အောင်မြင့်မိုရ် COVID-19 ရောဂါကုသရေးဌာနတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို တပ်မတော်ကသွားရောက်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာရှိ COVID-19 ရောဂါကုသရေးဌာနတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို တပ်မတော်ကသွားရောက်လှူဒါန်း
=============
နေပြည်တော်၊ အောက်တိုဘာ – ၈

လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် အောက်ဆီဂျင်သည် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုသည် နေ့စဉ်တိုးပွားလျက်ရှိပြီး ၎င်းရောဂါမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သဖြင့် ရောဂါကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်အသုံးပြုမှုသည် အဓိကအရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်လာကာ နေ့စဉ်နှင့်အမျှ အသုံးပြုမှုများပြားလာခြင်းကြောင့် အောက်ဆီဂျင်လိုအပ်မှုအခက်အခဲရင်ဆိုင်လာခဲ့ရသည်။

ထို့ကြောင့် COVID-19 ရောဂါကုသရေးတွင် ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များရှိလာပါက အောက်ဆီဂျင်အိုးများ လှူဒါန်းနိုင်ရေးအတွက် တပ်မတော်က အောက်ဆီဂျင်ထုတ်လုပ်သည့် စက်များကို ကောင်းအောင်စီစဉ်ထားရန်နှင့် အောက်ဆီဂျင်အိုးများကို တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်လှူဒါန်းပေးနိုင်ရန်လိုအပ်ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို သွားရောက်လှူဒါန်းပေးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာ COVID-19 ရောဂါကုသရေးဌာနမှတာဝန်ရှိသူများက ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ အောက်ဆီဂျင်လိုအပ်လျက်ရှိကြောင်း ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် အင်းစိန်မြို့နယ်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သံမဏိစက်ရုံ(ရွာမ)မှ ထုတ်လုပ်သော အောက်ဆီဂျင်ဖြည့်သွင်းထားသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တပ်မတော်မော်တော်ယာဉ်များဖြင့် ညတွင်းချင်း သွားရောက်ပို့ဆောင်လှူဒါန်ပေးခဲ့ပြီး လူနာများတွင် တပ်ဆင်အသုံးပြုလျက်ရှိသည်။ အဆိုပါ အောင်မြင့်မိုရ်အိမ်ရာရှိ COVID-19 ရောဂါကုသရေးဌာနတွင် ပိုးတွေ့လူနာ ၂၀၈၈ ဦးအား လက်ခံကုသပေးလျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကုသရေးဆေးရုံများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://dsinfo.org/node/545


Spread the love
  •  
  •  
  •  
  •  
  •  
  •