““အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပါ””

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အညာသား”ကလောင်အမည်ဖြင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရေးသားသည့်

““အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပါ””
[ ဆောင်းပါး]

#အညာသား

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု တရိပ်ရိပ် တက် လျက်ရှိပါတယ်။ လူထုအကြား၌ စိုးရိမ်သောကများ ဖြစ်ပွားလျက်ရှိသည်ကို သိရှိရသဖြင့် နားလည်စာနာမိပါတယ်။ ဒုတိယလှိုင်း၏ အမြင့်ဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်သဖြင့် စိုးရိမ်သည်ဆိုလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ ယခုလောလောဆယ် ၁၅-၁ဝ-၂ဝ၂ဝရက်နေ့၌ ပိုးတွေ့လူနာသစ် (၁ဝ၂၆)ဦး ရှိသဖြင့် ယခင်ရက်နှင့်စာလျှင် ကျဆင်းသွား သည်ဟု ပြောနိုင်ပါတယ်။ ရန်ကုန်မှ တာဝန်ရှိသူများကလည်း ကြိုးစားပမ်းစား ကုသပေးလျက် ရှိကြောင်း သိရှိရသဖြင့် ပြည်သူတစ်ဦး အနေဖြင့် ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင် လုပ်အားပေးများ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များ ဝိုင်းဝန်းကြိုးပမ်းပေးနေကြတာကို ကြားသိနေရသဖြင့် အားလုံးကို ကျေးဇူးတင်ရင်း စာရေးသူတို့ ပြည်သူတွေဘက်ကလည်း COVID-19 ကာကွယ်မှုအတွက် လမ်းညွှန်ချက်များနှင့်အညီ အပြင်ထွက်တိုင်း Mask တပ်ဖို့၊ မကြာခဏ လက်ဆေးကြဖို့၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေကြဖို့၊ လူစုလူဝေးရှိရာမသွားကြဖို့ အထူးပင်လိုက်နာဖို့ အရေးကြီးလှပါတယ်။ ယခုဆောင်းပါးသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထုကို COVID-19 ရောဂါမှ ကာကွယ်ပေးရန်နှင့် ကြိုးပမ်းအားထုတ်မှုများကို တင်ပြပေးလို၍ ရေးသားရခြင်း ဖြစ်ပါတယ်။ ပြည်သူ လူထုအနေနှင့်လည်း သိရှိသင့်သည်ဟူ၍ ရေးသားတင်ပြခြင်းဖြစ်ပါတယ်။

Quarantine Center များ

Quarantine Center ဆိုသည်မှာ ပိုးတွေ့ရှိသူ လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ရောဂါအဖြစ်များနေသည့်ဒေသများမှ ပြန်လာသူများ၊ နိုင်ငံခြားမှ အလုပ်လုပ်ကိုင်၍ မိမိ၏ နေရပ်ဒေသသို့ ပြန်လာသူများကို သီးသန့်ထားရှိသော နေရာများဖြစ်ပါတယ်။ လူအများနှင့် ထိတွေ့မှု မရှိစေရန် ရည်ရွယ်၍ ဆိုခဲ့ပြီးသောသူများကို ရောဂါပိုးရှိ၊မရှိ မစစ်ဆေးမီ ခွဲခြားထားသော နေရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် မြို့နယ်အသီးသီး၌ Quarantine Center ပေါင်း (၃၁၃)ခု ရှိပါတယ်။ Quarantine Center များကို အ.ထ.က ကျောင်းများ၊ တက္ကသိုလ်များ၊ အချို့ဘုန်းကြီးကျောင်းများ၊ ဟိုတယ်များတွင် Quarantine Center အဖြစ် ပြုလုပ်ထားလေ့ရှိပါတယ်။ မန္တလေး ခရိုင်အတွက် Quarantine Center များမှာ (ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး) လူဦးရေ (၁၂ဝဝ)ခန့် ထားနိုင်ပါတယ်)၊ (မန္တလာဒီဂရီ ကောလိပ်တွင် လူဦးရေ (၂၄ဝ) ထားနိုင်ပါတယ်)၊ (ကန်တော်ကြီးသံဃာ့ဆေးရုံ လူဦးရေ (၁၂၅) ဦး)၊ (ဧရာဝတီစင်တာ၊ မန္တလေးဘောလုံး အကယ်ဒမီကျောင်း လူဦးရေ (၁ဝဝ) ထားနိုင်ပါတယ်) အထက်ပါ (၄)နေရာတွင် လူဦးရေ ပြည့်သွားလျှင် ထပ်မံထားနိုင်ရန်အတွက် နေရာများကို ရှာဖွေပြင်ဆင်ထားပြီးဖြစ်ပါတယ်။ (မန္တလာသီရိအားကစား ကွင်းမှ အားကစားရုံတွင် လူဦးရေ (၂ဝဝ)ခန့် ဝင်ဆံ့နိုင်ပါတယ်)၊ (ကျောက်ဆည်တက္ကသိုလ်တွင် လူဦးရေ ၁၄၅ဦး)၊ (တအုံနည်းပညာ တက္ကသိုလ်တွင် လူဦးရေ ၆ဝ ဦး)၊ နောက်ထပ်နေရာ(၃)ခုကို ပြင်ဆင် ထားသဖြင့် စုစုပေါင်းလူဦးရေ (၄ဝဝ)ခန့် Quarantine Center အဖြစ် အသင့်ပြင်ပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ မန္တလေးခရိုင်အတွက် လူဦးရေ ၂ဝဝဝ ခန့် တစ်ပြိုင်နက်တည်းထားရန် Quarantine Center ကို ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ထို Quarantine Center များတွင် ထားရှိမည့် သူများအတွက် ကျွေးမွေးစရိတ် တစ်ဦးလျှင် တစ်နေ့ငွေ ၃ဝဝဝ ကျပ် သတ်မှတ်၍ ကျွေးမွေးလျက်ရှိပါသည်။ ထိုကျွေးမွေးစရိတ်ကို အလှူရှင် များကလည်း လာရောက်ကျွေးမွေးပါတယ်။ တိုင်းဒေသကြီး COVID-19 ရန်ပုံငွေမှ ကျခံ သုံးစွဲပေးပါတယ်။ ထို့အပြင် ထိုသူများအတွက် စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ အစရှိသည်တို့ကို ပြည့်စုံစွာ ထားရှိပေး ပါတယ်။ ရေ၊ မီးကအစ တီဗွီအဆုံး တတ်နိုင်သမျှ ပြင်ဆင်ပေးထားတယ်။ ထို Quarantine ထားရှိသူများကို ပိုးရှိ၊ မရှိလည်း (၂)ကြိမ် စစ်ဆေးပေးရပါတယ်။ ပိုးတွေ့လျှင် ဆေးရုံသို့ ပြောင်းရွှေ့၍ ကုသပေးပါတယ်။ (၂)ကြိမ်စစ်လို့ ပိုးမတွေ့လျှင် Quarantine Center မှ အိမ်သို့ ပြန်ပို့ပေးပါတယ်။ Quarantine Center သို့ ပို့ပေးခြင်းနှင့် အိမ်သို့ပြန်ပို့ပေးခြင်းများကို လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အစအဆုံး တာဝန် ယူဆောင်ရွက်ပေးပါတယ်။

COVID-19 လူနာထားရှိသော ဆေးရုံများ

COVID-19 ရောဂါပိုး တွေ့ရှိသောသူများကို ဆေးရုံသို့တင်၍ ကုသပေးလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပိုးတွေ့ရှိသော လူနာများကို မန္တလေးခရိုင်ရှိ ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများတွင် ထားရှိ ကုသပေးလျက်ရှိပါတယ်။ မန္တလေးခရိုင်အတွင်းရှိ ပိုးတွေ့လူနာ များကို ကုသရန်အတွက် ကန်တော်နဒီဆေးရုံနှင့် ခုတင် ၃ဝဝ ဆံ့ ဆေးရုံကြီးကို ပြင်ဆင်ပြီး အသုံးပြုလျက် ရှိပါတယ်။ ထိုဆေးရုံများတွင် အရေးကြီးသောလူနာများ (အသက်ရှူကျပ်၍ မောပန်းနေသူများ) ကို ကုသရန်အတွက် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ထို့အပြင် အောက်ဆီဂျင်အိုးများဖြင့်လည်း အသက်ရှူမှု လွယ်ကူစေရန် ပြင်ဆင်ထား ရှိပြီးဖြစ်ပါတယ်။ ယခုအခါ ပိုးတွေ့ လူနာများ အနည်းငယ် များပြားလာသဖြင့် နောက်ထပ်ဆေးရုံတစ်ခုအဖြစ် ခုတင် ၁ဝဝ ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကိုလည်း ပြင်ဆင် ထားပြီး ဖြစ်ပါတယ်။ ထိုတိုင်းရင်း ဆေးရုံတွင် လူနာများအတွက် လိုအပ်သော ပစ္စည်းပစ္စယ အစုံအလင်အပြင် Wifi ၊ TV အစရှိသည်တို့ကို ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ အကျွေးအမွေးကိုလည်း စီစဉ်ပြီးဖြစ်တဲ့အပြင် လူနာများကိုယ်တိုင် ပြင်ဆင်စားသုံးနိုင်ရန် ခေါက်ဆွဲခြောက်များ အသင့်ထားရှိ ပေးထားပါတယ်။ ဖတ်ရှုစရာ စာအုပ်စင်လေးများကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ လူနာများအားလုံးအတွက် အစား အသောက်မှအစ အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးသူကတော့ အောင်မြင်သူကုမ္ပဏီအုပ်စုမှ ဖြစ်ပါတယ်။

မန္တလေးမြို့၏ ထူးခြားချက်က COVID-19 အတွက် လာရောက် လှူဒါန်းသူ များပြားခြင်း ဖြစ်ပါတယ်။ ဧရာဝတီစင်တာတွင် အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးသူမှာ မက်စ် ဦးဇော်ဇော် ဖြစ်ပါတယ်။ ယခု အလှူရှင်များထဲတွင် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။

မန္တလေးနှင့် COVID-19 ရောဂါပိုး

ယနေ့ (၁၆) ရက်နေ့ ၊ ညနေ(၄)နာရီအထိ မန္တလေးတိုင်းဒေသကြီးတွင် ပိုးတွေ့လူနာပေါင်းမှာ (၈၆၉)ဦးတိတိ ဖြစ်ပါတယ်။ ဆေးရုံက ဆင်းသွားသူ (၄၇၂)ဦးတိတိရှိပြီး၊ သေဆုံးသူ (၂)ဦးရှိသဖြင့် ဆက်လက် ကုသနေသူဦးရေမှာ (၃၉၅)ဦးသာ ရှိပါတယ်။ တစ်တိုင်းလုံးအနေဖြင့် ခြုံ၍ ပြောရလျှင် ဖြစ်ပွားသူများထဲတွင် ၅၃ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ၄၇ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ပါတယ်။ ၂ဝ၂ဝပြည့်နှစ်၊ သြဂုတ်လ ၂၇ရက်နေ့တွင် တစ်တိုင်းလုံး (၃)ဦးသာရှိသည့် အနေအထားမှ စတင် ရေတွက်လျှင် ရက်သတ္တ (၆)ပတ်မြောက်သောအခါ တစ်တိုင်းလုံး ပိုးတွေ့ရှိသူ လူနာအရေအတွက် အမြင့်ဆုံးသို့ ရောက်ရှိလာပါတယ်။ ရက်သတ္တ(၆)ပတ်မြောက်သောအပတ်တွင် ပိုးတွေ့လူနာ (၂၁၉)ဦးရှိခဲ့ပါတယ်။ ရက်သတ္တ (၇)ပတ်မြောက်တွင် ပိုးတွေ့လူနာ (၂၁၄)ဦး ဖြစ်ခဲ့ပါတယ်။ အနည်းငယ်ကျခဲ့ပါတယ်။ ရက်စွဲဖြင့် ပြောမည် ဆိုလျှင် အောက်တိုဘာလ (၁၂)ရက်နေ့တွင် ပိုးတွေ့လူနာပေါင်း (၇၉)ဦးအထိ ရှိခဲ့ပါတယ်။ အမြင့်ဆုံးဖြစ်ပါတယ်။ ယမန်နေ့ (၁၅)ရက်နေ့က ပိုးတွေ့ လူနာပေါင်း (၅ဝ)ဦးသာရှိသဖြင့် ကျဆင်းလာသည်ဟု ပြောနိုင်ပါတယ်။ ယခုအချိန် စာရေးသူ စာရေးနေသည့်အချိန်အထိ ပိုးတွေ့ လူနာအသစ် (၇)ဦးသာ ရှိပါတယ်။ ည(၉)နာရီ အဖြေထွက်လျှင် ပိုးတွေ့ရှိသူ အလွန်အမင်း များပြားလိမ့်မည်မဟုတ်ဟု မျှော်မှန်းထားပါတယ်။

မန္တလေးခရိုင်အနေဖြင့် ကြည့်လျှင် COVID-19 ကူးစက်မှုနှုန်း အမျိုးသမီးများတွင် ၆၁ ရာခိုင်နှုန်း ရှိပါတယ်။ ထို့ကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် COVID-19 ကူးစက်မှုတွင် အမျိုးသမီးများကသာ အဖြစ်များပါတယ်။ မန္တလေးခရိုင်အတွင်း ယနေ့(၁၆-၁ဝ-၂ဝ၂ဝ)ရက် ညနေ (၄)နာရီအထိ ပိုးတွေ့ရှိသူ လူနာစုစုပေါင်းမှာ (၅၁၄)ဦး ဖြစ်ပါတယ်။ ဆေးရုံဆင်းသွားသူမှာ (၂၆၇)ဦးရှိပြီး ကုသဆဲ(၂၄၇)ဦး ဖြစ်ပါတယ်။ သေဆုံးသွားသူများမှာ မန္တလေးခရိုင်အတွင်းမှဖြစ်ပြီး မဟာအောင်မြေမှ တစ်ဦးနှင့် အောင်မြေသာစံမှာ တစ်ဦးဖြစ်ပါတယ်။ လောလောဆယ် မန္တလေးခရိုင်အတွင်း ဖြစ်ပွားမှုအများဆုံးမှာ အမရပူရမှဖြစ်ပြီး (၈၉)ဦး ကုသဆဲဖြစ်ပါတယ်။ မဟာအောင်မြေ (၄၆)ဦးနှင့် အောင်မြေသာစံ (၄၅)ဦး တို့ ဆက်လက်ကုသနေဆဲဖြစ်ပါတယ်။ ချမ်းအေးသာစံမှ (၄၃)ဦးဖြစ်ပါ တယ်။ ထို့ကြောင့် ကောက်ချက်ဆွဲပြီး ကြည့်မည်ဆိုလျှင် လူဦးရေ သိပ်သည်းထူထပ်သော မန္တလေး (၅)မြို့နယ်အတွင်း၌ COVID-19 ရောဂါဖြစ်ပွားမှုများ ရှိနေသော်လည်း လွန်လွန်မင်းမင်း စိုးရိမ်စရာကောင်းလောက်အောင် မရှိသေးပါ။ တာဝန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ ပြည်သူများ ဝိုင်းဝန်းကြိုးပမ်း၍ ကာကွယ်တားဆီးနေကြတာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ ထိန်းချုပ်နိုင်ဆဲဟု ကောက်ချက်ဆွဲမည်ဆိုလျှင် မှားမည်မထင်ပါ။ တစ်ခုအရေးကြီးသည်မှာ ပြည်သူများဘက်ကလည်း တာဝန်ရှိရှိ တာဝန် သိသိဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့မလျော့ ပြုလုပ်ရန် အရေးကြီးပါတယ်။ အားလုံး ဝိုင်းကြိုးပမ်းကြ မယ်ဆိုလျှင်လည်း ဆိုးဆိုးဝါးဝါး ဖြစ်ပွားလိမ့်မည်မဟုတ်ပါ။

မြန်မာပြည်အလယ်ပိုင်း မန္တလေးနှင့် ကုန်စည်စီးဆင်းမှု ချောမွေ့ရေး

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုအချက်အချာကျသဖြင့် ကုန်စည်စီးဆင်းမှုမှာလည်း အရေးကြီးသောကဏ္ဍမှာ ပါဝင်နေပါတယ်။ အောက်ပိုင်းမှ ကုန်စည်များ အထက်ဘက်သို့ တက်လျှင်သော်လည်းကောင်း၊ တရုတ်ပြည်ကိုသွားလျှင်သော်လည်းကောင်း၊ ရှမ်းပြည်နယ်ကို သွားလျှင်သော်လည်းကောင်း မန္တလေးမြို့ကို ဖြတ်သန်းသွားရပါတယ်။ ထို့အတူ အထက်ပိုင်းမှ အောက်ပြည် အောက်ရွာသို့ သွားလျှင်လည်း မန္တလေးမြို့မှတစ်ဆင့် ဖြတ်သန်းသွားရသဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းမှုများသော တိုင်းဒေသကြီးဟုဆိုလျှင် မှားမည်မဟုတ်ပါ။ ထို ကုန်တင်ယာဉ်များ မောင်းနှင်သော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကိုလည်း COVID-19 ရောဂါပိုးရှိ၊မရှိ စစ်ဆေးပေးရမှာလည်း အလွန်အရေးကြီးလှပါတယ်။ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များတွင် အကယ်၍ ပိုးပါရှိသူဖြစ်ပါက အခြားနေရာရှိ ပြည်သူ လူထုအတွင်းသို့ ကူးစက်နိုင်မှု များပြားနိုင်သည့် အခွင့်အရေးရှိသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ရောဂါပိုးရှိ၊မရှိ စစ်ဆေးမှု သည် အလွန်အရေးကြီးသောနေရာမှ ပါဝင်နေပါတယ်။ ထိုသူများကို အလွတ်မပေးဘဲ စစ်ဆေးနိုင်ရန် မန္တလေးတိုင်း ဒေသကြီးအတွင်း ဂိတ်(၁၂)ခုဖွင့်၍ စစ်ဆေးပေးနေပါတယ်။ ထိုသူများကို RDTဖြင့် စစ်ဆေးပေးလျက်ရှိပါတယ်။ စစ်ဆေးခံမည့်သူများထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်ယူသည့်အခါတွင် ယူမည့်သူ ကျန်းမာရေးဝန်ထမ်းများကို ရောဂါပိုး မကူးစက်နိုင်ရန်အတွက် အလုံပိတ် ကားငယ်လေးများဖြင့် အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကို ယူလျက်ရှိပါတယ်။ ထိုကားငယ်လေးများကို အလှူရှင်များက ဝိုင်းဝန်း လှူဒါန်းပေးထားပါတယ်။ အလွန်ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ကျန်းမာရေးဝန်ထမ်းများအတွက် အလွန်အကာအကွယ်ရပါတယ်။ ယခုအခါ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ဂိတ်(၁၂)ခုမှ စစ်ဆေးနေခဲ့သည်မှာ ယာဉ်အစီးရေ ပေါင်း (၉၆၈၇)စီးတိတိရှိပြီး လူဦးရေပေါင်း (၁၆ဝ၆၂)ဦးတိတိ စစ်ဆေးပြီးဖြစ်ပါတယ်။ ထိုအထဲမှ ပိုးတွေ့ရှိသည့်သူပေါင်း (၆၄)ဦးသာ တွေ့ရှိခဲ့သဖြင့် အလွန်နည်းပါးသည်ဟု ကောက်ချက်ဆွဲနိုင်ပါတယ်။ တစ်နည်းအား ဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၁ဝဝဝ)ဦးလျှင် (၄)ဦးသာ တွေ့ရှိခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးခြင်းသည် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ခြင်း ဖြစ်သဖြင့် အလွန်အရေးကြီးသော လုပ်ငန်း ဖြစ်နေသည့်အတွက် ဆက်လက် လုပ်ကိုင်နေရဦးမှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခကို ယခင်က ၂ဝဝဝဝကျပ်ဖြစ်ပြီး ယခုအခါ ၁ဝဝဝဝကျပ်သို့ လျှော့ချလိုက်ပါတယ်။

ထိုကဲ့သို့ ဂိတ် (၁၂)ဂိတ်ဖွင့်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို စစ်ဆေးပေးလျက်ရှိ နေစဉ်အတွင်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ထိန်းချုပ်ရန် အရေးကြီးသည့်အချက်ကို တွေ့ရှိခဲ့ရပါတယ်။ ထိုအချက်မှာ ရောဂါဖြစ်ပွားမှုများသည့် ရန်ကုန်မြို့အတွင်းမှ သူများကို တိုင်းဒေသကြီးအတွင်းသို့ ခိုး၍ သယ်ဆောင်လာသော ကိစ္စဖြစ်ပါတယ်။ ထိုကဲ့သို့ ခိုးသွင်းလာသူများ ပါသော ကားများကို ဖမ်းဆီးရမိသဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေဖြင့်လည်း အရေးယူနေရပါတယ်။ ထိုသို့ ခိုးသွင်းလာသူ များကို သိရှိခဲ့ခြင်းမရှိလျှင် မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ရောဂါပြန့်ပွားမှု မြန်ဆန်ပြီး အဖြစ်များနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့အရပ်ဒေသအတွင်း ရန်ကုန်မြို့မှ ပြန်လာသူများ အကြောင်းမကြားဘဲ ရောက်ရှိလာခဲ့လျှင် တာဝန်ရှိသူများထံ အကြောင်းကြားပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါ တယ်။ ယခုအခါ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း အစရှိသည့် မြို့နယ်များတွင် ရန်ကုန်မှ ပြန်လာသူများကို Quarantine Centerတွင် ထားရှိပြီး ရောဂါပိုးရှိ၊မရှိ စစ်ဆေးသောအခါ ၈ဝ ရာခိုင်နှုန်းခန့်မှာ ရောဂါပိုး တွေ့ရှိနေရသဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်ပြန်များကို အထူးဂရုပြု စောင့်ကြည့်နေရပါတယ်။

ဓာတ်ခွဲခန်းအသစ်နှင့်မန္တလေး

COVID-19 ရောဂါပိုးကို ရှာဖွေစစ်ဆေးနိုင်ရန်အတွက် လည်းကောင်း၊ အခြားကူးစက်ရောဂါများကို ရှာဖွေစစ်ဆေးနိုင်ရန်အတွက်လည်း ကောင်း ဓာတ်ခွဲခန်းအသစ်တစ်ခုကို တည်ဆောက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ပြီးစီးသွားမည်ဖြစ်ပါတယ်။ ယင်းဓာတ်ခွဲခန်းအသစ်သည် အဆင့်မီမီ တည်ဆောက်ထားသော ဓာတ်ခွဲခန်းဖြစ်သဖြင့် စစ်ဆေးသူ ကျန်းမာရေး ဝန်ထမ်းများကို အပြည့်အဝ ကာကွယ်ပေးနိုင်မည် ဖြစ်ပါတယ်။ အအေးခန်းစနစ်၊ လေထုတ်စနစ်၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်သည့်စနစ်၊ လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ရန်အတွက်လည်း ပြီးပြည့်စုံသဖြင့် ယင်းဓာတ်ခွဲခန်းပြီး မြောက်ပါက COVID ရောဂါပိုးရှိ၊မရှိကို လျင်လျင်မြန်မြန် စနစ်တကျ စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဤဓာတ်ခွဲခန်းကို မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီ (အလှူရှင်များဖြင့် ဖွဲ့စည်းထားသည်)မှ ဘဏ္ဍာရန်ပုံငွေ ရှာဖွေပြီး တည်ဆောက်ပေးထားခြင်းဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအတွက် အလွန်အကျိုးများမှာ ဖြစ်ပါတယ်။ ထိုအဖွဲ့မှပင် စက်ပစ္စည်း၊ ဓာတ်ခွဲခန်းသုံး Reagent များကိုလည်း ဝယ်ယူလှူဒါန်းပေးခဲ့ပါတယ်။ ဤမန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များကို စစ်ဆေးပေးရုံမက စစ်ကိုင်း၊ ရှမ်းမြောက်၊ ချင်း၊ ကချင်တို့မှ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များကိုပါ စစ်ဆေးနေခြင်းဖြစ်သဖြင့် အလွန်အကျိုးများပါတယ်။ တာဝန်ရှိဝန်ထမ်းများကလည်း ညဉ့်နက် သန်းခေါင်အထိ စစ်ဆေးပေးလျက်ရှိပါတယ်။ ဒါကြောင့် မန္တလေးတိုင်းဒေသကြီးက COVID-19 ကို အစွမ်းကုန် ကြိုးပမ်းကာကွယ်နေကြ တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အကူအညီပေးဖို့အတွက်လည်း မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်မှ ဦးစီး၍ စေတနာရှင် ကျန်းမာ ရေး ဝန်ထမ်းများအား နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူနည်းများကို သင်တန်းများ ပို့ချပေးနေပါတယ်။ Quarantine ထားရှိသူ များလာ သဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ များပြားလာသဖြင့် ယခုကဲ့သို့ သင်တန်းပို့ချ ပေးနေရခြင်းဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုကို COVID-19 ရောဂါကာကွယ်ခြင်းမှ အစွမ်းကုန်ကြိုးပမ်း အားထုတ်နေရကြောင်း သတင်းပေးလိုက်ပါတယ်။

(အညာသား ကလောင်အမည်ဖြင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရေးသားသော ဆောင်းပါးဖြစ်ပါသည်။)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •