၁၉၃၁-၃၂ ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မြင်ကွင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၁၉၃၁-၃၂ ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မြင်ကွင်း

 

၁၉၃၂-ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဓာတုဗေဒပါမောက္ခ Dr. David Henry Peacock

(ဘာသာပြန် သူရိန်အောင်)

 

 

လာမည့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွဲ့စည်းခဲ့တာ နှစ်ပေါင်း ၁၀၀ တိတိပြည့်ပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးမှာ တက်ရောက်ခွင့်မရခဲ့တဲ့ ကျွန်တော့်အဖို့တော့ တက်ရောက်ခွင့်ရခဲ့တဲ့ ရှေ့ကမျိုးဆက်တွေကိုရော၊ ကိုယ့်နောက်က မျိုးဆက်တွေကိုရော အားကျရပါတယ်။

တက္ကသိုလ်နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အမှတ်တရဆိုလို့ Yangon Heritage Trust မှာလုပ်ခဲ့စဉ်က သစ်ပုပ်ပင်ကြီးအတွက် အပြာရောင်ကမ္ဗည်းပြားထားရှိနိုင်ဖို့ တာဝန်ယူဆောင်ရွက်ခဲ့ရတာတစ်ခုပဲ မှတ်မှတ်ရရရှိတာမို့ ဒီအချိန်မှာ စာအုပ်စာတမ်းတွေမှာ ဖော်ပြခဲ့တဲ့ တက္ကသိုလ်ရဲ့ သမိုင်းများကိုသာ ရှာဖွေပြီး တက္ကသိုလ်ရာပြည့် အမှတ်တရအဖြစ် ပြန်လည်ဖော်ပြနိုင်ပါတယ်။ ရှေ့မှာလည်း အင်းလျားဆောင်အတွက် မပေးဖြစ်ခဲ့တဲ့ နာမည်များအကြောင်း၊ တက္ကသိုလ်အပန်းဖြေရိပ်သာ တည်ဆောက်ဖြစ်တဲ့အကြောင်းတို့ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီနေ့မှာတော့ ၁၉၃၂-ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဓာတုဗေဒပါမောက္ခ Dr. David Henry Peacock ရေးသားခဲ့တဲ့ ၁၉၃၁-၃၂ ဝန်းကျင်က တက္ကသိုလ်မြင်ကွင်းကို ဘာသာပြန်ပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။ Prof. Peacock ဆိုတာ အခြားသူတော့ မဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဆရာကြီးဦးဖေမောင်တင်က ဘုရင်ခံကို တိုင်လို့ အလုပ်ပြုတ်သွားခဲ့တဲ့ တစ်ယောက်ပါ။ Prof. Peacock ဟာ ရန်ကုန်တက္ကသိုလ်တည်ထောင်အပြီး သိပ်မကြာခင် ၁၉၂၂-ခုနှစ် မှာ ရန်ကုန်သို့ရောက်ရှိလာပြီး ဓာတုဗေဒဌာနမှာ သင်ကြားပို့ချပါတယ်။ ဒေါသကြီးတတ်ပြီး ကျောင်းသားများက ကြောက်ရွံ့ကြရတဲ့ ဆရာတစ်ဦးပါ။ တစ်နေ့ ဓာတုစမ်းသပ်ခန်းထဲမှာ ပစ္စည်းတစ်ခု ကျကွဲတာနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းအကူ မောင်ဘသန်းကို ထိုးကြိတ်တာကြောင့် မောင်ဘသန်းက ဦးဖေမောင်တင်ဆီသို့ ထွက်စာတင်ပါတယ်။ ဆရာကြီးက ထွက်စာမတင်ဘဲ တိုင်စာရေးဖို့ ပြောနေစဉ်မှာပဲ Prof. Peacock ရောက်လာပြီး ကိုယ်ထိလက်ရောက် ထပ်မံကျူးလွန်ရာက ဆရာကြီးဦးဖေမောင်တင်က ဘုရင်ခံဆီသို့ တိုင်စာပို့ခဲ့ရပါတယ်။ နောက်ပိုင်း Prof. Peacock က ပြန်လည်တောင်းပန်လို့ ကြေအေးခဲ့ပေမည့် Prof. Peacock ကိုတော့ အငြိမ်းစားယူဖို့ ကြိုတင်ပြင်ဆင်ခွင့် (LPR) ပေးပြီး အင်္ဂလန်သို့ ပြန်လွှတ်လိုက်ပါတော့တယ်။

တဆက်တည်းပြောလိုတာက ဒီစာကို မူရင်းစာရေးသူ၏ အာဘော်အတိုင်းသာ ဘာသာပြန်ထားခြင်းဖြစ်ပြီး တက္ကသိုလ်တည်ဆောက်ရန်အတွက် မြေဝယ်ယူခြင်း၊ ရန်ပုံငွေရှာဖွေခြင်းစတဲ့နေရာတွေမှာ မြန်မာတို့ မြင်တဲ့အမြင်နဲ့ ကွာခြားမှု ရှိကောင်းရှိနိုင်မှာဖြစ်ပါတယ်။ ဘာပဲပြောပြော ၁၉၃၀ ပြည့်နှစ်များ အစောပိုင်းကာလက ရန်ကုန်တက္ကသိုလ်အဆောက်အအုံများအကြောင်း ပြည့်ပြည့်စုံစုံပါတဲ့ ဆောင်းပါးမို့ ဗဟုသုတရစေဖို့ငှာ ပြန်လည်တင်ပြလိုက်ပါတယ်။

 

*** ရန်ကုန်တက္ကသိုလ် ***

Prof. David Henry Peacock

၁၉၃၁ ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘွဲ့နှင်းသဘင်အခမ်းအနားကို အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သလို ဆရာအတတ်သင်ကောလိပ်သည်လည်း ၎င်း၏ အဆောက်အအုံသစ်များကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ နိုဝင်ဘာလတွင်မူ တက္ကသိုလ်ကျောင်းတိုက် (University College) နှင့် ယုဒဿန်ကျောင်းတိုက် (Judson College) တို့သည် ၎င်းတို့၏ဆိုင်ရာ သိပ္ပံဆောင်များသို့ ပြောင်းရွှေ့လာခဲ့ကြပြီး ဝိဇ္ဇာဆောင်များကိုမူ ထိုထက်စော၍ အသုံးပြုလာခဲ့ကြသည်မှာ အချိန်ပင် အတန်ကြာခဲ့ပြီဖြစ်သည်။ သို့အတွက် ရန်ကုန်တက္ကသိုလ် တည်ဆောက်ခြင်းအမှုမှာ ပြီးမြောက်လုပြီဟု ဆိုနိုင်ပေသည်။

၁၉၂၀-ခုနှစ်တွင် တက္ကသိုလ်အား စတင်ဖွဲ့စည်းစဉ်က ရှိခဲ့သောအဆောက်အအုံများသည် ခေတ်မီတက္ကသိုလ်တစ်ခု၏ လိုအပ်ချက်များနှင့် များစွာကိုက်ညီခြင်းမရှိဘဲ တက္ကသိုလ်အသစ်၏ ဖွဲ့စည်းပုံကို စဉ်းစားစဉ်ကပင် အဆောက်အအုံသစ်များတည်ဆောက်ရန် ကနဦးစီမံကိန်းများ ရေးဆွဲခဲ့ပေသည်။ ဆာဟားကုတ်ဘတ္တလာသည် ဒုတိယဘုရင်ခံချုပ်အဖြစ် မြန်မာနိုင်ငံတွင် ၁၉၁၅-ခုနှစ် မှ ၁၉၁၇-ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့စဉ်ကပင် ရန်ကုန်မြို့၏မြောက်ဘက် ဝိတိုရိယကန်၏ တောင်ဘက်ကမ်းစပ်ရှိ ဧက ၄၀၀ ခန့်ရှိသော မြေနေရာကို အမျှော်အမြင်ကြီးစွာဖြင့် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၂-ခုနှစ် ဒီဇင်ဘာတွင် ထိုစဉ်က ဒုတိယဘုရင်ခံချုပ်အဖြစ် တာဝန်ယူနေသည့် ဆာရီချင်နယ် ဂရက်ဒေါက်က ဘွဲ့နှင်းသဘင်ခန်းမကြီး တည်ဆောက်ရန် အုတ်မြစ်ချပေးခဲ့သည်။ သို့ရာတွင် အဆောက်အအုံများဆောက်လုပ်ရန် ရန်ပုံငွေမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း တာဝန်ပေးကာ ရန်ပုံငွေရှာစေခြင်း မရှိခဲ့ပေ။ ဆာဟာကုတ်ဘတ္တလာ မြန်မာနိုင်ငံသို့ ဘုရင်ခံအဖြစ် ၁၉၂၃-ခုနှစ်တွင် ပြန်လည်ရောက်ရှိလာသောအခါ အဆိုပါ ရန်ပုံငွေရှာဖွေရေး စောလျင်စွာပင် အာရုံထား ဆောင်ရွက်တော့သည်။ ၁၉၂၅ တွင် အစိုးရသည် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော တက္ကသိုလ်အဆောက်အအုံများ တည်ဆောက်ရေးအဖွဲ့ (Building Trust) ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါ ၁၅ ဦး အနက်မှ ၄ ဦးကို တက္ကသိုလ်က ရွေးချယ်တင်မြှောက်ပေးသည်။ အဖွဲ့သည် ဆေးကောလိပ် (Medical College) မှအပ ကျန်တက္ကသိုလ်ဆိုင်ရာ အဆောက်အအုံများကို ဆောက်လုပ်ရန် တာဝန်ယူရသည်။ အဖွဲ့တွင် Mr. M. J. Sheehy ကို အမှုဆောင်အင်ဂျင်နီယာအဖြစ် အချိန်ပြည့်တာဝန်ပေးထားပြီး ရေရရှိရေး၊ ရေဆိုးစနစ်၊ လေဝင်လေထွက်စနစ် တို့အတွက် Col. Longdin နှင့် Mr. C. C. Codrington တို့အားလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပေးရေးအတွက် Mr. Eades အားလည်းကောင်း အကူအညီတောင်းနိုင်လေသည်။ အဖွဲ့၏ ပထမဆုံး ဥက္ကဌမှာ Sir Robert Giles ဖြစ်ပြီး ၎င်းနောက်တွင် Sir Oscar de Glanville ဥက္ကဌဖြစ်လာပြီးနောက် သူ၏လက်ထက်တွင် လုပ်ငန်းများပြီးစီးခဲ့သည်။ ၁၉၂၈-ခုနှစ်တွင် မြန်မာနိုင်ငံဘုရင်ခံနှင့် တက္ကသိုလ်၏ အဓိပတိဖြစ်လာခဲ့သည့် ဆာချားလ်အင်းနစ်ကိုလည်း လိုအပ်သောရန်ပုံငွေများ ရှာဖွေပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရမည် ဖြစ်သလို တက္ကသိုလ်၏ ဒုတိယအဓိပတိဖြစ်သည့် Sir Benjamin Heald ကိုလည်း ကျေးဇူးတင်ရပေမည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆောက်အအုံများဆောက်လုပ်ရန်နှင့် အခြားသော ဝန်ဆောင်မှုများအတွက် ပေါင် ၇ သိန်း ၈ သောင်းထက်မပိုသော ရန်ပုံငွေတစ်ရပ်ကို မတည်ပေးခဲ့သည်။ တက္ကသိုလ်တည်ဆောက်ရေးအဖွဲ့သည် ရှိပြီးသား ကောလိပ်နှစ်ခုဖြစ်သည့် တက္ကသိုလ်ကျောင်းတိုက်နှင့် ယုဒဿန်ကျောင်းတိုက် တို့အတွက် အဆောက်အအုံများ တည်ဆောက်ပေးရန်သာမကဘဲ တက္ကသိုလ်အတွက် ဘွဲ့နှင်းသဘင်ခန်းမတစ်ခု၊ ဆရာအတတ်သင်ကောလိပ်တစ်ခု၊ ကောလိပ်များ၏ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအတွက် အိမ်ရာများ ကိုပါ တည်ဆောက်ပေးရန် တာဝန်ယူရသည်။ ထို့အပြင် ဒေသခံအာဏာပိုင်များက ပုံမှန်အားဖြင့် ဆောင်ရွက်ပေးလေ့ရှိသည့် အရာများဖြစ်သည့် လမ်းများ၊‌ ရေတွင်းများ၊ ရေပေးဝေရေးစနစ်များ၊ မိလ္လာကန်များ၊ ရေဆိုးစနစ် စသည်တို့ကိုပါ တက္ကသိုလ်အဆောက်အအုံများ တည်ဆောက်ရေးအဖွဲ့က တာဝန်ယူရသည်။ ယုဒဿန်ကျောင်းတိုက် တည်ဆောက်မှုအတွက် ကုန်ကျစရိတ်၏ ထက်ဝက်ကို အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့က ကျခံပေးသည်။

ဘွဲ့နှင်းသဘင်ခန်းမ၊ တက္ကသိုလ်ကျောင်းတိုက်နှင့် ယုဒဿန်ကောလိပ်တို့၏ အဆောက်အအုံများနှင့် ဆရာအတတ်သင်ကောလိပ်တို့ကို သံမဏိဘောင်ပါ အုတ်အဆောက်အအုံများ (steel-framed brick buildings) ဖြစ်ပြီး အဖြူရောင်သရွတ်နှင့် ဖုံးအုပ်ထားသည်။ တက္ကသိုလ်ကျောင်းတိုက်တွင် အဆောက်အအုံ ၆ လုံးပါဝင်ပြီး ၎င်းတို့ကို တောင်နှင့် မြောက်ပြေးသည့် ကော်လံတိုင်များနှင့်တည်ဆောက်ထားသော လျှောက်လမ်းများဖြင့် ချိတ်ဆက်ထားသည်။ တက္ကသိုလ်ကျောင်းတိုက်၏ စာကြည့်တိုက် (တက္ကသိုလ်စာကြည့်တိုက် မဟုတ်ပါ) သည် ပေ ၁၄၀ ရှည်ပြီး ပေ ၃၀ ကျယ်သည်။ ၎င်း၏နောက် ကပ်လျက်တွင် ကောလိပ်ခန်းမဆောင်နှင့် ကျောင်းသူကျောင်းသားများ အတွက် Common Rooms များရှိသည်။ စာကြည့်တိုက်ရှိရာအဆောင်၏ တစ်ဘက်တစ်ချက်တွင် တောင်နှင့် မြောက် ဝိဇ္ဇာဆောင်များရှိသည်။ ၎င်းတို့သည် သုံးထပ်အဆောက်အအုံများဖြစ်ပြီး ပေ ၂၅၀ ခန့်ရှည်ကာ ပေ ၄၀ ကျယ်သည်။ ကောလိပ်၏ အနောက်ဘက်တွင်မူ သိပ္ပံဆောင် ၃ ဆောင်ရှိပြီး ပုံသဏ္ဏာန်နှင့် အမြင့်မှာ ဝိဇ္ဇာဆောင်များကဲ့သို့ပင် ဖြစ်သည်။ သိပ္ပံဆောင်များအားလုံးသည် ပေ ၂၄၀ ခန့်အရှည်ရှိပြီး မြောက်ဘက်နှင့် အလယ်ဆောင်မှာ ပေ ၄၀ ကျယ်ပြီး တောင်ဘက်ဆောင်မှာ ပေ ၃၀ အကျယ်ရှိသည်။ မြောက်ဘက်သိပ္ပံဆောင်တွင် ရူပဗေဒဌာနရှိပြီး အပေါ်ဆုံးထပ်သည် ဘူမိဗေဒဌာနဖြစ်သည်။ အလယ်ဆောင်မှာမူ ဓာတုဗေဒဌာန သီးသန့်ဖြစ်သည်။ တောင်ဘက်စွန်ရှိ သိပ္ပံဆောင်တွင် သစ်တော၊ ရုက္ခဗေဒ၊ သတ္တဗေဒဌာနများနှင့် ကပ်ပါးသန်ကောင်များကို အထူးပြုလေ့လာသည့် Institute of Helminthology တည်ရှိသည်။ စာသင်ဆောင်အားလုံးရှိ အခန်းများကို အဆောက်အအုံများ၏ တောင်ဘက်ရှိ ဝရန်တာများနှင့် ချိတ်ဆက်ပေးထားသည်။ ပြတင်းပေါက်များနှင့် တံခါးများသည် သံမဏိကျည်းပေါင်များနှင့် ပြုလုပ်ထားပြီး ကြမ်းခင်းများ အများစုကို မြန်မာ့ကျွန်းပါကေး ခင်းထားပေးသည်။ သို့ရာတွင် ဝရန်တာနှင့် တချို့သော စမ်းသပ်ခန်းများကိုမူ ဆယ်လီနိုက် (salenite) ခင်းထားသည်။ ရူပဗေဒနှင့် ဓာတုဗေဒ စမ်းသပ်ခန်းများကို တစ်ပတ်လျှင် ကျောင်းသူကျောင်းသား ၄၀၀ ခန့်က အသုံးပြုကြပြီး အများစုမှာ ဥပစာတန်းမှဖြစ်သည်။ ဘွဲ့လွန်လေ့လာသူ ကျောင်းသားအနည်းငယ်သာ ရှိသည်။ ယုဒဿန်ကျောင်းတိုက်၏ အဆောင်များမှာလည်း တက္ကသိုလ်ကျောင်းတိုက်၏ အဆောင်များနှင့် ပုံစံတူညီသော်လည်း အရွယ်အားဖြင့် သေးငယ်သည်။

ကောလိပ်ကျောင်းဆောင်များသည် ကျောင်းသူ/ကျောင်းသားဆောင်များနှင့် အနည်းငယ်သာလှမ်းသည်။ တက္ကသိုလ်ကျောင်းတိုက်တွင် ယောက်ျားလေးဆောင် ၈ ဆောင်ရှိပြီး တစ်ဆောင်တွင် ကျောင်းသား ၁၂၀ ထားရှိနိုင်ကာ အဆောင်မှူး၊ လက်ထောက်အဆောင်မှူးနှင့် ဆရာများက အုပ်ချုပ်သည်။ ၎င်းတို့ထဲက အဆောင် ၅ ခုတွင် ဗဟိုထမင်းစားဆောင်ရှိပြီး အခြားဆောင်များမှာမူ ထမင်းစားဆောင်များ သီးခြားရှိကြသည်။ ယောက်ျားလေးဆောင်များတွင် နေထိုင်ရန် အဆောင်ဘိုးနှင့် ထမင်းဘိုးအပါအဝင် တစ်ဦးလျှင် တစ်လကို နှစ်ပေါင် (၂၇ ရူပီးခန့်) ပေးရသည်။ ယောက်ျားလေးဆောင်များအပြင် မိန်းကလေးဆောင်တစ်ခုလည်း ရှိပြီး ကျောင်းသူ ၁၂၀ ခန့်နေထိုင်နိုင်ကာ ယောက်ျားလေးဆောင်များကို အုပ်ချုပ်သကဲ့သို့ပင် အုပ်ချုပ်သည်။ ယုဒဿန်ကျောင်းတိုက်တွင် ယောက်ျားလေးဆောင် ၂ ဆောင်နှင့် မိန်းကလေးဆောင် ၁ ဆောင်ရှိသည်။ အဆောင်သုံးခုမှလွဲ၍ ကျန်အဆောင်များမှာ အုတ်နီအဆောက်အအုံများဖြစ်ပြီး ၎င်းတို့ကို အစိုးရအတိုင်ပင်ခံ ဗိသုကာ Mr. S. P. Bush က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ ကောလိပ်များ၏ အဆောင်များတွင် စုစုပေါင်း ကျောင်းသား ၁၃၀၀ နှင့် ကျောင်းသူ ၃၀၀ ခန့်နေထိုင်နိုင်သည်။ ကောလိပ်နှစ်ခုလုံးတွင် ကစားကွင်းကျယ်ကြီးများ ပါရှိသည်။

 

တက္ကသိုလ်ဘွဲ့နှင်းသဘင်သည် တက္ကသိုလ်နယ်မြေ၏ မြောက်ဘက်စွန် ရေကန်စပ်အနီးတွင် တည်ရှိပြီး အရှေ့နှင့်အနောက်တွင် တက္ကသိုလ်ကျောင်းတိုက်နှင့် ယုဒဿန်ကျောင်းတိုက်တို့၏ ပင်မဆောင်များ တည်ရှိသည်။ လူဦးရေအားဖြင့် နှစ်ထောင်ခန့် ဝင်ဆံ့ပြီး ရန်ကုန်မြို့၏ အထူးခြားဆုံးအဆောက်အအုံများအနက်မှ တစ်ခုဖြစ်သည်။ သရွတ်ဖြူအုပ်ထားသည့် သံမဏိဖရိမ်ပါ အုတ်အဆောက်အအုံဖြစ်ပြီး ပန်းတောက်သား ပါကေးခင်းထားသလို နံရံများကို ယင်းမာသားနှင့် ကာရံထားသည်။ ကြေးညိုရောင်တံခါးကြီးများ တပ်ဆင်ထားပြီး ကြေးညိုဖြင့် ပြုလုပ်ထားသည် အမိုးကာအောက်တွင် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသော လှေကားထစ်များရှိသည်။ ဘွဲ့နှင်းသဘင်ခန်းမ၊ တက္ကသိုလ်ကျောင်းတိုက်နှင့် ယုဒဿန်ကျောင်းတိုက်၏ ပင်မဆောင်များ၊ တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်ကောလိပ်၏ အဆောင် ၃ ခုကို ဗိသုကာ Mr. T. O. Foster က ဒီဇိုင်းဆွဲခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် မြန်မာ့နိုင်ငံပညာရေးအတွက် များစွာအကျိုးပြုခဲ့သည့် ရာဂျာ ဒေါက်တာ ရက်ဒီးယား၏ လက်ဆောင်ဖြစ်ပြီး ပေါင် ၁၅၀၀၀ (ရူပီး နှစ်သိန်းခန့်) အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။ လေဖြင့်ခြောက်သွေ့နိုင်သည့်သစ်မျိုးဖြင့် စာအုပ်စင်များကို တည်ဆောက်ထားပြီး သိသလောက်ဆိုရလျှင် စာကြည့်တိုက်များတွင် ထိုသို့ ပထမဆုံးအသုံးပြုထားခြင်းဖြစ်သည်။ ကောလိပ်နှစ်ခု၏ စာကြည့်တိုက်များတွင် စာအုပ်များအတော်အတန်ပင် စုံလင်ပြီးဖြစ်သည့်အတွက် တက္ကသိုလ်စာကြည့်တိုက်မှာ အရှေ့တိုင်းဆိုင်ရာ ဘာသာစကား၊ သမိုင်းနှင့် အနုပညာစသည့်တို့ကို လေ့လာနိုင်ရန်အတွက် အဓိကရည်စူးသည်။ ထို့အတွက် တက္ကသိုလ်ကျောင်းတိုက်တွင် ကမ္ဘာ့အရှေ့ဖျားသမိုင်းကို သင်ကြားနိုင်ရန် စီစဉ်ထားပြီး မြန်မာသမိုင်းနှင့် ပတ်သက်၍လည်း များစွာ လေ့လာလုပ်ဆောင်ထားသည်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အအုံနှင့် တက္ကသိုလ်အားကစားရုံတို့ကိုလည်း Mr. T. O. Foster ကပင် ဒီဇိုင်းရေးဆွဲခဲ့ပြီး ဒေါက်တာဦးညို နှင့် မစ္စတာချန်ချောခိုင်တို့က အသီးသီး လှူဒါန်းခဲ့သည်။ အဆောက်အအုံနှစ်ခုလုံးကို သက်ဆိုင်ရာလုပ်ငန်းဆောင်တာများအတွက် ပြည့်စုံစွာစီစဉ်ပေးထားသည်။

ဆရာအတတ်သင်ကောလိပ်ကိုမူ Mr. Armstrong က ဒီဇိုင်းဆွဲပေးခဲ့ပြီး တက္ကသိုလ်နယ်နမိတ်၏ တောင်ဘက်ခြမ်းတွင် တည်ရှိကာ သင်ကြားရေးနှင့် အုပ်ချုပ်ရေးအဆောက်အအုံများအပြင် ကျောင်းသူ/ကျောင်းသားများအတွက် အဆောင်များ၊ ယောက်ျားလေးနှင့် မိန်းကလေးသီးသန့် လေ့ကျင့်ရေးကျောင်း ၂ ကျောင်းနှင့် ၎င်းကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းအိပ်ကျောင်းစား အဆောင်များလည်း ပါဝင်သည်။ မြန်မာ့ပညာရေးတွင် အရေးတကြီးလိုအပ်နေသည့် သူငယ်တန်းပညာရေးအတွက် စနစ်တကျလေ့ကျင့်ပေးထားသော ဆရာ/ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် အဓိက ရည်ရွယ်သည်။ လက်ရှိ ဆရာအခက်အခဲများကို နော်မန်ကျောင်းများက အကောင်းဆုံးဖြေရှင်းပေးနေသော်လည်း ဆရာအတတ်သင်ကျောင်းကဲ့သို့ အရင်းအမြစ်များ စုံလင်စွာမရှိချေ။

တက္ကသိုလ်ကျောင်းတိုက်၏ အင်ဂျင်နီယာ အတတ်သင်ဌာနကို အဓိကကျောင်းတိုက်၏ တောင်ဘက် မိုင်ဝက်ခန့်အကွာရှိ အဆောက်အအုံများတွင် ဖွင့်လှစ်ထားသည်။ ၎င်းတို့ကိုတည်ဆောက်ရန် ဘီအိုစီကုမ္ပဏီက ပေါင် ၁ သိန်းလှူဒါန်းရန်ထားပြီး အဆိုပါအလှူငွေ၏ တစ်ချို့တစ်ဝက်ကို အကုန်အကျများသည့် ပြင်ဆင်စရိတ်များအတွက် ငွေပဒေသာပင်စိုက်ထူထားသည်။

ကောလိပ်များနှင့် တက္ကသိုလ်၏ ဆရာများအတွက် အိမ်ရာများကိုလည်း တက္ကသိုလ်အဆောက်အအုံများ တည်ဆောက်ရေးအဖွဲ့က စီစဉ်တည်ဆောက်ပေးရသလို ကျောင်းသားများအတွက် တက္ကသိုလ်ဆေးရုံ၊ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ ကောလိပ်များနှင့် တက္ကသိုလ် ဝန်ထမ်းရွာနှင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ဝန်ထမ်းဆောင်များကိုပါ တည်ဆောက်ပေးရသည်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •