အိန္ဒိယက သေသွားတဲ့ကိုယ်ဝန်နဲ့ဆင်မကြီးအကြောင်း မေးကြလို့တင်ပေးလိုက်ပါတယ်။
ဆင်မကြီးဟာ ခံစားနေရတဲ့ဝေဒနာသက်သာဖို့ မြစ်ထဲမှာ ဒဏ်ရာကို ရေစိမ်ရင်း မတ်တတ်ကြီး သေနေရှာတာဖြစ်ပါတယ်။
အသက် 15 နှစ်အရွယ်ရှိ ကိုယ်ဝန်နဲ့ ဆင်မကြီးဟာ Silent Valley National Park မှာနေတာဖြစ်ပါတယ်။
ရွာသားအချို့က 🍍💣 နာနတ်သီးထဲ ပေသီးတွေထည့်ပြီး 🐘 ဆင်မကြီးကို ကျွေးခဲ့တာဖြစ်ပါတယ်။
ကိုယ်ဝန်နဲ့ဆင်မကြီးခမျာမှာ နာနတ်သီးစားရင်း ပေသီးတွေထပေါက်လို့ အောက်မေးရိုးပေါ်တဲ့အထိ ပွင့်ထွက်သွားတာဖြစ်ပါတယ်။
နှာမောင်း၊ လျှာ၊ အပေါ်အောက်နှုတ်ခမ်းနဲ့ မေးရိုးတွေအထိ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ဆရာဝန်ရဲ့အပြောအရ စိုက်ခင်းတွေဘက်မလာအောင် မောင်းထုတ်ရင်းနဲ့ အခုလို နာနတ်သီးထဲ ပေသီးတွေထည့်ကျွေးတာ လုပ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။
အဲ့ဒီရွာတွေမှာ နာနတ်သီးထဲ ပေသီးတွေထည့်ပြီး တောဝက်ထောင်ဖမ်းတဲ့ ဓလေ့ရှိပါတယ်။
ဆင်မကြီးဟာ ရွာသားတွေနဲ့ ယဉ်ပါးနေပြီး ရွာသားတွေကျွေးတာကို ယုံယုံကြည်ကြည်နဲ့ စားခဲ့ရှာတာဖြစ်ပါတယ်။
မေလ 23 ရက်နေ့မှာ ဒဏ်ရာကြီးနဲ့ ဆင်မကြီးကို ဒေသခံရွာသားအချို့က ရေစပ်မှာ စတွေ့ခဲ့တာဖြစ်ပါတယ်။
မေလ 25 ရက်နေ့မှာ ဆင်မကြီးကို Vkiyar မြစ်ထဲမှာ ရပ်လျက်သားတွေ့ရပါတယ်။ ဒဏ်ရာရနေတဲ့ ပါးစပ်နဲ့ နှာမောင်းကို ရေထဲစိမ်ထားတာမို့ ယင်တွေမနားအောင်ရယ်၊ နာလွန်းလို့နဲ့ ရေငတ်လွန်းလို့ ဖြစ်ရှာပါလိမ့်မယ်။
အစကတော့ သစ်တောတာဝန်ရှိသူတွေဟာ ဆင်ဆရာဝန်ကိုခေါ်ပြီး ကမ်းပေါ်ကိုဆွဲတင်ကာ အသက်ကယ်ဖို့စဉ်းစားထဲ့ပေမယ့် မရတော့တာ သိခဲ့ရပါတယ်။
ဆင်မကြီးခမျာမှာ မသေခင်အတော်ဝေဒနာခံစားခဲ့ရပြီး နှစ်လသားကိုယ်ဝန်နဲ့ဖြစ်တော့ ပိုဆိုးပါတယ်။
ကိုယ်ဝန်နဲ့ဆာဆာနဲ့စားမိရင်း ထပေါက်ကွဲခဲ့တဲ့ နာနတ်သီးကို သူဘယ်လိုမှ နားလည်နိုင်မှာမဟုတ်သလို သူယုံကြည်ခဲ့တဲ့ ရွာသားတွေကိုလည်း သူဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ပါဘူး။
ဒီပြင်းထန်နာကျင်တဲ့ ဝေဒနာဆိုးကို ဘယ်လောက်အထိခံစားခဲ့ရတယ်ဆိုတာ ကိုယ်ဝန်လွယ်ထားတဲ့ ဆင်မကြီးပဲ သိရှာပါလိမ့်မယ်။
ဆင်မကြီးကို ကမ်းပေါ်ဆွဲတင်ကာ ရင်ခွဲစစ်ဆေးခဲ့ပြီး ဆင်မကြီးရော ဗိုက်ထဲက နှစ်လသား ဆင်သားလောင်းကလေးရောကိုပါ မီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။
အခုအခါမှာ လူအတော်များက လက်သရမ်းတဲ့ ရွာသားတွေကို ဒေါသထွက်နေကြပါတယ်။
Bollywood ရုပ်ရှင်လောကက ဆယ်လီတွေပါဒေါသထွက်ပြီး အကျိုးမဲ့ ရှားပါးတဲ့ ဆင်နှစ်ကောင်အသက်ကို သေစေခဲ့တဲ့ ရွာသားတွေကို အမိဖမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
အခုအခါ ဒီလူမဆန်တဲ့ ဆိုးဝါးတဲ့လုပ်ရပ်ရဲ့ လက်သည်ရွာသားနှစ်ယောက်ကို ဖမ်းမိထားပြီလို့ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ဝန်ကြီးက မှတ်လောက်သားလောက်အောင် ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြောထားပါတယ်။
ကဲ… ကျနော်တို့မြန်မာပြည်ဖက်ကို ကြည့်ရအောင်။
ကျနော်တို့ငယ်စဉ်ကာလတုန်းက ဆင်ဟာသစ်တောကဏ္ဍအတွက် အဖိုးတန်သက်ရှိ ယန္တရားကြီးများဖြစ်ပါကြောင်း စာထဲမှာသင်ကြားခဲ့ရပါတယ်။
မြန်မာပြည်မှာ ဆင်တွေဟာ ကြောက်ခမန်းလိလိ သတ်ဖြတ်ခံနေရပြီး အရိုး၊ အရေကစပြီး အမွေးအထိ တရုတ်ပြည်ကိုပို့နေတာ မသိတဲ့သူကများပါတယ်။
ဆင်ကိုမျိုးစုံ ရရင်ရတဲ့နည်းနဲ့ ခိုးသတ်ပါတယ်။ အရင်ကအစွယ်ကြောင့်သတ်ခဲ့ပေမယ့် အခုခေတ်မှာ ဘာရရ အရေခွံရလည်းသတ်ပါတယ်။
1940 ကျော်နှစ်တွေက မြန်မာပြည်မှာ ဆင်အရေအတွက် 10000 လောက်ရှိခဲ့ရာက အခုအခါမှာ အရေအတွက် 1600 နဲ့ 2000 ကြားပဲ ကျန်ပါတော့တယ်။
အဓိကက တော့ ဒီအဖိုးတန်လှတဲ့ သက်ရှိတွေကို တရားမဝင် သတ်ဖြတ်နေခြင်းပါ။
ဧရာဝတီတိုင်းမှာ သတ်ဖြတ်မှုအများဆုံးဖြစ်ပြီး 2014 ကနေ 2017 အထိ သုံးနှစ်အတွင်းမှာ ဆင်ကောင်ရေ 100 ကျော်လောက် အသတ်ခံခဲ့ရပါတယ်။
အခုအခါမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေ၊ သစ်တောနဲ့ ရဲတို့ ပူးပေါင်းမှုကြောင့် အ င်ကထက်လျော့ကျလာပေမယ့် 2018 ခုနှစ်မှာ ဧရာဝတီတိုင်းမှာ ဆင်ကို တရားမဝင်ခိုးသတ်မှု သိရသလောက် 8 မှုအထိရှိနေဆဲပါ။
မြင်ယောင်ကြည့်ပါ ဒဏ်ရာကြီးနဲ့ တောထဲမှာ မသေမရှင် ရေရှိရာကိုရှာရင်း ယင်တလောင်းလောင်းရဲ့ ထိုးနှက်မှုကို ခံစားနေရတဲ့ ဆင်များရဲ့ ဝေဒနာကို ကိုယ်ချင်းစာတတ်ကြပါစေ။
🐘 ဆင်စွယ်၊ ဆင်ရိုး၊ ဆင်အရေခွံကအစ ရောင်းဝယ်မှုတွေကို အားလုံးလက်သင့်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ရင်း အသိပညာပေးကြပါလို့ တိုက်တွန်းပါရစေခင်ဗျား။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
5-June-2020