အိမ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကားတို့တွင်သာ NLD အောင်လံကို လွှင့်ထူပေးကြစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ထောက်ခံကြောင်း ပြည်သူများ၏ ပြသမှုအဖြစ် ကိုယ်ရှိနေသည့် နေရာ၊ အိမ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကားတို့တွင်သာ NLD အောင်လံကို လွှင့်ထူပေးကြစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံပန်ကြား

ကိုဗစ်ကာလ စည်းကမ်းများနှင့်အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ထောက်ခံကြောင်း ပြည်သူများ၏ ပြသမှုအဖြစ် စက်တင်ဘာ (၈)ရက် နံနက် (၈)နာရီ အချိန်တွင် ကိုယ်ရှိနေသည့် နေရာ၊ အိမ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကားတို့တွင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အောင်လံကို လွှင့်ထူပေးကြစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားထားသည်။

“ထောက်ခံဝန်းရံတဲ့ပြည်သူတွေ ကျွန်မတို့ရဲ့ အောင်နိုင်ရေးလုပ်ငန်းတွေမှာ လိုက်ပါချင်ကြတယ်ဆိုတာ ကြားရ သိရပါတယ်။ ဒီလို သိရ ကြားရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ကျမတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ဒါပေမယ့် ဒီထောက်ခံမှုထက် ပိုပြီးတော့ တန်ဖိုးရှိတာကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ အခုအချိန် ကိုဗစ်ကာလမှာဆိုလို့ရှိရင် ကျန်းမာရေးစည်ကမ်းတွေနဲ့အညီ လူစုလူဝေးမဖြစ်ရအောင် မလိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ကို ထောက်ခံတယ်ဆိုတာ ပြရအောင်လို့၊ အားလုံးကနေ အင်တိုက်အားတိုက် ပါဝင်နေတယ်ဆိုတာ ပြရအောင်လို့ စက်တင်ဘာ (၈)ရက် နံနက် (၈)နာရီ အချိန်မှာ ကိုယ်ရှိနေတဲ့နေရာ၊ အိမ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကားတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အောင်လံကို လွှင့်ထူပေးကြစေလိုပါတယ်။ အဲ့လိုလုပ်တဲ့နည်းနဲ့ ထောက်ခံကြောင်းကို ပြပါ။ဒီလှုပ်ရှားမှုဟာ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် တစ်နိုင်ငံလုံးမှာ လုပ်ကြရင် အင်မတန်မှ အားတက်စရာကောင်းမှာပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားထားသည်။

 

ပြည်သူလူထုက အင်တိုက်အားတိုက်ထွက်ပြီး လုပ်ရမည့်အချိန်ကတော့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဖြစ်ကြောင်း၊ နိုဝင်ဘာလ (၈)ရက်နေ့မှာ ပြည်သူတွေ ကျန်းကျန်းမာမာနဲ့ ရှိနေကြဖို့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အခုအချိန်မှာ ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ မေတ္တာရပ်ခံကြောင်း၊ စက်တင်ဘာ (၈)ရက် နံနက် (၈)နာရီ အချိန်မှာ NLD အောင်လံတွေ လွှင့်ကြပေးကြပါရန်၊ အောင်နိုင်ရေးလုပ်ငန်းတွေမှာ ပြည်သူများအနေနဲ့ လူကိုယ်တိုင် မလိုက်ပါကြပဲ စိတ်နဲ့သာ လိုက်ပေးကြပါရန်နှင့် ကားတွေမှာ NLD စတစ်ကာတွေ ကပ်နိုင်သလောက် ကပ်ပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ မေတ္တာရပ်ခံ ထပ်လောင်းမှာကြားထားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •