ဦးရာဇတ်၏ လေးစားဖွယ်စိတ်ဓာတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဦးရာဇတ်၏ လေးစားဖွယ်စိတ်ဓာတ်
———————————————
ဆရာကြီး ဦးရာဇတ်အကြောင်းကို လေ့လာတဲ့အခါ အခွင့်အရေးကို မမျှော်လင့်ဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာက တာဝန်ယူတတ်တဲ့ ဆရာကြီးရဲ့ စိတ်ဓာတ်ကို တွေ့နိုင်သလို ကိုယ်ကျိုးစွန့်လွှတ်နိုင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုပဲ ကျောင်းသားလူငယ်တွေကို ပညာရေးနဲ့ နိုင်ငံရေးအသိ တပြိုင်တည်း ရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
ဆရာကြီး ဦးရာဇတ်က သူ့ရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားတွေအားလုံး အင်္ဂလိပ်စကားကိုသာ ပြောဆိုစေပြီး အင်္ဂလိပ်လိုမပြောရင် ကြိမ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကိုလိုနီအစိုးရကို တော်လှန်ဖို့ သူတို့ဘာသာစကား ကျွမ်းကျင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ သူ့ကျောင်းမှာ ကျောင်းသားတွေအတွက် သော့ကြီးတစ်ချောင်း ထားရှိပြီး အင်္ဂလိပ် မီးနင်းကို ပြန်မဖြေနိုင်တဲ့ ကျောင်းသားဆီ အဲဒီသော့ ရောက်သွားအောင်စီစဉ်ထားပါတယ်။ ဒီအခါ သော့ကြီး ရလိုက်တဲ့ ကျောင်းသားက တခြားကျောင်းသားကို အင်္ဂလိပ်မီးနင်း ပြန်မေးနိုင်ဖို့ ကြိုးစားရပါတယ်။ ဘယ်သူ့ကိုမှ မလွှဲနိုင်လို့ လက်ထဲမှာ သော့ကြီး ရှိနေရင်တော့ ညနေ ၄ နာရီ ကျောင်းဆင်းတဲ့အခါ အဲဒီကျောင်းသားက ဆရာကြီးရုံးခန်းကို သွားအပ်ရပါလိမ့်မယ်။ ဒါဆိုရင် အဲဒီကျောင်းသားကတော့ ဆရာကြီးရဲ့ကြိမ်လုံးနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ဆရာကြီးက သော့ပေးစနစ်လို့ အမည်ပေးထားကြောင်း ညိုမြင့်(ဇေယျဝတီ)ရဲ့ ဝတ္ထုတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နာရီတွေ ရပ်နေရင် သော့ပေးမှ ဆက်ပြီး လည်ပတ်သလို လေ့လာဆည်းပူးမှု မရှိတဲ့လူဟာလည်း ရပ်နေတဲ့နာရီလို အသုံးမကျပါဘူး။ ဒါကြောင့် ဆက်လက်လှုပ်ရှား တိုးတက်နေအောင် သော့ပေးရမယ်၊ သော့ပေးမခံရအောင် ကိုယ့်ကိုကိုယ် အစဉ်ကြိုးစားနေကြပါလို့ ဆရာကြီးက အမြဲ သြဝါဒ ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိနဲ့ပတ်သက်လို့ ရေးသားထားတဲ့ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ရဲ့ ‘မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်’ စာအုပ်မှာတော့ သော့ခလောက်စနစ် (Lock System) လို့ ဖော်ပြထားပြီး အင်္ဂလိပ်လို မပြောတဲ့ကျောင်းသားဆီ လက်သီးဆုပ်လောက်ရှိတဲ့ သော့ခလောက်ကြီး ရောက်ရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
ဆရာကြီးက သူ့ကျောင်းမှာ ကျောင်းသားတွေကို သမဂ္ဂဖွဲ့စည်းစေပြီး ကိုနု၊ ကိုအောင်ဆန်း စတဲ့ တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီလိုပဲ ကျောင်းသားတွေကို နဂါးနီတိုက်က ထုတ်တဲ့ စာအုပ်တွေ ဖတ်ခိုင်းပြီး နဂါးနီစာအုပ်အသင်း ဝင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
၁၉၃၈ ခုနှစ် မြန်မာတနိုင်ငံလုံး ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့အခါ မန္တလေးမြို့က မျက်နှာဖြူ ပညာဝန်နဲ့ အရေးပိုင်တို့က ဆရာကြီးအုပ်ချုပ်တဲ့ အမျိုးသားကျောင်းကို ရောက်လာပြီး အဲဒီကျောင်းသားတွေ သပိတ်မှောက် မမှောက် မေးကြပါတယ်။ ဒီအခါ ဆရာကြီးက “ကျုပ်ကျောင်းကို ကျောင်းသားတွေက ဘယ်တော့မှ သပိတ်မမှောက်” လို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအရေးပိုင်တို့ ပြန်သွားပြီး နာရီဝက်လောက် ကြာတဲ့အခါ ဆရာကြီးရဲ့ ကျောင်း ခေါင်းလောင်းတီးပြီး သပိတ်မှောက်လိုက်ပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ပညာဝန်နဲ့ အရေးပိုင်က ဆရာကြီးကို ထပ်တွေ့ပြီး သူတို့ကို ညာတယ်လို့ ပြောသတဲ့။ ဒီတော့ ဆရာကြီးက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကို ခေါ်ပြီး ကျောင်းသားတွေရဲ့ သဘောထားကို ပြောစေပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌက “ကျနော်တို့ ဆရာကြီး ကျောင်းကို သပိတ်မမှောက်ပါဘူး။ ပညာရေးစနစ်ကိုသာ သပိတ်မှောက်တာပါ”လို့ ဖြေတော့မှ မျက်နှာဖြူအရာရှိတွေ သဘောပေါက်ပြီး ပြန်ထွက်သွားပါတယ်။ ဆရာကြီးက ကျောင်းသားတွေရဲ့ လုပ်ပိုင်ခွင့်ကို အဲဒီလို ပေးခဲ့တာပါ။
ဆရာကြီးဦးရာဇတ်ဟာ အရာရှိတွေ၊ ဂုဏ်ရည်တူ လူကြီးတွေနဲ့ဆက်ဆံတဲ့အခါ မျက်နှာထား ခပ်တည်တည်နဲ့ ဆက်ဆံလေ့ရှိပေမယ့် ကျောင်းသားတွေနဲ့ဆက်ဆံတဲ့အခါမှာတော့ အပြုံးနဲ့ဆက်ဆံတယ်လို့ သိရပါတယ်။ ဆရာကြီးရဲ့ စိတ်စေတနာ ဖြူစင်ကောင်းမွန်တဲ့အတွက် တပည့်များက ချစ်ခင်ကြပြီး ဆရာကြီး ကျဆုံးရတဲ့အခါ အားလုံး ယူကျုံးမရ ဖြစ်ကြရပါတယ်။ ဂျပန်ခေတ် ဆရာကြီးကို ဖမ်းပြီးထောင်ချတော့ ဆရာကြီးကို ရွှေဘိုထောင်ကနေ မန္တလေးထောင်ကို အပြောင်းမှာ တပည့်တွေက သူတို့အသက်ကို စွန့်ပြီး ကယ်ဖို့ကြိုးစားခဲ့တဲ့ အထိပါပဲ။ ဒါပေမယ့် အဲဒီအစီအစဉ်ကို ဆရာကြီးက လက်မခံခဲ့ပါဘူး။
ဆရာကြီး ဦးရာဇတ်ရဲ့ လုပ်ဆောင်မှုတွေထဲမှာ စာပေရေးသားခြင်းလည်း ပါဝင်ပါတယ်။ ဆရာကြီးက ပါဠိ၊ မြန်မာ နဲ့ အင်္ဂလိပ် ကျွမ်းကျင်သူဖြစ်ပြီး မြန်မာ အင်္ဂလိပ် ၂ ဘာသာနဲ့ စာပေရေးသားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီးက အမည်မခံဘဲ ရေးသားခဲ့တဲ့အတွက် ဆရာကြီးစာရေးတယ်ဆိုတာ လူသိနည်းခြင်းဖြစ်ပါတယ်။ ထင်ရှားတဲ့စာအုပ်ကတော့ ‘ရွှေနန်းတွင်း အရေးတော်ပုံ’ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဆရာကြီး သက်ရှိထင်ရှားရှိစဉ် ၁၉၃၆ ခုနှစ်မှာ ‘ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ် လက်ထက်တော်တွင်း အဖြစ်အပျက်စာတမ်း’ ဆိုတဲ့အမည်နဲ့ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး အဲဒီတုန်းက စာရေးသူ အမည်ကို မဖော်ပြခဲ့ပါဘူး။ ဒုတိယအကြိမ် ထုတ်ဝေတဲ့ ၁၉၅၉ ခုနှစ်ကျမှ သူရိယဦးသန်းမောင်က အမှာစာရေးပြီး ဆရာကြီးအမည်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးရဲ့ မင်္ဂလာရတု အရေးအဖွဲ့ဟာလည်း ရှေးခေတ်စာဆိုတို့ရဲ့ အရေးအဖွဲ့နဲ့မခြား ကောင်းမွန်လှတယ်လို့ ဆိုပါတယ်။ ဆရာကြီးကတော့ တိုင်းပြည်အတွက် လိုအပ်တယ်လို့ ယူဆမိတာတွေကို တာဝန်အရ ရေးသားခဲ့ပုံရပါတယ်။ ဒါကြောင့် စာပေအများအပြားကို အမည်မခံဘဲ ရေးသားခဲ့တာဖြစ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက်မှာ လုပ်ကြံမှုဖြစ်ပြီးတာနဲ့ ရောက်သွားသူတွေကို ဆရာကြီးဦးရာဇတ် ပြောခဲ့တဲ့ နောက်ဆုံးစကားဟာ ဆရာကြီးရဲ့ စိတ်ဓာတ်ကို ပိုပြီးလေးစားစေပါတယ်။ အဲဒီတုန်းက ဆရာကြီးကို သွေးအိုင်ထဲက ပွေ့ပိုက်ပြီး ထူမ ပေးတဲ့အခါ ဆရာကြီးက “ကျနော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကို ဂရုစိုက်ကြပါ” လို့ ပြောကြားခဲ့တဲ့အကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဆရာကြီးရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။
ဆရာကြီးနဲ့ သက်တော်စောင့် ကိုထွေးရဲ့ ဈာပနအခမ်းအနားကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန် တာမွေသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရရဲ့ သင်္ချိုင်းစီမံကိန်းတွေမှာ ဖျက်သိမ်းပစ်ခဲ့တဲ့အတွက် ဆရာကြီးရဲ့ဂူဗိမာန် ဘယ်မှာရှိမယ်ဆိုတာ သူ့ရဲ့ မိသားစုဆွေမျိုးများသာ သိရှိတော့မယ့် အနေအထားဖြစ်သွားပါပြီ။ ဒီလိုဆိုတော့ အာဇာနည် ၉ ဦးရဲ့ ဂူဗိမာန်တွေကို မြောက်ကိုရီးယားနဲ့ မြန်မာစစ်အာဏာပိုင်တွေက ဖျက်ဆီးပစ်တယ်လို့ ပြောရမယ့် အနေအထားပါပဲ။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။
(၈၊ ၇၊ ၂ဝဝ၉)

Spread the love
  •  
  •  
  •  
  •  
  •  
  •