အိပ်ရာထပုံပြင် (တင်ညွန့်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိပ်ရာထပုံပြင်
————-
မြစ်ထဲတွင် ဆင်နှစ်ကောင် ရေချိုးနေကြသည်။ သူတို့ ရေချိုးပြီးနောက် ကုန်းပေါ်ကို တက်လာပြီး လမ်းကျဉ်း လေးအတိုင်း တစ်လှမ်းချင်း လျှောက်လာကြသည်။

ထိုအချိန်တွင် ရွှံ့ထဲ ဗွက်ထဲ နွံထဲတွင် နှာခေါင်းလောက် ဖော်ထားသော ဝက်နှစ်ကောင်ကလည်း ရွှံ့အိုင်ထဲက ထွက်ကာ ကုန်းပေါ်ကို တက်လာကြသည်။

ဆင်ကြီးက

“သားလေး ဘေးကပ်လိုက်ကွယ် … တောင်နံရံဘေးကပ်ပြီး ဝက်တွေကို သွားနိုင်အောင် လမ်းဖယ်ပေးလိုက်ပါ” ဟုပြောလိုက်သည်။

ဆင်ငယ်က

“မေမေ … ဒီဝက်ကောင်လောက်ကိုများ ခြေထောက်နဲ့ ခေါင်းကိုတစ်ချက်ဖိနင်း … ပြားဆင်းသွားမယ် … ဘာဖြစ်လို့ ဖယ်ပေးရမှာလဲ” ဟုပြန်ပြောသည်။

ဆင်ကြီးက

“သားငယ် … သူတို့ သွားပါစေကွယ်။ သူတို့နဲ့ယှဉ်ပြိုင် သားက လမ်းပိတ်ထားရင် ယုတ်မာတဲ့ စိတ်ရှိသူတွေ ဖြစ်လို့ ရွှံ့ပုပ်တွေ ခါထုတ်လိုက်တော့ သားတို့ မေမေတို့ကို စင်ကုန်လိမ့်မယ်။ သူတို့ခေါင်းကို နင်းလိုက်ရင် ပြားသွားမှာ မှန်တယ်သား။ ဒါပေမဲ့ ရွှံ့ပေနေတဲ့ခေါင်းကို သွားနင်းလိုက်ရင် သားခြေထောက်ပဲ ရွှံ့တွေပေပြီး ရွံစရာ ဖြစ်သွားလိမ့်မယ် … နောက်ပြီး မေမေတို့က သူတို့အသားကိုလည်း စားတာလည်း မဟုတ်တော့ အလကားပဲ … စားချင်တဲ့သူအတွက် ထားလိုက်ပါကွယ် … ဒါကြောင့် ရှောင်ခိုင်းနေတာ”

“ဟုတ်သားပဲနော်”

ထိုအချိန်တွင် ဝက်ငယ်လေးက ဝက်ကြီးကို ပြောလိုက်သည်

“အဖေရေ … အဖေ့ကို ဆင်ကြီးကတောင်လေးစား … လမ်းဖယ်ပေးရတယ်နော်” ဟု ပြောလိုက်သည်။

ဝက်ကြီးက

“အဲဒါပဲသား … ဝက်ဆိုတာ” ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။ သားဖြစ်သူက

“အဖေရယ် … ဆင်တွေတောင် ရေထဲဆင်းသေးတာ … သားတို့က ဘာဖြစ်လို့ ရေထဲ မဆင်းတာလဲ”

“အဖေတို့ဝက်တွေမှာ မလုပ်ရဲတာ ဘာမှမရှိဘူးသား … ဆင်းလို့ရတယ်”

“ဒါဆိုရင် သားရေဆင်းစိမ်လိုက်ဦးမယ်”

ဝက်ငယ်က ရေထဲဆင်းသည်။

ကမ်းစပ်တွင် အိပ်နေသော မိကျောင်းက နိုးသွားသည်။ စားရကံကြုံသောကြောင့် ရေထဲကိုဆွဲကာ လူးလှိမ့်ပြီး ခါထုတ်လိုက်သည်။

မိကျောင်းက ရွှံ့မရွံ။ ကမ်းပေါ်က တစ်ကောင်ကို ပြောလိုက်သေးသည်

“လာလေ … ဆင်းရဲရင် ဆင်းကြည့်လိုက်လေ”

တင်ညွန့်

၁၈.၈.၂၀၂၀

 

မူရင်းလင့်  https://m.facebook.com/story.php?story_fbid=3187921091292349&id=100002234690173


Spread the love
  •  
  •  
  •  
  •  
  •  
  •