အိမ်တော်ရာ စေတီကြီးနှင့် အရံစေတီတို့မှ အလင်းတန်းများ ထွက်ပေါ်ပြီး ဘုရားဝင်းအတွင်းရှိ ဝသုန္ဒြေရုပ်တုမှ ရေစက်ရေပေါက်များကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိမ်တော်ရာ စေတီတော်မြတ်ကြီးနှင့် အရံစေတီတို့မှ အလင်းတန်းများ ထွက်ပေါ်ခြင်းနှင့် ဘုရားဝင်းအတွင်းရှိ
ဝသုန္ဒြေနတ်ရုပ်တုမှ ရေစက်ရေပေါက်များကျခြင်း ဖြစ်ပေါ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇x၂၈ လမ်းကြား၊ ၈၈x၈၉ လမ်းကြားရှိ ပုဂံမင်းတည်ထားကိုးကွယ်တော်မူခဲ့သော မဟာလောကရံသီ အိမ်တော်ရာ စေတီတော်မြတ်ကြီးနှင့် အရံစေတီတို့မှ ဒီဇင်ဘာလ ၂၉ရက်နေ့(နတ်တော်လပြည့်နေ့) မွန်းလွဲပိုင်းက အလင်းတန်းများထွက်ပေါ်ခြင်း၊ ဝသုန္ဒြေနတ်ရုပ်တု၏ ဆံပင်အဖျားမှ ရေစက်ရေပေါက်ကျခြင်းများ ထူးခြား တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဂေါပကရုံးက လျှပ်စစ်အကူဝန်ထမ်း ဦးရဲဝင်းအောင် က
ထမင်းစားဖို့ အိမ်ပြန်စဉ်မှာ ဝသုန္ဒြေ နတ်ရုပ်တု အောက်ခြေမှာ ရေအိုင်နေလို့ ကြည့်တဲ့အခါမှာ ရုပ်တုရဲ့ ဆံပင်အဖျားကနေ ရေစက်ရေပေါက်တွေ အောက်ကို ကျနေတာ စတင်တွေ့ရှိလို့ ကျွန်တော့်ဆီ အကြောင်းကြားပါတယ်။ နောက်ပြီး ဂေါပကအဖွဲ့ ဥကကဋ္ဌ ကနေတဆင့် ဆရာတော်ကြီးများထံ ဆက်လက်လျှောက်ထားခဲ့ပါတယ်”ဟု ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးညွန့်မြိုင်က ပြောကြားသည်။

အဆိုပါ ဝသုန္ဓြေရုပ်တုသည် ဘုရားဝင်းအတွင်း ပွင့်တော်မူဘုရားအနီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ထက်မနည်းက တည်ရှိခဲ့ပြီး ပြန်လည်မွမ်းမံထားရှိကာ အမြင့် ၃ပေခန့်ရှိ အင်္ဂတေဖြင့် ထုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

“ရုပ်တုရဲ့ အောက်ခြေမှာ ရေပိုက်ရှိတယ်လို့ အရင်ဘုရားဝန်ထမ်းအချို့က ပြောတာရှိလို့ ရုပ်တု ပတ်ဝန်းကျင်ကို
ရှာကြည့်ပေမယ့် ရေပိုက်သွယ်တန်းထားမှု မတွေ့ရဘူး။တကယ်လို့ ရေပိုက်က ထွက်တယ်ဆိုလဲ ဘေးတွေ ပန်းထွက်ရမှာ။ အောက်ကနေ အပေါ်ကို တက်သွားပြီးမှ ဆံပင်အဖျားကနေ ပြန်ကျဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ပြီးတော့ ရုပ်တုနားမှာရေစင်တစ်ခုရှိတော့ အဲဒီရေစင်က လာတဲ့ ပိုက်တွေထဲကနေများ ကျနိုင်သလားဆိုပြီး ရေပိုက်ခေါင်းတွေ ပိတ်ကြည့်ပေမယ့် ရေစက်က ကျနေတုန်းပဲ။ ရေစက်တွေက တောက်လျောက် ကျနေတာမျိုးမဟုတ်ဘူး။ ရေစက်ရေပေါက် ကျတဲ့ပုံစံက အပေါ်ကနေ အောက်ကို ဆံပင်အဖျားကနေ ရေစက်ချသလိုမျိုး တစ်စက်ချင်း ကျနေတာ။ ကျတဲ့ရေက ဘာအမှုန်အမွှားမှ မပါဘဲ သန့်နေတာ။ ၁၅ မိနစ်လောက် ကျလိုက် ၂ မိနစ်လောက် ရပ်သွားလိုက်။ ပြီးတော့ တစ်ခါ ပြန်ကျလိုက် ဖြစ်နေတာ။ ရုပ်တုအပေါ်ပိုင်းမှာလည်း စိုနေတာမျိုး မရှိဘူး။ ရေထွက်နိုင်လောက်တဲ့ အပေါက်ရှိမလားဆိုပြီး သံချောင်းအသေးနဲ့ ထိုးရှာသေးတယ် မတွေ့ရဘူး” ဟု ဦးညွန့်မြိုင်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ရေစက်ရေပေါက် ကျကြောင်း တွေ့ရှိသည့်အချိန်နှင့် တိုက်ဆိုင်စွာ မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်နှင့် ဘုရားပရဝုဏ် အရှေ့မြောက်ထောင့်ရှိ စလင်းမြို့စားမင်းသမီး တည်ထားခဲ့သော စေတီတော်၏ စိန်ဖူးတော် တို့မှ အလင်းတန်းများ ထွက်ပေါ်နေသည်ကို ဘုရားဝင်းပြင်ပရှိ လူများနှင့် ဘုရားအတွင်းရှိ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများက ဖူးတွေ့ခဲ့ရပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်တွင် တင်ထားကြောင်းလည်း သိရသည်။

ရေစက်ရေပေါက်များ ကျသည်ဆိုသည့် အတိတ်နိမိတ်သည် အေးချမ်းခြင်း၊ ကြည်လင်သန့်ရှင်းခြင်း ဟူသည့် သဘောကို ဆောင်သည့်အတွက် မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံတော်တစ်ခုလုံး အေးချမ်းမည့် အတိတ်နိမိတ်အဖြစ် ယူဆကြောင်းလည်း ပြောကြားသည်။

ယင်းသို့ ထူးခြားမှုများ ဖြစ်ပေါ်ရာသို့ စေတီတော်ဩဝါဒါ
စရိယ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တ ဓမ္မဒီပတျာလင်္ကာရ နှင့် စေတီတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင် ဆရာတော်များ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လင်းအေး၊ အတွင်းရေးမှူး ဦးဝင်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်နိုင်ဦး တို့နှင့် အဖွဲ့ဝင်များလာရောက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များအရ ဘုရားဝင်းအတွင်းသို့ တာဝန်ရှိသူမှအပ မည်သူ့ကိုမျှ ဝင်ခွင့်မပြုကြောင်း သိရသည်။
( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •