ဦးဇော်ဌေး ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းမှား ဖြန့်သည့် Page များကို ဖော်ထုတ် အရေးယူမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းမှား ဖြန့်ဝေသည့် Page များကို ဖော်ထုတ် အရေးယူမည်

နေပြည်တော်၊ ဇွန် ၂၆

အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းမှား ဖြန့်ဝေခဲ့သည့် Page များကို ဖော်ထုတ်နေပြီး အရေးယူသွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ကတော့ သတိပေးချင်တာက ဒီ ပေ့ခ်ျတွေလည်း ကျွန်တော်တို့ ဖော်ထုတ်နေတယ်။ အဲ့မှာ ပါ၀င်ပတ်သက်တဲ့ သူတွေပေါ့နော်။ ကျွန်တော်တို့ စိစစ်ဖော်ထုတ်လို့ ရရင် အရေးယူပါမယ်။ စိစစ် ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်။ ထိထိရောက်ရောက် အရေးယူမယ်။ ဘယ်သူလဲ ဆိုတာကိုတော့ အရိပ်ဖမ်း အသံဖမ်း ခန့်မှန်းချက်အနေနဲ့ သိပါတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြည်ထောင်စု ၀န်ကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ကို ယင်းရုံး၏ ညွှန်ကြားရေးမှူး အဖြစ် ရာထူးတိုးကြောင်း မြန်မာနိုင်ငံပြန်တမ်း ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ လက်ရှိ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ရာထူးမှဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ဆိုကာ လူမှကွန်ရက် စာမျက်နှာတွင် သတင်းမှား ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စအား စတင် ပျံ့နှံ့ခဲ့သည့် facebook page မှာ Forward Media Group ( FMG) ဟုခေါ်သည့် Page မှ ပျံ့နှံ့ခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

“အဲ့ဒါကို ကျွန်တော်တို့ လေ့လာပါတယ်။ လေ့လာတယ် ဆိုတာက ဒီ ဆိုရှယ်မီဒီယာ ပေ့ခ်ျတစ်ခုမှာ ဒီ Page က ဘယ်သူတွေ run နေလဲ။ ကျွန်တော်တို့ တိတိကျကျ မသိရင်တောင် ဒီ Page ကို Like , share လုပ်တာမျိုး၊ ဂရုတွေထဲ ၀င်ဖြန့်တာမျိုး၊ ဒါမျိုးတွေကို ကျွန်တော်တို့ လေ့လာပါတယ်။ လေ့လာပြီးရင် ဒီ Page နဲ့ related page ဘာတွေရှိလဲ ကျွန်တော်တို့ လေ့လာပါတယ်။ ပြောရရင်တော့ အကြောင်း အရာ ဇစ်မြစ်ရော အားလုံးကို မှားယွင်းအောင် ဖော်ပြထားတာ ဖြစ်တယ်။ အထူးသဖြင့် ကတော့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ဖြစ်အောင် လုပ်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထို့သို့ ဆောင်ရွက်ခဲ့ခြင်းသည် ပြည်သူလူထုနှင့် အစိုးရကြား၊ အစိုးရနှင့် ပါတီကြား၊ နိုင်ငံ့၀န်ထမ်းနှင့် ပါတီများအကြား လူထု အထင်အမြင် လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ သတင်းမှား ဖြန့်သည့် ပုံစံဟု သုံးသပ်ကြောင်း ဦးဇော်ဌေးကဆက်လက် ပြောဆိုသည်။

“ပြောရရင်တော့ သက်ဆိုင်ရာ ပေါ့နော်။ အုပ်စုတစ်စုကနေ ငွေတွေ ပုံပေးပြီးတော့ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ချက်ရှိရှိ ဂရုတွေ ဖွဲ့တယ်။ Page တွေလုပ်တယ်။ မီဒီယာတွေ ထောင်တယ်။ အဲ့ဒီလူတွေပါ ၀င်ပတ်သက်နေတယ် ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ သတိပေးပါတယ်။ ဒီထက်ပိုပြီး ဆိုးလာရင်တော့ အရေးယူမှာ ဖြစ်တယ်။တိတိကျကျ ဖော်ထုတ်ပြီး အရေးယူမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးအရ တရားမျှတသော ယှဉ်ပြိုင်ခြင်း လုပ်ဆောင်ရန်၊ အစိုးရတွင် အားနည်းချက်များ ရှိပါက ထောက်ပြရန်၊ ထိုသို့ မှားယွင်းသည့် သတင်းများ အပေါ် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်း အပေါ် ဖော်ထုတ်လျက် ရှိပြီး အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •