၂၀၂၀ ပြည့်နှစ်အတွင်း ပုဂံမြို့ရှိ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ် ကောင်ရေ ၁၈၃၀ ပေါက်ဖွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ်အတွင်း ပုဂံမြို့ရှိ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ် ကောင်ရေ ၁၈၃၀ ပေါက်ဖွား

မန္တလးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိရာ ၂၀၂၀ ပြည့်နှစ်တွင် ကြယ်လိပ်သားပေါက် စုစုပေါင်း ကောင်ရေ ၁၈၃၀ ပေါက်ဖွားခဲ့ကြောင်း သိရသည်။

ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်းမှာသာရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသော အခြေအနေတွင်ရှိခြင်းတို့ကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ပွားလာစေရန်၊ တိုးပွားလာသော သားပေါက်များကို ၄င်းတို့၏ နေရင်းဒေသများသို့ စေလွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ပညာရှင်များ သုတေသနပြုလုပ်နိုင်ရန်နှင့် အများပြည်သူ အနီးကပ်ကြည့်ရှုလေ့လာနိုင်ရန်တို့အတွက် ဒေသမျိုးစိတ် ရှားပါးကြယ်လိပ်များအား လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မွေးခြံလှောင်စနစ်ဖြင့် မွေးမြူထားကြောင်း သိရသည်။

ကမ္ဘာ့ရှားပါးကြယ်လိပ်(မြန်မာတစ်နိုင်ငံထဲမှာ)သာရှိသည့် မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူပေါက်ဖွားလာစေရန်ဆိုသည့် ရည်ရွယ်ချက်ကိုအကောင်အထည် ဖော်သည့်အနေဖြင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ ကောင်၊ အမ အကောင် ၄၀ စုစုပေါင်း ၈၂ ကောင်ကို ၂၀၀၁ ခုနှစ်တွင် စတင်မွေးမြူခဲ့သည်။

စတင်မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ် ထောင်နှင့်ချီ ပေါက်ဖွားလျှက်ရှိကြသည်။ ယခင်နှစ်များက ပေါက်ဖွားနှုန်းကို အခြေခံ၍ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ကောင်ရေ ၁၅၀၀ ဝန်းကျင်ပေါက်ဖွားမည်ဟု လျာထားခဲ့ရာ ကြယ်လိပ်သားပေါက်ပြီးချိန်တွင် ကြယ်လိပ်သားပေါက် စုစုပေါင်း ကောင်ရေ ၁၈၃၀ ပေါက်ဖွားခဲ့ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်၏ ပြောပြချက်အရ သိရသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ ကြယ်လိပ်ခြံတွင် အရွယ်ရောက်အထီး၊ အမများမှာ ကျန်းမာရေး ကောင်းမွန်ကြကာ ဥဥနှုန်းမှာလည်း မြှင့်တက်လျှက်ရှိနေပြီး လာမည့်နှစ်များတွင် အကောင်ပေါက်ဖွားနှုန်း ၅၇ရာခိုင်နှုန်းထက် များလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ကြယ်လိပ်သားပေါက် ပေါက်ဖွားနှုန်း ၄၈ ရာ ခိုင်နှုန်းရှိခဲ့ကာ ယခုနှစ်မှာ ရာခိုင်နှုန်းအားဖြင့် ပိုများလာသည်ဟု ပြောရမည်ဖြစ်ကာ ၆၇ ရာခိုင်နှုန်းထိ စံချိန်တင်ထားနိုင်ခဲ့ပြီး လူများ၏ပြုစုစောင့်ရှောက်မှုကြောင့်သာ ယခုကဲ့သို့ အကောင်ရေ တိုးပေါက်ဖွားခဲ့ခြင်းများလည်းဖြစ်ကြောင်း ပြောပြသည်။

၂၀၂၀ ပြည့်နှစ်အထိ (၂၀)နှစ်တာကာလအတွင်း ပေါက်ဖွားနှုန်းကောင်းပြီး၊ သေဆုံးနှုန်း နည်းသောကြောင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ လက်ရှိတွင် အရွယ်စုံကြယ်လိပ် (၇၅၀၀)ကောင်ရှိနေပြီး၊ နေရင်းဒေသ စေလွှတ်ပေးခဲ့သည့် ကြယ်လိပ်(၁၆၆၀)နှင့်ဆိုပါက (၉၁၆၀)ကောင်၊ ထိတိုးပွားလာခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ ကြယ်လိပ်မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ်အကောင်ရေ အများဆုံးရှိသည့် ခြံတစ်ခြံဖြစ်လာခဲ့ပြီး နှစ်စဉ်ကြယ်လိပ် အကောင်ရေ (၁၀၀၀)ကျော် ပေါက်ဖွားလျှက်ရှိပြီး လျာထားချက်ထက်ပင် ကျော်လွန်ပေါက်ဖွား လျှက်ရှိနေခြင်းကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •