၂၀၂၀ ရွေးကောက်ပွဲ တရားမျှတပြီး တိကျမှန်ကန်ကြောင်း ဂျပန်အစိုးရရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ရွေးကောက်ပွဲ တရားမျှတပြီး တိကျမှန်ကန်ကြောင်း ဂျပန်အစိုးရရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်
ပြော

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတပြီး တိကျမှန်ကန်တယ်လို့ ဂျပန်အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဂျပန်သံရုံးက အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲကို အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ရာမှာ အခုလို ပြောခဲ့တာပါ။

ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟေးဆာဆာကာဝါ (Mr SA SA KA WA) က…

“ကျွန်တော် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ တစ်ချို့က မနေ့ကတည်းက အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ ကိုယ်ထည့်တဲ့ မဲတစ်မဲနဲ့ နိုင်ငံတော်ကို ပြောင်းလဲသွားအောင် ပြုလုပ်နိုင်ပါတယ် ဆိုပြီးတော့လည်း ဖြေကြားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ သူတို့ဟာ ကိုယ်ထည့်တဲ့ မဲတစ်ပြားနဲ့ နိုင်ငံတော်ကို ပြောင်းလဲသွားမယ်ဆိုတာ ကို လေ့လာထားတယ်ဆိုတာ ကျနော် တွေ့ရှိရပါတယ်” လို့  မဲဆန္ဒရှင်တွေရဲ့ ပြောပြချက်တွေကို မစ္စတာ ဆာဆာကာဝါက  ပြန်ပြောပြပါတယ်။

ဒါ့အပြင် “အခုတစ်ကြိမ်ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံတကာက ဝေဖန်မှုတွေလည်း အနည်းအကျဉ်း ရှိခဲ့ပါလိမ့်မယ်။ နိုင်ငံတကာအနေနဲ့  မြန်မာနိုင်ငံမှာ အခုတစ်ကြိမ်  ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး တိကျမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အားလုံးက အသိအမှတ်ပြုမယ်လို့ ကျနော်ထင်ပါတယ်” လို့လည်း သူ့ထင်မြင်ချက်ကို ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ က ရန်ကုန်တိုင်းဒေသကြီးအတွင်းက မဲရုံ မဲရုံ ၁၀ ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲ့ဒီမဲရုံတွေမှာ မဲလာပေးတဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

◆ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ သတင်းထုတ်ပြန်ချက်-

မြန်မာနိုင်ငံတွင်အထွေထွေကောက်ပွဲ ကျင်းပပြီးစီးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့် သမိုင်းဝင်အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသားများက ရွေးကောက်တင်မြှောက်ခဲ့သော အစိုးရပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဦးဆုံး ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ် များကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ယခုအထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အကောင်အထည်‌ဖော် ကျင်းပနိုင်ခဲ့သည့်အတွက် ကြိုဆိုပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကူးပြောင်းရေး ဖြစ်စဉ်အတွက် အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှုပြည့်ဝသော ရွေး ကောက်ပွဲ ပေါ်ပေါက်လာစေရေးကို  အထောက်အကူပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. SASAKAWA Yohei ဦးဆောင် သော ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို စေလွှတ်ခဲ့သည့်အပြင် အလွယ်တကူဖျက်ပစ်၍ မရသော မင်ရည်များကို ထောက်ပံ့ကူညီခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပါသည်။

၂။ မြန်မာနိုင်ငံသို့ စေလွှတ်ထားသည့် ဂျပန်အစိုးရရွေးကောက်ပွဲလေ့လာရေး အဖွဲ့ခေါင်းဆောင် Mr. SASAKAWA ထံမှ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသည် (COVID-19) ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ရေးအတွက် စီမံချက်များကို လုပ်ဆောင်ရင်း ပြည်တွင်းပြည်ပရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များက ကြည့်ရှု လေ့လာနေကြတဲ့ အခြေအနေမှာပဲ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းပေးပို့ အစီရင်ခံခဲ့ ပါသည်။

၃။ ယခု ရွေးကောက်ပွဲရလဒ်များကို အခြေခံပြီး မြန်မာနိုင်ငံသားများ၏ သဘောထားဆန္ဒကို ထင်ဟပ်စေမည့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးကို ရှေ့ဆက် ပိုမိုလုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကိုယ်တိုင်က လုပ်ဆောင်လျက်ရှိသည့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆက်လက်ကူညီပံ့ပိုးသွားပြီး အစဉ်အလာကြီးမားသည့် ဂျပန်-မြန်မာ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမည် ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •