နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ် (ပထမအခေါက်) ထွက်ခွာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ် (ပထမအခေါက်) ထွက်ခွာ

ရန်ကုန်  စက်တင်ဘာ  ၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ပထမအခေါက်ခရီးစဉ်ကို သူရိယ စန္ဒာဝင်းကုမ္ပဏီပိုင် MV. CHARITES ရေယာဉ်ဖြင့် ယနေ့ မွန်းလွဲ (၃) နာရီခွဲတွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ စတင်ထွက်ခွာသွားခဲ့သည်။

ယင်းခရီးစဉ်တွင် ရေယာဉ်ဝန်ထမ်း (၁၃) ဦးအပါအဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ဝန်ထမ်းမိသားစု (၃) ဦး၊ မီးလင်းရေးစီမံချက်အတွက် ကုမ္ပဏီ ဝန်ထမ်း (၄၃) ဦးနှင့် ခရီးသည် (၂၀) ဦး၊ စုစုပေါင်း (၆၆) ဦးတို့ လိုက်ပါသွားကြသည်။ ခရီးစဉ်တွင် လိုက်ပါမည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ (၂) ရက် ကြိုတင်ကာ သတ်မှတ်ထားသော Quarantine Center တွင် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးလင်းရေးစီမံချက်အရ ကိုကိုးကျွန်းမြို့ နယ်သို့ ၂၄ နာရီ မီးလင်းရေး စီမံကိန်းအတွက် YESC က ပို့ဆောင်သည့် စုစုပေါင်း (၈၃၁ ဒသမ ၅) တန်ရှိ ဓာတ်တိုင်များ၊ ဆိုလာများနှင့် ဆက်စပ်ပစ္စည်းများ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လှူဒါန်းသည့် လူနာတင်မော်တော်ယာဉ် (၂) စီး နှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အတွက် မော်တော်ယာဉ် (၄) စီး၊ စုစုပေါင်း    မော်တော်ယာဉ် (၆) စီးတို့အား သယ်ဆောင်သွားခဲ့ သည်။

အဆိုပါ ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


Spread the love
  •  
  •  
  •  
  •  
  •  
  •