“၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ”

[အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့ရရှိ]

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာရေးဆရာကြီး ဦးအံ့ မောင် (အံ့မောင်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်- မန်းတက္ကသိုလ်)တို့အား ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

ထိုနည်းတူ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

🔺ဝတ္ထုရှည်ဆု
မိုးကျော်ဇင် ရေးသားသည့် “ငါးဖမ်းသမား” (ကံ့ကော်ဝတ်ရည်စာပေ)

🔺ဝတ်ထုတိုဆု
နတ်မောက်အနီချို ရေးသားသည့် “လမ်းဆုံးတော့ ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ”(လင်းလွန်းခင်စာပေတိုက်)

🔺ကဗျာဆု
ပန်ဒိုရာ ရေးသားသည့် “ခရုပစ်လောင်ချာ”(နှစ်ကာလ များစာပေ)

🔺စာပဒေသာဆု
ဉာဏ်ဝေ(မြစ်သာမြေ) ရေးသားသည့် “နှင်းတောင်တန်းက ပန်းဥယျာဉ်”(ဆိပ်ကမ်းသာစာပေ)

🔺ဘာသာပြန် (သုတ)ဆု
ဘိုးလှိုင် ဘာသာပြန်ဆိုသည့် “ဂျဝါဟာလား နေရူး၏ လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်း”(နှင်းဆီဖြူစာပေ)

🔺ဘာသာပြန်(ရသ)ဆု
စိန်ဝင်းစိန် ဘာသာပြန်ဆိုသည့် “ဝါဆောက ရုပ်သေးဆရာလေး” (လင်းလွန်း ခင်စာပေတိုက်)

🔺သုတပဒေသာ(ဝိဇ္ဇာ) ဆု
ဒေါက်တာဇော်နိုင် ရေးသားသည့် “၂၀ ရာစု မြန်မာကဗျာများ ပြောင်းလဲဖြစ်တည်လာပုံ”(မိုးသောက်ပန်းစာအုပ်တိုက်)

🔺သုတပဒေသာ(အသုံးချသိပ္ပံ)ဆု
ဒေါက်တာလှကြည်(အာဟာရဆရာဝန်ကြီး) ရေးသားသည့် “ကင်ဆာရောဂါနှင့် မြန်မာ့ အစားအစာ” (ရှင်မတောင် စာပေ)

🔺နိုင်ငံရေးစာပေဆု
ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် “မြန်မာ့နိုင်ငံခြား ဆက်ဆံရေးများ” (Quality Publishing House)

🔺ရသစာတမ်း(အက်ဆေး)ဆု
မောင်ခိုင်လတ် ရေးသားသည့် “ဘုရားသခင်နဲ့ ကြွေအန် ကစားသူများ အက်ဆေးစုစည်းမှု”(ဝန်ချတောင်စာပေ)

အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်း ထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသောအဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅ x ၈)လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့် ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော် ထားကြောင်း သိရသည်။

အဆိုပါ ဆုများကို ၁၃၈၂ ခုနှစ် နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့) ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

MOI
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •