အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ ပန်းခြံနှင့် Community Center ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်း၊ ပန်းခြံနှင့် Community Center ဖွင့်လှစ်

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာတွင် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာငွေတို့ဖြင့် တည်ဆောက်ထားသော အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ အဝင်လမ်း၊ ပန်းခြံနှင့် Community Center အဆောက်အဦတို့ကို အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ လမ်း၊ ပန်းခြံတို့ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သတ်မှတ်နေရာအသီးသီးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး Community Center အဆောက်အဦအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား နံ့သာရည်များပက်ဖျန်းပေးကြသည်။

“အိမ်ရာစီမံကိန်းဟာ ဝန်ထမ်းတွေအတွက် အလွန်တန်ဖိုးရှိပါတယ်၊ ဝန်ထမ်းတွေ အိမ်ရာမလုံလောက်ဘူးဆိုတာသိပါတယ်၊ အိမ်ရာကို ဦးစားပေး ဖော်ဆောင်ဖို့ဆိုတဲ့ အစိုးရရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် အိမ်ရာတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်၊ ခေတ်ရဲ့တောင်းဆိုမှုအရ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမှာ အစိုးရရဲ့တာဝန်ပါ၊ နေထိုင်လို့ကောင်းမယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုအပြင် လုံခြုံစိတ်ချမှုလည်း ရှိရပါမယ်၊ Community Center ၊ ကလေးကစားကွင်း၊ ပန်းခြံတွေနဲ့ဆို နေပျော်ပါတယ်၊ ဝန်ထမ်းတွေကလည်း ကိုယ့်ပတ်ဝန်းကျင်သာယာအောင် စနစ်တကျနေထိုင်တတ်အောင် လုပ်ပေးဖို့လိုသလို လုံခြုံရေးနဲ့ပတ်သက်ရင်လည်း ဂရုတစိုက်နေကြဖို့လိုပါတယ်၊ အစိုးရကလည်း ဝန်ထမ်းတွေ အတွက် ဆက်ပြီးကြိုးစားဆောင်ရွက်သွားမှာပါ”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အဆိုပါအိမ်ရာစခန်းကို မြေဧရိယာ ၃၂ ဧကပေါ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခန်း ၂၄၀ ခန်းပါ ၄ ခန်းတွဲ ၅ ထပ်၊ အဆောက်အဦ ၁၂ လုံး၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အခန်း ၂၆၀ ခန်းပါ ၄ ခန်းတွဲ ၅ ထပ်အဆောက်အဦ ၁၃ လုံးနှင့် အိမ်ရာအတွင်းလိုအပ်သော Infrastructure လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်တည်ဆောက်ထားခြင်းဖြစ်သည်။

ယခုဖွင့်လှစ်သည့် အဝင်လမ်းမှာ ကွန်ကရစ်လမ်းဖြစ်ပြီး ပန်းခြံ တွင် ပန်းအလှပင်များအပြင် အားကစားပစ္စည်းများလည်း တပ်ဆင်ထားပေးထားကြောင်း၊ Community Center အား မန္တလာမြေခန်းမဟု အမည် ပေးထားပြီး ဝန်ထမ်းမိသားစုများ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ အခမ်းအနားများ ပြုလုပ်နိုင်ရန်လည်း ရည်ရွယ်ဆောင်ရွက် ထားပါသည်။

အခမ်းအနားတွင် ဝန်ထမ်းအိမ်ရာ၌ နေထိုင်သူ ပညာရေးဝန်ထမ်းတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ဆက်လက်အကောင်အထည် ဖော်နိုင်သည့် အခြေခံလိုအပ်ချက်အချို့ကိုလည်း တင်ပြခဲ့သည်။
နိုင်ငံ့ဝန်ထမ်များ နေထိုင်ရေးအဆင်ပြေစေရေးအတွက် ၂၀၁၆ ခုနှစ်မှ ယနေ့အချိန်အထိ ၅ နှစ်တာကာလအတွင်း မန္တလေးတိုင်းဒေသကြီး၌ ဝန်ထမ်း အိမ်ရာ အခန်းပေါင်း ၂၁၉၈ ခန်း ထပ်မံဆောက်လုပ်ပေးနိုင်ခဲ့ရာ တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအင်အား၏ ၂၅ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ဝန်ထမ်းအိမ်ခန်းများကို စီစဉ်ဆောင်ရွက်ပေးနိုင်ပြီး အငြိမ်းစားဝန်ထမ်းများနှင့် နေရေးအခက်အခဲရှိသည့် ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာရှိ မြေ ၁၇၈ ဧကပေါ်တွင် အခန်းပေါင်း ၃၀၀၀ ကို ထပ်မံဆောက်လုပ်လျက်ရှိသည်။
MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •