အာရှ-ပစိဖိတ်ဒေသရှိ (၁၅)နိုင်ငံပါဝင်သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ရေးထိုး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာရှ-ပစိဖိတ်ဒေသရှိ (၁၅)နိုင်ငံပါဝင်သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ရေးထိုး
————————–
စာချုပ်က မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခုဖြစ်လာမည်
=======================

နေပြည်တော်၊ နိုဝင်ဘာလ ၁၅ ရက်။
ယမန်နေ့ကပြုလုပ်သော စတုတ္ထအကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အာရှ-ပစိဖိတ်ဒေသရှိ (၁၅)နိုင်ငံပါဝင်သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးရာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုခြင်းကြောင့် မြန်မာအပါအဝင် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ခေါင်းဆောင်များက ဒေသအနေဖြင့် COVID-19 ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံသည့် ကူးစက်ရောဂါ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ဒေသ၏ကြံ့ကြံ့ခိုင်နိုင်စွမ်းကို တည်ဆောက် ရာတွင် သဘောတူစာချုပ်သည် အရေးပါသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာမူဘောင်များတွင် အာဆီယံ၏အချက်အချာကျမှုကို တိုးမြှင့်ရာ၌ အထောက်အကူပြုပြီး၊ အာဆီယံနှင့် ဒေသဆိုင်ရာမိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုတိုးတက်ခိုင်မာစေမည့် အဆိုပါသဘောတူစာချုပ်သည် အာဆီယံက ဉီးဆောင်သည့် ရည်မှန်းချက်အကြီးမားဆုံးသော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် တစ်ခုဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် သဘောတူစာချုပ် တစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန် ကတိကဝတ်ပြုကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဗိသုကာအပေါ် အများ ၏ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိကဝတ်ကို ယခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသ လိမ့်မည်ဖြစ်ကြောင်း၊ ကောင်းမွန်စွာဖွဲ့စည်းထား၍ ထိရောက်မှုရှိပြီး စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ် ကြောင်း၊ သဘောတူစာချုပ်တွင်ပါဝင်သည့် ပြဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

ထိပ်သီးအစည်းအဝေးအပြီးတွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •