရှင် ဂျွန် လင်နွန် လုပ်ကြံခံခဲ့ရမှု အထိမ်းအမှတ် ပရပ်ဂ် တွင် “လင်နွန်တံတိုင်း” စတင် တည်ဆောက်ခဲ့သည်ကို နမူနာယူကာ “ကျွနုပ်တို့ ၏ အသံ တံတိုင်း” ကြီးများ တည်ဆောက်ကာ ဖန်တီး ကန့်ကွက်လာကြသည်။

ထို့အပြင် လမ်းများကို အခေါက်ခေါက်အခါခါ ကူးခြင်း၊ ကားများကို အနှေးမောင်းနှင်ခြင်း အစရှိသည့် ပုံစံအမျိုးမျိုး နှင့် အာဏာဖီဆန်လာနေကြသည်။

မျိုးဆက်သစ် လူငယ်များကို ကုလ ၏ မြန်မာ့လူ့အခွင့်အရေး အထူးသံတမန် တွမ် အင်ဒရူးက “ဒီလူငယ်လေး တွေဟာ အားလုံးကို စွန့်လွှတ် အနစ်နာခံပြီး သူတို့လေးတွေရဲ့ အနာဂတ်အတွက် တကယ်ကို တိုက်ပွဲ ဝင်နေကြတာ ဖြစ်လို့ ကျွန်တော် တကယ်ပဲ လေးစား အထင်ကြီးမိပါတယ်” ဟု ဗီအိုအေ နှင့် အင်တာဗျူးတွင် ထုတ်ဖေါ် ချီးကျူးခဲ့သည်။

မြို့နယ်ပေါင်း ၂၄၅ မြို့နယ်မှ ပြည်သူများ နှင့် ဝန်ကြီးဌာန ၂၁ ခုမှ ဝန်ထမ်းများ ပါဝင်လာကြပြီဟု အီကော်နော်မစ် မဂ္ဂဇင်းကြီး က ဖေါ်ပြထားပြီး ပြည်သူများ ၏ လူပင်လယ်ကြီး အလား ဆန္ဒပြ ကန့်ကွက်နေမှုများက နိုင်ငံတကာ သတင်းစာမျက်နှာများတွင် အလေးပေး ဖေါ်ပြလာကြပြီ ဖြစ်သည်။ ဘဏ်လုပ်ငန်းများ လုံးဝရပ်ဆိုင်း သလောက် ဖြစ်နေပြီး ငွေထုတ်ချေးမှုများ အပါအဝင် လုပ်ငန်းများ ပုံမှန် လည်ပတ်၍ မရ ဖြစ်လာနေသည်။ ပုဂ္ဂလိက ဘဏ်များ အဖို့ ပြည်သူများမှ စိုးရိမ်တကြီး ဖြင့် ၎င်းတို့ အပ်နှံငွေများကို စိုးရိမ်တကြီးဖြင့် ထုတ်ယူရန် စောင့်ဆိုင်းနေကြမှန်း သိ၍ မဖွင့်ရဲသလောက် ဖြစ်နေသည်။ အခွန်ဦးစီးဌာနမှ ဝန်ထမ်းများကလည်း အခွန်မဆောင်ရေး လှုံ့ဆော်မှုများ ပြုလုပ်လာကြသည်။

ဘဏ်ဝန်ထမ်းများ၊ အခွန်ဝန်ထမ်းများ၊ မီးရထား လုပ်သားများ၏ ကန့်ကွက်မှုများက ၎င်းတို့၏ ဂိမ်း ပလန်တွင် ထည့်သွင်းစဉ်းစားထားခဲ့ခြင်း မရှိသဖြင့် မမျှော်လင့်ပဲ အရှိုက်ကို ထိုးနှက်ခံရခြင်း ဖြစ်သည်ဟု မြန်မာတို့၏ CDM ကို အနီးကပ်လေ့လာ သုံးသပ်နေသူ ကင် ဂျိုလီဖီးက ပြောလေသည်။

လကုန်တွင် လူအများက လစထုတ်ဖို့ မျှော်လင့်လာချိန်တွင် အခြေအနေတမျိုး ပြောင်းလာနိုင်သည်ဟု တွက်ဆ နေသော်လည်း လူထုတရပ်လုံးကို ကိုမင်းကိုနိုင်ကဲ့သို့ စစ်အုပ်စု မပြုတ်မချင်း တိုက်ပွဲဝင်သွားမည်ဟု သံဓိဌာန် ချထားမှု နှင့် ရင်ဆိုင်လာရချိန်တွင်တော့ ၎င်း၏ လုပ်ရပ်များကို ပြန်လည် သုံးသပ်ရတော့မည် ဖြစ်သည်။ ဝန်ထမ်းများကို လစာထောက်ပံ့သွားရန် ရံပုံငွေများလည်း အဆင်သင့် ရှိနေပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ယခုအခါ ဂဏာမငြိမ် ဖြစ်လာနေပြီဟု ဂျိုလီဖီးက သုံးသပ်ခဲ့သည်။ ဆိုလိုရင်းမှာ စစ်ရေးပြပွဲတွင် ပါဝင်လာသော မြင်းတကောင်သည် လူအုပ်ကြီး၏ ဆူညံစွာ အော်ဟစ်နေသံများကြောင့် အလန့်တကြား ဖြစ်လာပုံနှင့် နှိုင်းယှဉ် ပြောဆိုသွားခြင်း ဖြစ်သည်။ သူ့အဖို့က လူထု၏ အုံကြွမှုကြီးသည် တဖြေးဖြေး အရှိန်လျော့သွား ဖို့သာ ကြိတ်၍ ဆုတောင်းနေရပြီ ဖြစ်ဟု ဆိုသည်။

စစ်အာဏာသိမ်း အဖွဲ့အတွက် လောလောဆယ် လုပ်ဖို့ နှစ်နည်းသာ ကျန်တော့သည်။ ၎င်းတို့၏ လူသား မျက်နှာဖုံးစွပ်ထားသည်ကို ခွာချမည်လော၊ သို့တည်းမဟုတ် တနိုင်ငံလုံး က မုန်းတီး ရွံရှာနေသော မင်းအောင်လှိုင်ကို ဖယ်ရှားပေးမည်လောဟူ၍ ပင် ဖြစ်သည်။ ထိုနည်း နှစ်ခုစလုံး မအောင်မြင်လျှင် ပြည်သူ့ အစိုးရနှင့် ဆွေးနွေးလာဖို့သာ ကျန်ပေတော့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မှ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ကသောင်းကနင်း ဖြစ်နေမှုများကို တရုတ်မှ အားပေးထောက်ခံနေသည်ဟူသော ကောလာဟလများသည် တရုတ်-မြန်မာ အကြား သဘောကွဲလွဲရန် မျိုးစေ့ချပေးနေခြင်းများသာ ဖြစ်သည်ဟု ငြင်းဆိုလိုက်ပြီး တရုတ် သည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခဲ့သည့် ၂၀၁၆ ခုနှစ်မှကစပြီး နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု များ နက်ရှိုင်းစွာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ ဤစကားကို ထောက်ရှုခြင်းအားဖြင့် ယခုအချိန်အထိ အာဏာသိမ်း အဖွဲ့ကို အသိအမှတ် မပြုသေးသည့် သဘောသာ တွေ့ရသည်။

ယခုအခါ အရှေ့တောင် အာရှ နိုင်ငံခြားရေး ဝန်ကြီးများမှ မြန်မာ အရေးကို အလွတ်သဘော ဆွေးနွေးရန် သဘောတူ လိုက်မှုကို မိမိ အနေဖြင့် ကန့်ကွက်လိုပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဘာမှ မယ်မယ်ရရ ထွက်လာမည် မဟုတ်သည့်အပြင် ဝဏ္ဏမောင်လွင်အား ပွဲထုတ်ပေးသည်သာ အဖတ်တင်သွားမည် ဖြစ်သည်။ ဝဏ္ဏမောင်လွင်ကို ဖိတ်ခေါ်ခြင်း မရှိလျှင်တော့ ကန့်ကွက်စရာ အကြောင်း မရှိပေ။

ကမ္ဘာဘဏ် အဖွဲ့ကြီးမှ လက်ရှိ လုပ်နေဆဲ လုပ်ငန်းများမှ အပ ရှေ့လျှောက်ပြီး စစ်အုပ်စုနှင့် ဆက်ဆံရာတွင် သတိကြီးစွာ ကိုင်တွယ် သုံးသပ်သွားမည်ဟု ကမ္ဘာဘဏ် ဥက္ကဌ ဒေးဗစ် မဲလ်ပတ်စ် ကိုယ်တိုင်က ထုတ်ဖေါ် ပြောကြားလာပြီ ဖြစ်၍ ငွေချေးငှားရန် အကြောင်း မရှိတော့ပေ။

ပြည်သူများ အနေဖြင့် စစ်အာဏာသိမ်း အဖွဲ့ကို နိုင်ငံတကာ အလယ်တွင် ပုံမှန် အစိုးရ အသွင် ရပ်တည်မှု မရရှိရေး အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်သွားကြမည် ဖြစ်သည်။ တဖက်တွင် ၎င်းတို့၏ လူသား မျက်နှာဖုံး မည်သည့် အချိန်တွင် ကွာကျလာမည်ကိုလည်း သတိကြီးစွာနှင့် လှုပ်ရှားသွားကြမည် ဖြစ်သည်။

စစ်အာဏာရှင်များ အဖို့ က ကြိုတင် တွက်ဆထားခဲ့ခြင်း မရှိသော မိုင်းကွင်းများကို ရှောင်ရှားနေရပြီ ဖြစ်သည်ကတော့ အမှန်ပင် ဖြစ်သည်။

နိုင်ငံတကာတွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေး နှင့် စီးပွားရေး နာလံ ပြန်ထူရေး အားသွန်ကြိုးပမ်းနေချိန်တွင် တိုင်းပြည်အား ဗုန်းဗုန်း လဲ အောင် လုပ်လိုက်ကြသည့် စစ်အာဏာသိမ်း ခေါင်းဆောင်များကို မည်သို့မျှ ခွင့်လွှတ်နိုင်ကြတော့ မည် မဟုတ်ပေ။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •