၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းသည် အောင်ချက်အကောင်းဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် အများဆုံးဖြစ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား သြဂုတ်လ ၉ရက်နေ့တွင် အွန်လိုင်းကနေတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးသည် အောင်ချက်အကောင်းဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် အများဆုံးဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး http://www.moe.gov.mm နှင့် https://www.myanmarexam.org တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ထုတ်ပြန်ကြေညာထားသည်။
ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောစာရင်းများအရ တစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ၉၁၀,၂၂၉ ရှိသည့်အနက် ၂၉၁,၇၉၈ ဦး အောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဂုဏ်ထူးရသူ အရေအတွက် ၆၁၃,၇၅ ဦး ရှိသည့်အနက် တစ်ဘာသာ ဂုဏ်ထူးရှင် ၃၇,၁၅၂ ဦး ၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၂,၉၅၇ ဦး ၊ သုံးဘာသာ ဂုဏ်ထူးရှင် ၅,၆၆၂ ဦး ၊ လေးဘာသာ ဂုဏ်ထူးရှင် ၂,၉၇၆ ဦး ၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁,၈၃၁ ဦး နှင့် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၇၉၇ ဦး အသီးသီးရှိသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်ရာခိုင်နှုန်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့သည် အောင်ချက်အကောင်းဆုံး ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၂၇,၅၆၀ ဦး ရှိသည့်အနက် ၄၇,၈၄၉ ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၂၅,၆၀၇ ဦး ရှိသည့်အနက် ၄၄,၁၇၀ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၁၇ ရှိသည်။
တစ်နိုင်ငံလုံးဂုဏ်ထူးရသူပေါင်း ၆၁,၃၇၅ ဦးများမှ ၆ ဘာသာဂုဏ်ထူးရှင် ၇၉၇ ဦးရှိသည့်အနက် မန္တလေးတိုင်းဒေသကြီးသည် ၆ ဘာသာဂုဏ်ထူးရှင် ၃၄၅ ဦးရှိရာ ၆ ဘာသာဂုဏ်ထူး အများဆုံးရှိသည့် တိုင်းဒေသကြီးဖြစ်သည်။
အောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် အင်တာနက်စာမျက်နှာများတွင်သာ ထုတ်ပြန်ပေးထားခြင်းဖြစ်ပြီး ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကိုမူ မြန်မာ့အသံရေဒီယို အပါအဝင် SKY NET Education Channel တို့မှ ထုတ်ပြန်ပေးသွားရန် စီစဉ်ထားပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မေးမြန်းစုံစမ်းနိုင်ရန် Call Center အဖွဲ့ (၇) ဖွဲ့ဖြင့် လက်ခံဖြေကြား ပေးသွားမည်ဖြစ်သည်။
ထို့ပြင် အွန်လိုင်းစနစ်ဖြင့်ထုတ်ပြန်ကြေညာပြီး နောက်တစ်နေ့ သြဂုတ် ၁၀ ရက်နေ့တွင် ယခင်အတိုင်း စာစစ်ဌာနရှိရာ ကျောင်းများ၌ အောင်စာရင်းများကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်ကာလ သတ်မှတ်စည်းကမ်းများနှင့်အညီ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချစ်ကို