ဦးဝီရသူ အနေဖြင့် အမှုကို ကိုယ်တိုင်လာရောက် ဖြေရှင်းမှ ကိစ္စအားလုံး ပြီးပြတ်မည်ဟု သာသနာရေး ဒုဝန်ကြီး ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဦးဝီရသူ အနေဖြင့် အမှုကို ကိုယ်တိုင်လာရောက် ဖြေရှင်းမှ ကိစ္စအားလုံး ပြီးပြတ်မည်ဟု သာသနာရေး ဒုဝန်ကြီး ပြော။

နေပြည်တော် ဇွန်လ ၁၁

ဦးဝီရသူ အနေဖြင့် အမှုကို ကိုယ်တိုင်လာရောက် ဖြေရှင်းမှ ကိစ္စအားလုံး ပြီးပြတ်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားလိုက်သည်။

“ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်တာကတော့ ပြောရင်တော့ သူ့ရဲ့ သက်ဆိုင်ရာ ဖြစ်ပေါ်တဲ့ ကိစ္စပေါ် မူတည်ပြီး တရားစွဲဆိုထားတဲ့ အနေအထားတွေ ရှိတာပေါ့။ ရှိတဲ့ အနေအထားမှာ အခုချိန်မှာလည်း သူသည် ဒီဟာကို ရင်မဆိုင်ဘဲ ထွက်ပြေး တိမ်းရှောင်နေတဲ့ အနေအထား ရှိတယ်။ ဒီအပေါ်မှာတော့ ထွက်ပြေး တိမ်းရှောင်တာက သူ့ရဲ့ အပိုင်းပေါ့။ အဲ့တော့ ကျွန်တော်တို့က သူ့ကို လာပြီးတော့ အဖမ်းခံပါတို့ ဆိုတဲ့ ဘယ်လိုပဲ ပြောပြော သူကိုယ်တိုင် လာဖြေရှင်းမှ ဒီကိစ္စပြီးမှာ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီးက ပြောကြားခဲ့သည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝီရသူကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ တစ်ခုတွင် ပြောဆိုချက်များနှင့် ပတ်သက်၍ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ရန်ကုန် အနောက်ပိုင်း ခရိုင် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ အတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •