၁၀ တန်း အောင်စာရင်း သြဂုတ်လကုန်လောက်မှ ထွက်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တက္ကသိုလ်၀င်တန်း စာမေးပွဲ အောင်စာရင်း သြဂုတ်လ နောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မည်

နေပြည်တော်၊ ဇွန်လ ၁၂

တက္ကသိုလ်၀င်တန်း စာမေးပွဲအောင်စာရင်းကို သြဂုတ်လ နောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ ပြန်ကြားရေး၀န်ကြီးဌာန ရုံးတွင်ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု အချိန်ကာလကတော့ အားလုံး သိတဲ့အတိုင်း ရွေ့သွားတယ်။ ရွေ့သွားတော့အောင်စာရင်း ထွက်တဲ့ အချိန်လည်း ရွေ့သွားတာပေါ့။ ၀န်ကြီး ပြောသလိုပဲ သြဂုတ်လ နောက်ပိုင်းမှာပဲ မှန်းထားတယ်” ဟု ဒု ၀န်ကြီး ဦး၀င်းမော်ထွန်းက ပြောသည်။

အောင်စာရင်း ကြေညာသည့် အချိန်တွင် လူစုလူဝေး မဖြစ်စေရေးနှင့် ပတ်သက်၍လည်း ကိုဗစ်-၁၉ အပေါ် မူတည်နေပြီး ယခင် ပုံစံအတိုင်း ကြော်ငြာသင်ပုန်းဖြင့် ထုတ်ပြန် မရသေးသည့်အခြေအနေ ဖြစ်ပါက ၀က်ဘ်ဆိုက်မှသာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲ့အချိန်မှာ ပြည်သူလူထု အတွက် Board နဲ့ကြေညာတဲ့ အခြေအနေ ပေးရင်လည်း Board နဲ့ပေါ့။ အခြေအနေ မပေးရင်လည်း ၀က်ဘ်ဆိုက်နဲ့ပေါ့။ ဒီလိုမှ အခြေအနေ မပေးရင် ရေဒီယို၊ ဒီလိုပဲ နည်းလမ်းတွေ ရှိပါတယ်။ ဒါမှမဟုတ် သတင်း စာပေါ့” ဟု ဦး၀င်းမော်ထွန်းက ပြောသည်။

လက်ရှိတွင် တက္ကသိုလ်၀င်တန်း စာမေးပွဲ အဖြေလွှာများကို ဇွန်လ ၅ ရက်မှ ၁၉ ရက်နေ့အထိတက္ကသိုလ် (၁၀) ခုတွင် စစ်ဆေးလျက် ရှိနေပြီး၊ အဖြေလွှာများ စစ်ဆေးပြီးချိန်တွင် အောင်စာရင်း ပြုစုရန် အတွက် ၂ လနီးပါး ကြာမည် ဖြစ်၍ သြဂုတ်လ အတွင်းမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

“ဘယ်နေ့ ထုတ်မလဲ ဆိုတာတော့ မစီမံရသေးပါဘူး။ အဲ့တော့ သတင်းဌာနတွေကို အောင်စာရင်း မထုတ်ပြန်မီမှာ ဘယ်နေ့ အောင်စာရင်း ထုတ်မယ်ဆိုတာ အသိပေးပါမယ်။ အသိပေးပြီးတော့ အောင်စာရင်း ထုတ်ပြန်ပေးပါမယ်။ လူစုလူဝေး မဖြစ်အောင် ကိုဗစ်ပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ကိုဗစ်ရဲ့ social distancing ရှိနေမယ် ဆိုရင်တော့ ကျွန်တော်တို့ ၀က်ဘ်ဆိုဒ် တစ်မျိုးတည်းကပဲ ထုတ်ပြန်ပါမယ်။ တကယ်လို့ Social Distancing အရ အားလုံး ဒီကာလကြီး ပြီးသွားရင် ပုံမှန်အတိုင်း ကြေညာပါမယ်” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ဖြေကြားခဲ့သည်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုသူ (၉) သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •