ဧရာဝတီလင်းပိုင်(အမ) သားပေါက်တစ်ကောင်သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဧရာဝတီလင်းပိုင်(အမ) သားပေါက်တစ်ကောင်သေဆုံး

 

၂၇-၆-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာ မြို့နယ်၊ စိန်ပန်းကုံးကျေးရွာနေ ဦးထွန်းနွယ်စိုး (ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ဝင်) ၏ လင်းပိုင်တစ်ကောင် သေဆုံးကြောင်း သတင်းပေး ပို့မှုအရ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်း ရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစု မှ ဒုတိယဦးစီးမှူး ဦးဇော်မန်းနှင့် အဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ ရဲအုပ်ကျော်ဇာလင်းနှင့် အဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဦးကျော်လှသိန်း၊ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်းစစ်ဆေး မှတ်တမ်းရယူခဲ့ခြင်းဖြစ်ပါသည်။

လင်းပိုင်သေ၏ အချက်အလက်များ

လိင်(အထီး/အမ) – အမ
ခန္ဓာကိုယ်အလျား – ၃ ပေ၊ ၇ လက်မ
ခန္ဓာကိုယ်လုံးပတ် – ၂ ပေ
အမြီးရွက်(၂)ခုအစွန်းအကြား – ၁၀ လက်မ
ရှေ့ရေယက်အလျား – ၇.၅ လက်မ

သေဆုံးရသည့်အကြောင်းအရင်းနှင့် သက်တမ်းခန့်မှန်းခြင်း

စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသော လင်းပိုင်သားပေါက်မှာ မိခင်ဝမ်းဗိုက်အတွင်း ကွေး၍ နေခဲ့ရသည့် အတွက် ကိုယ်ပေါ်တွင် အဆင်းရာများရှိနေခြင်း၊ ခန္ဓာကိုယ် အရောင် မညီခြင်း တို့ကြောင့် အသက် ၁ လသားခန့်သာရှိသေးသည့် လင်းပိုင်သားပေါက်လေးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဒေသခံများ၏ တွေ့ရှိမှုအရ ဇွန်လ ၂၆ ရက်နေ့ ‌ညနေပိုင်းတွင် ရှော့လှေ ၄ စီး အထက်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်နေကြောင်း၊ ယနေ့တွင်လည်း ဥဒိန်ကျေးရွာ အနီး ရှော့လှေ ၄ စီး ထပ်မံတွေ့ရှိခဲ့ပြီး ဒေသခံကင်းလှည့်အဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရှိခဲ့ရပါသည်။ လင်းပိုင်သေတွင် အပေါ်ယံဒဏ်ရာ အနည်းငယ်ရှိသော်လည်း ပိုက်ညိသော ပုံစံမရှိခြင်း၊ ၁ လသားခန့် သာရှိသေးသောကြောင့် ဘက္ထရီရှော့နှင့် ထိတွေ့စဉ် ရှောင်တိမ်းနိုင်မှုမရှိခြင်း၊ ခံနိုင်ရည်အားနည်းခြင်းတို့ကြောင့် သေဆုံးခဲ့သည်ဟု သုံးသပ်ပါသည်။

ဆောင်ရွက်ထားရှိမှု

အများပြည်သူများ လေ့လာနိုင်ရန် ဧရာဝတီလင်းပိုင် ၀၀၁ မော်တော်ပေါ်ရှိ ပညာပေးပြခန်းတွင် မှန်ကန်အတွင်း ဆေးစိမ်၍ ပညာပေးပြသနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။

 

Source- WCS Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •